အရက်၊ဘီယာပုလင်းခွံတွေ မြစ်ထဲစွန့်ပစ်တာတွေမလုပ်ကြဖို့ တောင်းဆို

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဧရာဝတီမြစ်မှာအရက်၊ဘီယာပုလင်းခွံစွန့်ပစ်တာတွေ မလုပ်ကြဖို့ ရပ်ကွက်နေပြည်သူတွေ တောင်း ဆိုနေကြပါတယ်။
လတ်တလော မြစ်ကြီးနားမြို့၊ကချင်စုကန်ဘောင်ဘက် ဧရာဝတီမြစ်ထဲမှာ ဘားဆိုင်တစ်ခုက ပုလင်းခွံတွေထည့်ထားတဲ့ ဆာလာလာအိတ် ဆယ်အိတ်ကျော်ကို မြစ်ထဲ မျှောလိုက်တာ ဖြစ်တယ်လို့ မျက်မြင်တွေ့ရှိသူက ခုလိုပြောပြပါတယ်။
“သူတို့ အဲတာတွေ ပစ်ဖို့ အပေါ်ကနေ အောက်ကိုသယ်နေတဲ့အချိန် အဲက ဦးလေးတွေထင်တယ် အော်ပြောတာဟုတ်တယ်။ အဲတာသူတို့က သူတို့က မပစ်ပါဘူး။ စက်လှေနဲ့ ဟိုဘက်မှာ သွားချမှာပြောတာဟုတ်တယ်။ ပြီးရင်အဲဦးလေးကို အရမ်းလျှာရှည်တယ်လည်း ပြောနေတာ တိုးတိုးနဲ့”လို့ ဆိုပါတယ်။
ပုလင်းခွံတွေကိုတော့ ဇူလှိုင်၇ရက်နေ့ညပိုင်း လူမမြင်နိုင်တဲ့အချိန် လာပစ်သွားတာကြတာဖြစ်တယ်လို့ သိရပါတယ်။
ခုလို စည်းကမ်းမဲ့ ပုလင်းခွံတွေ လာပစ်ခဲ့တာကတော့ ကချင်စုရပ်ကွက်ထဲက တရုတ်နာမည်နဲ့ ဘားဆိုင်ဖြစ်တယ်လို့ မျက်မြင်တွေ့ရှိသူက ခုလို ဆက်ပြောပြပါတယ်။
“သူတို့ အဲဆိုင်က သယ်ခဲ့တာ ပုလင်းအိတ်တွေကိုကိုယ်တိုင်မြင်တယ်။ အဲတာတွေအကုန်သယ်ပြီး နောက်ပိုင်းမှ ဗီဒီယိုရိုက်ဖို့ သတိရလို့”လို့ ဆိုပါတယ်။
မြစ်ကြီးနားမြို့မှာ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုအတွက် တရားဝင်ထုတ်ပြန်ချက်မရှိသေးပေမယ့် သတ်မှတ်နေရာမှာ အမှိုက်မပစ်သူတွေကို ဒဏ်ငွေတပ်ရိုက်တာတွေ ရှိနေပါတယ်။

ခုလို စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူတွေရှိနေသလို တစ်ဖက်မှာလည်း မြစ်ကြီးနားမြို့ မြစ်ကမ်းနားတစ်လျှောက်နဲ့ မြစ်ကြီးနားမြို့အတွင်း လူငယ်တွေနဲ့ ပရဟိတအဖွဲ့အစည်းတွေ ပူးပေါင်းပြီး ပုလင်းခွံ၊ဘူးခွံ၊ ပလပ်စတစ်အမှိုက်နဲ့ တခြား အညစ်အကြေးတွေကို ရှင်းလင်းမှုတွေ ပြုလုပ်တာကိုလည်း တွေ့ရပါတယ်။
ဖန်ပုလင်းတွေကို မြစ်အတွင်း စည်းကမ်းမဲ့ စွန့်ပစ်ခြင်းကြောင့် နောက်ဆက်တွဲအနေနဲဲ့ ကွဲအက်မှုတွေ ဖြစ်ပေါ်လာပါက ရေချိုးသူတွေ၊ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူတွေနဲ့ မြစ်ကမ်းတစ်လျှောက် သွားလာသူတွေ ထိခိုက်ဒဏ်ရာရနိုင်တဲ့ အန္တရာယ်လည်း ရှိနိုင်တယ်လို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပညာရှင်တွေက သတိပေးထားပါတယ်။
ကုလသမဂ္ဂရဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အထူးအေဂျင်စီဖြစ်သည့် United Nations Environment Programme (UNEP) က ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည့် “From Pollution to Solution: A Global Assessment of Marine Litter and Plastic Pollution” အစီရင်ခံစာမှာဆိုရင် ပလတ်စတစ်အမှိုက်တွေက မြစ်၊ ချောင်း၊ အင်းအိုင်နဲ့ ပင်လယ်ရေပြင်များအတွင်း စုပုံဝင်ရောက်ကာ ဂေဟစနစ်၊ ရေသတ္တဝါများနဲ့ လူသားကျန်းမာရေးအပေါ် ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်တယ်လို့ ဖော်ပြထားပါတယ်။
ဒါအပြင် UNEP ၏ နောက်ဆုံးထုတ်ပြန်ထားတဲ့ ပလတ်စတစ်ညစ်ညမ်းမှုဆိုင်ရာ အချက်အလက်များအရလည်း နှစ်စဉ် ပလတ်စတစ်အမှိုက် တန်ချိန် ၁၉ သန်းမှ ၂၃ သန်းခန့် က မြစ်၊ အင်းအိုင်နဲ့ ပင်လယ်တွေအပါအဝင် ရေဂေဟစနစ်အတွင်း စိမ့်ဝင်ရောက်နေပြီး ပလတ်စတစ်ပုလင်းတွေ အပါအဝင် အမှိုက်တွေက အချိန်ကြာလာသည်နဲ့ အမျှ မိုက်ခရိုပလတ်စတစ် (microplastics) အမှုန်ငယ်များအဖြစ် ပြိုကွဲပြီး အစားအစာကွင်းဆက်ကနေတစ်ဆင့် လူတွေဆီသက်ရောက်နိုင်ကြောင်း ထောက်ပြထားတာ ဖြစ်ပါတယ်။
By – Hope




