ဝိုင်းမော်မှာ ကုန်ကားအစီးရေ ၅၀ ဝန်းကျင် စစ်တပ်ကဖမ်းဆီးထား
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာနဲ့နောင်ချိန်းရွာနေရာတစ်ချို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တွဲကား၊ ကုန်ကား၊အိမ်စီးကား အစီး ၅၀ ဝန်းကျင်ကို ထပ်မံဖမ်းဆီးခဲ့တယ်လို့ ကားသမားတွေပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၄ ရက်နေ့မှာ အာဏာသိမ်း စစ်ကောင်စီခန့်ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် တွေနဲ့စစ်ကောင်စီတပ်ပူးပေါင်းအဖွဲ့ဟာ ကုန်ပစ္စည်းတွေတင်လာတဲ့ တွဲကား၊ ကုန်ကား၊အိမ်စီးကားတွေကိုဖမ်းဆိီးခဲ့ပြီး ဧပြီလ ၅ ရက်နေ့မှာတော့ ဖမ်းဆီးထားတဲ့ကားတွေအားလုံးကို မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်မှာရှိတဲ့ ရဲတပ်ရင်း ၃၀ ကိုပို့ထားကြတယ်လို့ သိရပါတယ်။
“အဲဒီရဲတပ်ကရင်း ၃၀ ထဲပို့ထားပြီဘယ်လိုပြန်လုပ်မလဲဆိုတာတော့ မသိရသေးဘူး။ပြန်ရွေးခွင့်ရရင်လည်း စျေးတော့များမယ်ထင်တာပဲ တစ်ရက်လေးကိုဖမ်းတာ အစီး ၅၀ ကျော်တယ်”လို့ ရဲအသိုင်းဝိုင်းက အမျိုးသားတစ်ဦးပြောပါတယ်။
ခုလို ကုန်ကားတွေကို မြစ်ကြီးနားမြို့ထဲ ပေးမဝင်ပဲ ဗလမင်းထင်တံတားအနီး မိုင်းနားရွာမှာ အထိုင်ချဖမ်းဆီးနေတာဟာ ဒီကုန်ကားတွေအားလုံး KIO/KIA ထိန်းချုပ်ထားတဲ့ ဝိုင်းမော်မြို့နယ်၊ ကံပိုက်တည်နယ်စပ်ဂိတ်နဲ့လိုင်ဇာ နယ်စပ်ဂိတ်ဘက်ကနေဝင်လာတဲ့ ကုန်ကားတွေဖြစ်သလို စစ်ကောင်စီခန့်ကချင်ပြည်နယ်အစိုးရဆီကနေ ကုန်တင်သွင်းခွင့်လိုင်စင်မရှိတဲ့ကားတွေမို့ ဖမ်းဆီးခြင်းဖြစ်ကြောင်း ဌာဆိုင်ရာဝန်ထမ်းတစ်ဦးကKNG ကို ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာ စစ်တပ်ကထိန်းချုပ်ထားတဲ့ ကံပိုက်တည်ကုန်သွယ်ရေးစခန်းရှိရာ ကံပိုက်တည်မြို့အပါအဝင် ဆဒုံးမြို့နဲ့ မြစ်ကြီးနားလမ်းပိုင်းရှိ ဝါရှောင်ကျေးရွာတွေကို KIA ပူးပေါင်းတပ်တွေတိုက်ခိုက်သိမ်းပိုက်လိုက်တဲ့နောက် မြစ်ကြီးနားမြို့ထဲဝင်မယ့် ကုန်ကားတွေကို ဗလမင်းထင်တံတားမရောက်ခင် မိုင်းနားကျေးရွာအဝင်တွေမှာ အဓိကထားဖမ်းနေတာဖြစ်ပါတယ်။

