မန္တလေး-မြစ်ကြီးနားလမ်းပိုင်း တိုက်ပွဲတွင်းအရပ်သား ၇ ဦး သေဆုံး

မန္တလေးမြစ်ကြီးနားလမ်းပိုင်း မော်လူးဒေသနဲ့ အင်းတော်ကသာလမ်းပိုင်းတိုက်ပွဲအတွင်း ဒရုန်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သား ၇ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့က နဘားရွာက ဇနီးမောင်နှံနှစ်ဦး အင်းတော်နဲ့ ကသာလမ်းပိုင်းတိုက်ပွဲဖြစ်နေတဲ့အချိန် သွားလာမိတာ ကြောင့် တိုက်ပွဲကြားညှပ်ပြီး လက်နက်ကြီးကျည်ထိမှန်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

၃၀ ရက်နေ့မှာတော့ နဘားရွာက လင်မယားနှစ်ယောက်ပေါ့နော်။ အင်းတော်နဲ့ ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်နေတဲ့အချိန် သွားမိလို့ တိုက်ပွဲကြားညှပ်ပြီးတော့ သေဆုံးသွားတယ်ပေါ့နော်လို့ ဒေသခံက ပြောပါတယ်။

အဲဒီနောက် ဇူလိုင်လ ၇ ရက်နေ့မှာ နဘားတိုက်နယ်၊ ကမ်းနီကျေးရွာထိပ်မှာ လယ်လုပ်နေတဲ့ သားအဖနှစ်ဦး ဒရုန်းကျပြီး သေဆုံးခဲ့တယ်လို့ဆိုပါတယ်။

သေဆုံးသူတွေကဟာ အသက် ၄၀ ကျော်အရွယ် ဦးနေအောင်နဲ့ အသက် ၇၀ ကျော်အရွယ် ဖခင် ဦးဂျာတို့ ဖြစ်ပါတယ်။

အဆိုပါဒရုန်းဟာ ဘယ်ဘက်က ပစ်ခတ်တာလဲဆိုတာကိုတော့ ဒီနေ့အထိ အတည်ပြုနိုင်ခြင်း မရှိသေးဘူး။

အလားတူ ဇူလိုင်လ ၁၂ ရက်နေ့မှာ ထပ်မံပြီးတော့ အင်းတော်မြို့နယ်၊ စီပိန်းကျေးရွာမှာ သားအမိသားအဖသုံးဦး သေနတ်နဲ့ပစ်သတ်ခံရပြီး သေဆုံးခဲ့ရပြန်ပါတယ်။

သူတို့ဟာ စီပိန်းရွာ၊ ဘုန်းကြီးကျောင်းအနီးမှာ ရှိနေစဉ် ဘုန်းကြီးကျောင်းမှာ တပ်စွဲနေတဲ့ စစ်သားတွေက လှမ်းပစ်ခတ်တာကြောင့် သေဆုံးခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။

နောက်ပြီးကျတော့ ဇူလိုင်လ ၁၂ နေ့တုန်းကလည်း စီပိန်းရွာမှာ သားအမိသားအဖသုံးယောက်ကို စီပိန်းရွာဘုန်းကြီးကျောင်းက စစ်သားတွေက ပစ်သတ်လိုက်တာတဲ့။ သူတို့ဘယ်ရွာကလည်းတော့အတိအကျမသိဘူး။ သူတို့ကို ဘုန်းကြီးကျောင်းကနေလှမ်း ပစ်လိုက်တာသေသွားတယ်လို့ပဲသိရတယ်လို့ အထက်ပါဒေသခံကဆက်ပြောပါတယ်။

ဒါ့အပြင် ဇူလိုင်လ ၁၀ ရက်နေ့မှာလည်း မဲဇာ၊ လယ်နောင်ဘုန်းကြီးကျောင်းမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက ပင်သချေကျေးရွာဘက်ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပင်သချေဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင်နေတဲ့ ကိုရင် ၃ ပါးနဲ့ အရပ်သား ၁၀ ဦးခန့် ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနေ့ မနက် ၇ နာရီဝန်းကျင်မှာလည်း မော်လူးမြို့ဘက်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ပုံးဟိုကျေးရွာမှာ အသက် ၇ နှစ်အရွယ် ကလေးတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ခဲ့ပြန်ပါတယ်။

ကလေးငယ်က ဒဏ်ရာပြင်းထန်တာကြောင့် ခွဲစိတ်ကုသမှုတွေ လုပ်ခဲ့ရတယ်လို့ သိရပေမယ့် လက်ရှိအခြေအနေကိုတော့ ဆက်သွယ်မေးမြန်းလို့ မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

အခုဖြစ်စဉ်တွေဟာ မန္တလေးမြစ်ကြီးနားလမ်းပိုင်းတစ်လျှောက် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတဲ့ အခြေအနေမှာ ဖြစ်လာတာဖြစ်ပြီး မော်လူး၊ နဘား၊ အင်းတော်နဲ့ ကသာဘက်မှာ တိုက်ပွဲတွေကြောင့် လမ်းပိုင်းသွားလာရေးတွေ ပိတ်ဆို့နေသလို အရပ်သားတွေကလည်း တိုက်ပွဲကြားမှာ ပိတ်မိပြီး အသက်ဆုံးရှုံးတာတွေ၊ ထိခိုက်ဒဏ်ရာရတာတွေ ဆက်ရှိနေပါတယ်။

လက်နက်ကိုင်ပဋိပက္ခအတွင်း အရပ်သားတွေနဲ့ စစ်ရေးပစ်မှတ်တွေကို ခွဲခြားရမယ့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှု ဥပဒေပါ စည်းမျဉ်းတွေအရ အရပ်သားတွေရဲ့ လုံခြုံရေးက အရေးကြီးပါတယ်။

လက်ရှိမှာ မော်လူးဒေသနဲ့ အင်းတော်ကသာလမ်းပိုင်းအတွင်း စစ်ရေးအခြေအနေ ဆက်လက်တင်းမာနေပြီး အရပ်သားသေဆုံး၊ ထိခိုက်မှုတွေနဲ့ ပတ်သက်တဲ့ ဖြစ်စဉ်တွေကို သီးခြားအတည်ပြုနိုင်ဖို့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

By – အမိုး

Show More

Leave a Reply

Back to top button