ဝါရာဇွပ်စစ်ရှောင်တွေ ပြန်လည်ထူထောင်ရေးအတွက် အကူအညီလိုအပ်နေ

တနိုင်းသွား လီဒိုလမ်းမပေါ် ရှိ ဝါရာဇွပ်စစ်ရှောင်ပြည်သူတွေဟာ နေရပ်ပြန်နေထိုင်ကြပြီဖြစ်ပြီး ကျေးရွာပြန်လည်ထူထောင်ရေးအတွက်ကူညီပေးဖို့ ဒေသခံပြည်သူတွေ တောင်းဆိုနေကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ ဝါရာဇွပ်ကျေးရွာအတွင်း စစ်တပ်ရဲ့ လေယာဉ်ဗုံးကျရောက်ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ဝါရာဇွပ်ကျေးရွာနေ ပြည်သူအားလုံး စစ်ဘေးတိမ်းရှောင်ခဲ့ရပါတယ်။

စစ်ရှောင်ကာလတစ်နှစ်ဝန်းကျင်ခန့်အကြာ တောတွင်းစစ်ရှောင်ရတဲ့အခက်အခဲတွေကြောင့် ယခု ၂၀၂၆ ခုနှစ်၊ ဧပြီလဆန်းပိုင်းမှာ နေရပ်ပြန်လာနေထိုင်ကြပြီလို့ ဝါရာဇွပ်ကျေးရွာနေ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

အခုက တိုက်ပွဲတွေလည်း ငြိမ်သွားပြီ။ ပြီးရင် လယ်ယာလုပ်ငန်းတွေ ကောင်းမွန်စွာပြန်လည် လုပ်ကိုင်စားသောက်ချင်တာကြောင့်ရယ်၊ နောက်ကျနော်တို့ပိုင်ဆိုင်တဲ့ အိမ်ဝန်းမြေနေရာတွေကို စောင့်ရှောက်ကာကွယ်ရမှာဖြစ်တဲ့အတွက် ပြန်လာကြတာပါလို့ပြောပါတယ်။

တိုက်ပွဲဖြစ်ကြောင့် တစ်နှစ်ကျော်ခန့်အကြာ ကျေးရွာပျက်စီးလုနီးပါး ကျေးရွာနေပြည်သူတွေ စစ်ဘေးကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေကိုဘုရားသခင်ထံအပြစ်ဝန်ချတောင်းပန်ပြီး ရပ်ရွာပြည်သူတွေ စစ်ဘေးအန္တရာယ်ကနေ ကင်းဝေးဖို့ အခွန်အားယူတဲ့ဆုတောင်းပွဲပြုလုပ်တစ်ခုကို ဧပြီလ ၇ ရက်နေ့ ပြုလုပ်ခဲ့ကြပါတယ်။

ဝါရာဇွပ်စစ်ရှောင်ပြည်သူတွေဟာ စစ်ရှောင်ကာလတစ်နှစ်ဝန်းကျင်အထိ စစ်ရှောင်အကူအညီတွေမရရှိဘဲ ကိုယ်ထူကိုယ်စနစ်နဲ့ တောနေရာတွေမှာ ခက်ခက်ခဲခဲတိမ်းရှောင်ခဲ့ကြရပြီး စားဝတ်နေရေးအခက်အခဲတွေကြောင့် နေရပ်ပြန်လာကြတာဖြစ်တယ်လို့ သိရပါတယ်။

စစ်ရှောင်တွေ နေရပ်ပြန်လာကြပြီဖြစ်ပေမယ့် ပြီးခဲ့တဲ့နှစ် တိုက်ပွဲဖြစ်ပွားချိန် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်ခံရတဲ့အပြင် မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့က အရပ်သားနေအိမ် ၁၆ ခုထက်မနည်း မီးရှို့ဖျက်ဆီးပေးလိုက်တာဖြစ်ပါတယ်။

လက်ရှိမှာ နေရပ်ပြန်လာကြတဲ့ ဝါရာဇွပ်ဒေသခံတစ်ချို့ဟာ နေအိမ်မဲ့ဖြစ်သွားကြပြီး တစ်ချို့နေအိမ်တွေက လက်နက်ကြီးကြောင့် ထိမှန်ပျက်စီးသွားတယ်လို့ သိရပါတယ်။

ဒါကြောင့် ကျေးရွာအတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်လိုပေမယ့် ငွေကြေးအခက်အခဲများဖြစ်နေတယ်လို့ ဆက်ပြီးဆိုပါတယ်။

ဝါရာဇွပ်စစ်ရှောင်ဆိုပြီး တရားဝင်ဖွဲ့စည်းပေးထားတာတော့မရှိဘူး။ ဒါပေမယ့် တိုက်ပွဲကြောင့် တစ်နှစ်ဝန်းကျင်စစ်ရှောင်ခဲ့ရတယ်။ အခုပြန်လာတဲ့အချိန်မှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဖို့လိုအပ်နေတယ်။ ဒါကြောင့် ထူထောင်ရေးဘက်မှာ ကူညီပေးဖို့တောင်းဆိုချင်တာဖြစ်တယ်လို့ပြောပါတယ်။

ဝါရာဇွပ်ကျေးရွာဟာ တနိုင်းသွားလီဒိုလမ်းမပေါ် နောင်းမီကျေးရွာနဲ့ ရှဒူးဇွပ်၊ ဘန်ကောက်ကျေးရွာကြားမှာတည်ရှိပြီး အိမ်ထောင်စု ၃၀၀ ဝန်းကျင်ခန့်ရှိတဲ့ ကျေးရွာတစ်ခုဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ် ၂၀၂၅ ၊ ဖေဖော်ဝါရီလထဲ တိုက်ပွဲမဖြစ်ခင် ကျေးရွာအတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေ ဝင်ရောက်နေရာယူထားတာတွေရှိနေဆိုပြီး မင်းဇေသန့် ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့တွေက လေကြောင်းခေါ်ပြီး ဗုံးကြဲတိုက်ခိုက်စေခဲ့ပြီး အရပ်သားတစ်ချို့သေဆုံးမှုရှိခဲ့ပါသေးတယ်။

အဲ့ဒီနောက် ၃ ဝန်းကျင်အထိ ဝါရာဇွပ်ကျေးရွာထဲ နှစ်တပ်စစ်ရေးတင်းမာမှုဖြစ်ခဲ့ပြီး ပြည်သူ့စစ်အဖွဲ့က ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့တဲ့အပြင် ဘန်ကောက်ကျေးရွာကနေ ဝါရာဇွပ်ရွာကို ဒရုန်းနဲ့ အကြိမ်ကြိမ်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေ KNG ကိုပြောဆိုခဲ့ပါတယ်။

၂၀၂၅ နှစ်ကုန်းပိုင်းဝန်ကျင်လောက်မှာ စစ်ဘေးရှောင်ပြည်သူတွေကို နေရပ်ပြန်လာနေထိုင်ဖို့နဲ့ ကျေးရွာအတွင်း KIA တပ်တွေ ဝင်ရောက်နေရာယူတာတွေ မလုပ်ဖို့ မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့က ပြောဆိုထားတယ်လို့လည်း သိရပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Leave a Reply

Back to top button