ပူတာအို-ခေါင်လန်ဖူးလမ်းပိုင်း အမြန်ပြုပြင်ပေးဖို့ဒေသခံတွေတောင်းဆို
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးဒေသရှိ ရီဒမ်းမှ ခေါင်လန်ဖူးမြို့ကိုဆက်သွယ်ထားတဲ့ ကျောက်ချောလမ်းဟာ မိုးရွာသွန်းမှုကြောင့် လမ်းပိုင်းပြိုကျပျက်စီးနေတဲ့အတွက် သက်ဆိုင်ရာအာဏာာပိုင်တွေအနေနဲ့ အမြန်ဆုံးပြုပြင်ပေးကြဖို့ ဒေသခံတွေတောင်းဆိုနေပါတယ်။
“ကျန်းမာရေးကိစ္စတွေ အရေးပေါ်ဆိုရင် တကယ်မလွယ်ဘူး အရမ်းခက်ခဲကြတယ်။ ဒီလမ်းကိုပဲသုံးကြတာ ခုကမိုးတွင်းတောင်မရောက်သေးဘူး ထပ်ပြိုထားတော့ ပိုခက်သွားတယ်”လို့ ပူတာအိုမြို့ခံအမျိုးသားတစ်ဦး ပြောပါတယ်။
ပူတာအို – ခေါင်လန်ဖူးလမ်းပိုင်းဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မတ်လမှာတစ်ကြိမ်၊ ဇွန်လမှာတစ်ကြိမ် နှစ်ကြိမ်တိတိကားလမ်မြေပြိုမှုဖြစ်ခဲ့တဲ့တွက် ဒီကနေ့ထိလမ်းပြုပြင်နိုင်ခြင်းမရှိသေးတာကြောင့် ဆိုင်ကယ်နဲ့သာသွားလာနေကြရတာဖြစ်ပါတယ်။
ဒါပေမယ့် အဲဒီလမ်းပိုင်းမှာပဲ ဒီနှစ် မတ်လနဲ့ဧပြီလမှာ မိုးဆက်တိုက်ရွာသွန်းမှုကြော့င့် မနှစ်ကပြိုထားတဲ့ နေရာတွေဖြစ်တဲ့ ပူတာအို–ခေါင်လန်ဖူးကြားမှာရှိတဲ့ ရီဒမ်းဂိတ်အကျော်နေရာတွေနဲ့ ဆန်းလွန်းချက်တောင်ကြားတစ်လျှောက်နေရာတွေမှာလမ်းပိုင်း မြေထပ်ပြိုထားတယ်လို့ ခေါင်လန်ဖူးမြို့ခံတွေပြောပါတယ်။

ဒေသခံတွေပြောတာက ဒီလမ်းပိုင်းဟာ ခေါင်လန်ဖူးဒေသအတွက် တစ်ခုတည်းသော ကုန်စည်စီးဆင်းရာလမ်းကြောင်းဖြစ်တယ်လို့သိရပြီး ခုလိုလမ်းပိုင်းပျက်စီးမှုတွေကြောင့် ဒေသတွင်းကုန်စည်စီးဆင်းမှုနှင့်ကျန်းမာရေးအပြင် အရေးပေါ် သွားလာရေးကိစ္စရပ်များအထိ ထိခိုက်နေတယ်လို့ ပြောကြပါတယ်။
ဒါကြောင့် သက်ဆိုင်ရာ အာဏာပိုင်မှတာဝန်ရှိအဖွဲ့အစည်းတွေအနေနဲ့ အမြန်ပြုပြင်ပေးဖို့ ဒေသခံပြည်သူတွေ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာတောင်းဆိုတာဆက်တိုက်လုပ်နေကြတာလည်းဖြစ်ပါတယ်။
ခုလိုလမ်းပိုင်းပျက်စိီးနေတဲ့အတွက် ဒေသခံတွေဟာ ကျန်းမာရေးအတွက်အရေးပေါ်သွားလာဖို့ မလွယ်ကူတဲ့အပြင် အခြေခံစားသောက်ကုန်သွယ်ယူဖို့လည်း အင်မတန်ခက်ခဲနေတယ်လို့ သိရပါတယ်။
ဒါကြောင့် လမ်းပိုင်းကြန့်ကြာမှု၊အဆင်မပြေမှုတွေကြောင့် လတ်တလော ခေါင်လန်ဖူးဘက်မှာ အခြေခံစားသောက်ကုန်တစ်ချို့ပြတ်လပ်တာ၊လက်ကျန်ရောင်းနေသူတွေဟာ စျေးနှစ်ဆခန့်မြင့်ပြီးရောင်းနေကြတယ်လို့ ခေါင်လန်ဖူးဒေသခံတစ်ဦးခုလိုပြောပါတယ်။
“ဒီမှာက ကုန်စျေးနှန်းက နှစ်ဆလောက်ကိုကြီးတာ လမ်းကအရမ်းခက်တော့ တစ်ပတ်လောက်ကြာတယ် တစ်ခါတစ်လေဆို။အဲတော့ ကုန်သယ်ဖို့ကလည်းမလွယ်ဘူး။ ရှိန်းခေါင်ဘက်ဆိုလည်း လမ်းကပိုဝေး လမ်းမကောင်းတော့ တစ်ချို့ကုန်တွေဆိုဒီမှာဝယ်လို့တောင်မရဘူး”လို့ ပြောပါတယ်။
ခေါင်လန်းဖူးနဲ့အလားတူ နောင်မွန်းမြို့နယ်ထဲမှာလည်း ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇွန်လမှာ မိုးရွာသွန်းမှုကြောင့် ရွာချင်းဆက်တံတားကြီး ၅ စင်းနဲ့လမ်းပိုင်းတွေ အများအပြားပျက်စီးခဲ့ပြီး လနဲ့ချီကြာ အသွားအလာပြတ်တောက်မှုတွေကြုံတွေ့ခဲ့ရကြောင်းသိရပါတယ်။
By – Zami




