ဝိုင်းမော်မှာ ၁၂နှစ်အရွယ်ကလေးတစ်ဦး ရေနစ်သေဆုံး
ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ ၁၂နှစ်အရွယ် ကလေးတစ်ဦးရေနစ်သေဆုံးခဲ့တယ်လို့ မွန်မြတ်စေတနာလူမှုကယ်ဆယ်ရေး အသင်းကနေ သိရပါတယ်။
ရေနစ်သေဆုံးတဲ့ ကလေးငယ်ဟာ ဝိုင်းမော်မြို့နယ်၊ မခေါတီကျေးရွာကဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီလ ၁၅ ရက်ကတည်းကနေ သူငယ်ချင်းနဲ့ အတူ ဧရာဝတီမြစ်ရေဆော့ကစားရင်းမျှောပါသွားတာဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ခုလိုပြောပြပါတယ်။
“၁၂နှစ်ဘဲ ရှိသေးတယ်သူက သူ့ သူငယ်ချင်းနဲ့ ရေသွားချိုးတယ်လို့ ပြောတယ်။ သူတို့ရွာထဲက ကလေးတစ်ယောက် သူလိုအရွယ်ကလေးတစ်ယောက်နဲ့”လို့ ဆိုပါတယ်။
ရုပ်အလောင်းကိုတော့ ဧပြီ ၂၁ ရက်နေ့ မနက်ခင်းပိုင်း ၁၁ နာရီအချိန် ဟိုးလော်ကျေးရွာဧရာဝတီမြစ်ကမ်းဘေး ရေးချိုးနေတဲ့သူတစ်ချို့တွေ့ပြီးဆယ်ထားဝာာဖြစ်တယ်လို့ မွန်မြတ်စေတနာ လူမူကယ်ဆယ်ရေးအသင်းတွေကို အကြောင်းကြားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီနောက် လူမှုကယ်ဆယ်ရေးအသင်းတွေကနေပြီးတော့ ရုပ်အလောင်းကို မိသားစုဝင်တွေကို အကြောင်းကြားကာ ဝိုင်းမော်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ ပြီးခဲ့တဲ့ စနေနေ့ ဧပြီလ ၁၈ရက်နေ့တုန်းကလည်း မြစ်ကြီးနားမြို့ ကချင်စုဆိပ်ကမ်းမှာ သက်ကြီးပိုင်းအရွယ် အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တာဘဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁၃ရက်နေ့တုန်းကလည်း ဧရာဝတီမြစ် ဧရာဝတီရှုခင်းသာ လမ်းလျှောက်သင်္ကြန်မှာ သတ်မှတ်ထားတဲ့နေရာကို ကျော်လွန်ပြီး ရေကစားရာကနေ အမျိုးသားတစ်ဦး ရေနစ်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒါပေမယ့်လည်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့အဖွဲ့ရဲ့ အချိန်မှီ ကယ်ဆယ်ခဲ့မှုကြောင့် အသက်ဘေးကနေတော့ လွတ်မြောက်သွားခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ် ဧပြီလ ၇ရက်နေ့ တုန်းကလည်း ဝိုင်းမော်မြို့ ရပ်ကွက် ၄က ၇ရက်ကြာ ရေနစ်ပျောက်ဆုံးသွားတဲ့ အသက်၇နှစ်အရွယ်ကလေးတစ်ဦးကို တွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။
By – Hope




