တိုက်နယ်ဆေးရုံဗုံးကြဲခံရ၊ အရပ်သား ၂ ဦးသေဆုံး
ရွှေကူမြို့နယ် စီသာရွာက တိုက်နယ်ဆေးရုံကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၂ ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီမနက် ၇ နာရီခွဲလောက်မှာ ဂျက်ဖိုက်တာတစ်စီးနဲ့ သုံးကြိမ်ပတ်ပြီး ဗုံးကြဲသွားတာဖြစ်ပြီး ဆေးရုံအဆောက်အဦးကိုထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးပြီး နောက်ထပ်တစ်ဦးကတော့ ဒဏ်ရာပြင်းထန်စွာရရှိထားတယ်လို့ ဒေသခံအမျိုးသားတစ်ဦး KNG ကို ပြောပါတယ်။
“ဂျက်ဖိုက်တာတစ်စီးတည်းနဲ့ သုံးကြိမ်ပတ်ပြီးကြဲသွားတာ နှစ်ယောက်သေတယ်၊ တစ်ယောက်ကတော့ အရမ်းစိုးရိမ်ရတယ်။ ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်” လို့ သူကဆိုပါတယ်။
သေဆုံးသူတွေဟာ အသက် ၃၀ ကျော်အရွယ်တွေဖြစ်ပြီး နာမည်တွေကိုတော့ အတည်ပြုနေဆဲဖြစ်တယ်လို့ သိရပါတယ်။
စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုမှာ ပေါင် ၅၀၀ ဗုံးသီး ၃ လုံးခန့် အသုံးပြုခဲ့တယ်လို့သိရပြီး ဆေးရုံအဆောက်အဦး ၃ လုံးနဲ့ ဆိုင်ကယ် ၃ စီးလည်း မီးလောင်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
“ဆေးရုံအဆောက်အအုံတွေ အကုန်ပျက်စီးသွားတယ်။ ဆိုင်ကယ်တွေလည်း မီးလောင်သွားတယ်” လို့ နောက်ထပ်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ဒေသခံတွေပြောတာက အဲ့ဒီဆေးရုံဟာ ဒေသခံတွေ ဆေးကုသနေတဲ့ တိုက်နယ်ဆေးရုံဖြစ်ပြီး တိုက်ခိုက်ချိန်မှာ လူတွေအဆောက်အဦးနောက်ဘက်ကို ထွက်နေချိန်ဖြစ်တာကြောင့် အစုလိုက်အပြုံလိုက် မထိခိုက်ခဲ့တာဖြစ်
တယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီတပ်ဗုံးကြဲသွားတဲ့ စီသာကျေးရွာဟာ လက်ရှိ KIA နဲ့ပူးပေါင်းတပ်တွေထိန်းချုပ်ထားတဲ့ကျေးရွာဖြစ်ပါတယ်။
လက်ရှိမှာတော့ ရွှေကူမြို့တွင်းတပ်ဖြစ်တဲ့ ခ.လ.ရ ၅၆ တပ်ထဲကို စစ်အင်အားဖြည့်ဖို့ မေလ ၅ ရက်နေ့ကတည်းက ရှမ်းမြောက်မဘိမ်းနယ်ကနေ ရွှေကူ ငအိုးလမ်းအတိုင်းတက်လာတဲ့ အင်အား ၈၀၀ ခန့်ရှိစစ်ကောင်စီစစ်ကြောင်း KIA ပူးပေါင်းတပ်တွေဟာ ရွှေကူနဲ့ မဘိမ်းနယ်အစပ်ရှိ မဘိမ်းနယ်ထဲက မန်နားလေးကျေးရွာမှာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေကြောင်းသိရပါတယ်။
အဲ့ဒီစစ် ကြောင်းဟာ မေလ ၅ ရက်နေ့ကတည်းက တက်လာနေပေမယ့် လမ်းခုတ်မှာ KIAနဲ့ပူးပေါင်းတပ်တွေက ရွှေကူနယ်ထဲကိုအဝင်မခံပဲ ကြာဖြတ်ဟန့်တားတိုက်ခိုက်နေတာဖြစ်ပါတယ်။
ဒါကြောင့် ရွှေကူ– ငအိုးကားလမ်းပိုင်းမှာ တစ်လကျော်ကြာ နှစ် ဖက်တိုက်ပွဲတွေဖြစ်နေပြီး တိုက်ပွဲတွင်း စစ်ကောင်စီတပ်ဘက်က အထိသေဆုံးများနေတာကြောင့် အခုလိုအများပြည်သူနဲ့ဆိုင်တဲ့ဆေးရုံကိုဗုံးကြဲတိုက်ခိုက်တာဖြစ်နိုင်ကြောင်းဒေသခံတွေကဆိုပါတယ်။
By – Zaw Zaw




