KIC ဒုတိယ ဥက္ကဋ္ဌ ရှမ်းမြောက်ခရီးစဉ်မှာ တော်လှန်ရေးအဖွဲ့တွေ နဲ့ ဒေသခံတွေ ကို သီးခြားတွေဆုံခဲ့
ရှမ်းပြည်နယ်မြောက်ပိုင်းကို ကချင်လွတ်လပ်ရေးကောင်စီ KIC ဒုဥက္ကဋ္ဌ–၁ ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်နဲ့ အတူ ဗိုလ်ချုပ်ဇော်ရော် တို့ သွားရောက်ခဲ့ခြင်းမှာ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများနဲ့ လိုက်လံတွေ့ဆုံခဲ့ခြင်းဖြစ်တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။
ဧပြီလ ၄ ရက်နေ့နဲ့ ၅ ရက်နေ့မှာ ဒုဗိုလ်ချုပ်ကြီး ဂွန်မော်နဲ့အတူ ပြည်ထဲရေးဝန်ကြီး DGA တာဝန်ခံ ဗိုလ်ချုပ်ဇော်ရော် တို့ ကောင်းခါးမြို့ နဲ့ နမ့်ဖတ်ကာမြို့ကို သွားရောက်ခဲ့ပြီး ဒေသခံတွေနဲ့ အရင်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။
“ဗိုလ်ချုပ်ဂွမ်မော်ပြောသွားတာတွေကတော့ လက်ရှိဖြစ်နေတဲ့အခြေအနေပေါ် ဘယ်လိုစိတ်သဘောထားနဲ့ နေရမယ်ဆိုတာတွေ၊ အတူယှဉ်တွဲ နေထိုင်ရေးနဲ့ သွေးမခွဲရေးပေါ့ အဓိက ခွန်အားပေး ပြောကြားခဲ့တာရှိတယ်။ အဓိကတော့ လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ လာတွေ့ရင်း ဒေသခံပြည်သူတွေနဲ့လည်း တွေ့ခဲ့တဲ့ သဘောလို့ နားလည်တယ်”ဟု နမ့်ဖတ်ကာ ဒေသခံတစ်ဦးက KNG ကို ပြောပါတယ်။
နမ့်ဖတ်ကာမြို့မှာ ပလောင်၊ ရှမ်း ၊ ကချင် စတဲ့ဒေသခံတွေနဲ့ ဘာသာရေးအဖွဲ့ဝင်များ၊ အုပ်ချူပ်ရေးအဖွဲ့များနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
ဒုဗိုလ်ချုပ်ကြီး ဂွန်မော် နဲ့ ဗိုလ်ချုပ်ဇော်ရော် တို့ ဒေသခံတွေနဲ့ တွေ့ဆုံခဲ့မှုပြီးနောက် နမ့်ဖတ်ကာမြို့မှာပဲ ကိုးကန့် MNDAA တပ်ဖွဲ့တို့နဲ့လည်း ဆက်လက်တွေ့ဆုံခဲ့တယ်လို့ ဆက်လက်သိရပါတယ်။
အဲဒီနောက် ဧပြီလ ၆ ရက်နေ့မှာတော့ နမ့်ခမ်းမြို့ကို ဆက်လက်သွားရောက်ခဲ့ပြီး တအာင်း ပလောင် တပ်ဖွဲ့ PSLF/TNLA နဲ့လည်း တွေ့ဆုံမှု ပြုလုပ်ခဲ့တဲ့အပြင် တစ်ဆက်တည်း မန့်ဝိန်းကြီးမှာ SSPP/SSA တို့နဲ့ ဆက်လက်တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

အခုလို KIC ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးဂွန်မော်၏ ရှမ်းမြောက်ခရီးနှင်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တွေ့ဆုံမှု ပြုလုပ်ခဲ့တဲ့အပေါ် ရှမ်းမြောက်နိုင်ငံရေး၊ စစ်ရေးလေ့လာသုံးသပ်သူက “ဒီတစ်ခေါက် KIO ဌာနချူပ်က ထိပ်သီး ခေါင်းဆောင်တစ်ဦး ရှမ်းမြောက်ကို လာရတဲ့အကြောင်းရင်းက လက်ရှိ ရှမ်းမြောက်အနေအထားက တရုတ်နဲ့ စစ်ကောင်စီပေါင်းပြီး ကိုးကန့် MNDAA ကို အသုံးချကာ အခြားတော်လှန်ရေးတပ်ဖွဲ့တွေကို နည်းလမ်းအမျိုးမျိုးနဲ့ ဖိအားတွေ ပေးလာနိုင်တဲ့အနေအထားလည်း ရှိလာတာကြောင့် ဒီကြားထဲမှာ မဟာမိတ်တွေတော်လှန်ရေးတပ်ဖွဲ့တွေ အချင်းချင်း ပဋိပက္ခတွေပိုမဖြစ်ဖို့ စည်ရုံးဖို့ ဘယ်လို ဆက်လုပ်ရမယ်ဆိုတဲ့ အပိုင်းတွေ လာရောက်ဆွေးနွေး တိုင်ပင်တာ ဖြစ်နိုင်တယ်လို့ မြင်တယ်။” လို့ သုံးသပ်ပါတယ်။
အခြေအနေကို ကြည့်လိုက်ရင် တရုတ်အစိုးရကို စစ်တပ်က အကူအညီတောင်းထားပြီး ရှမ်းမြောက်ကို သူတို့စိတ်ကြိုက် ချယ်လှယ်လာနိုင်တဲ့ အခြေအနေရှိနေတာကြောင့် KIO ဘက်ကလည်း လုပ်ဆောင်ရမယ့်လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့အခြေအနေ ဖြစ်တယ်လို့ သူက သုံးသပ်ပြောဆိုထားတာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၂ နှစ်လောက်ကလည်း ဗိုလ်ချူပ်ဇော်ရော်နဲ့အတူ KIO ဗဟိုဌာနချုပ်က ခေါင်းဆောင်တချို့ ရှမ်းမြောက် နမ့်ဖတ်ကာမှာ ဒေသခံတွေနဲ့ လာရောက်တွေ့ဆုံခဲ့ဖူးတာ ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ဒုတိယပတ်မှာ ကွတ်ခိုင်မြို့နယ်ကို တအာင်း(ပလောင်) TNLA တပ်ဖွဲ့ ရဲ့ လက်ထဲကနေ ကိုးကန့် MNDAA တပ်ဖွဲ့က စစ်အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
လက်ရှိမှာတော့ ရှမ်းမြောက်က လားရှိုး – မူဆယ်ပြည်ထောင်စုလမ်းမတစ်ခုလုံးကို ကိုးကန့် MNDAA က ထိန်းချူပ်ထားတဲ့ အနေအထားဖြစ်ပြီး နမ့်ဖတ်ကာမြို့မှာတော့ KIO က ထိန်းချူပ်နေဆဲ ဖြစ်ပါတယ်။
ယခုခရီးစဉ်အတွင်း ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ KIO ၊ TNLA ၊ SSPP နှင့် MNDAA တို့အနေဖြင့် တစ်စုံတစ်ရာသတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
By – ဂျာဘောက်ရာ