၂၀၂၆ မတ်လ ၉ ရက်နေ့မှာလည်း စစ်ကောင်စီခန့်ကချင်ပြည်နယ်အစိုးရအဖွဲ့ဟာ ကံပိုက်တည်မြို့ ကုန်တင်ကုန်ချစခန်းအစား ဝိုင်းမော်မြို့ နယ် မိုင်းနားကျေးရွာရှိ ရွှေမိုးတောင်ဘုရားတောင်ခြေမှာ ယာယီစခန်းဖွင့်ထားတယ်လို့ထုတ်ပြန်ထားပြီး မြစ်ကြီးနားမြို့ထဲ တစ်ဖက်နိုင်ငံ မှ ဝင်ရောက်နေတဲ့ ကုန်ပစ္စည်းများနဲ့ပတ်သက်ပြီး တရားဝင်ဖြစ်စေရေး၊ ဒေသတွင်း ကုန်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးအတွက် တရားဝင်သွင်းကုန်လိုင်စင်ဖြင့်တင်သွင်းခွင့်ပြုခြင်း၊ ကျသင့်အခွန်အခများ ပေးဆောင်စေခြင်းတို့ကို ဆောင်ရွက်သွားမယ့်အကြောင်းလည်း ဖော်ပြထားပါတယ်။
ဒါ့အပြင် ဗလမင်းထင်တံတားမှာလည်း အရင်ကထက်အစစ်ဆေးများနေပြီး ဘိလပ်မြေ၊ဓါတ်ဆီနဲ့လျှပ်စစ်ပစ္စည်းတွေဆို ကချင်ပြည်နယ် နယ်လုံဝန်ကြီးရဲ့ခွင့်ပြုမိန့်ရမှသယ်ဆောင်ရမှာဖြစ်သလို ခွင့်ပြုချက်လက်မှတ်မပါပဲတင်ဆောင်လာတဲ့ကားတွေ ဖမ်းဆီးခံရတာ ဟာပုံမှန်ရှိနေတယ်လို့သိရပါတယ်။
“ဗလင်မင်းထင်အရမ်းစစ်တာ တစ်ချို့ကားတွေကျတော့ ကုန်ကားတွေဗလမင်းထင်မှာဖြတ်လို့အဆင်မပြေတော့ အိမ်စီးကားလေးတွေနဲ့ခွဲတင်ကြတာ။အဲလိုမျိုးလည်းဖမ်းတာပဲ မရဘူး”လို့ ကားသမားတစ်ဦးပြောပါတယ်။
ဒါကြောင့် ဧရာဝတီမြစ်သာခြားထားတဲ့ မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့နယ်တွေမှာ အခြေခံစားသောက်ကုန်နဲ့လူသုံးကုန်တွေဟာ စျေးထက်ဝက်ခန့်ကွာနေတယ်လို့သိရပြီး လုပ်ငန်းရှင်တွေအနေနဲ့လည်း နယ်စပ်ဂိတ်ဖြတ်ကျော်ခွင့်အခွန်ကို KIA ဆီဆောင်ရသလို မြစ်ကြီးနားမြို့ထဲကုန်ကားဝင်ဖို့ စစ်ကောင်စီခန့်ကချင်ပြည်နယ်အစိုးရမှာ အခွန်ဆောင်ရတာကြောင့် အဖက်ဖက်ကနေခက်ခဲနေတယ်လို့သိရပြီး အကျိုးဆက်အနေနဲ့တော့ မြစ်ကြီးနားမြို့နယ်ဘက်ရှိတဲ့ပြည်သူတွေဟာ ကုန်စျေးနှုန်းမြင့်တက်မှုဒဏ်ကို ရင်ဆိုင်နေကြရတာလည်းဖြစ်ပါတယ်။
လတ်တလော ဝိုင်းမော်မြို့နယ်ဘက်မှာ နှစ်သောင်းခွဲရှိတဲ့ ဘိလပ်မြေတစ်အိတ်ကို မြစ်ကြီးနားဘက်မှာ ငါးသောင်းခန့်ပေးဝယ်နေရတယ်လို့လည်း ပြည်သူတွေပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာလည်း မိုင်းနားကျေးရွာ ကုန်ကားအစီးရေ ၅၀ ထက်မနည်းဖမ်းဆီးခဲ့ပြီးနောက် ဒဏ်ပေးဆောင်ခိုင်းပြီး ပြန်လွတ်ပေးတာတွေလည်းရှိခဲ့ပါတယ်။
By – Zami




