မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

လန်ဆယ်မှာ ရာသီတုပ်ကွေးအဖြစ်များနေပြီးဆေးဝါးအခက်ခဲကြုံနေ

ကချင်ပြည်နယ် ဆော့လော်မြို့နယ်၊ လန်ဆယ်ဒေသမှာ ရာသီတုပ်ကွေးအဖြစ်များနေတယ်လို့ လန်ဆယ်ကနေ မြစ်ကြီးနားဘက်ကို ရောက်လာတဲ့ပြည်သူတွေဆီကနေ သိရပါတယ်။

လန်ဆယ်ကျေးရွာဟာ ကချင်အထူးဒေသ () ပြည်သူ့စစ်တွေရဲ့ ခွင့်ပြုချက်နဲ့ ဒေသခံတွေတနိုင်တစ်ပိုင်ကျောက်ရွှေတူးတာရှိသလို မြန်မာပြည် အနယ်နယ်အရပ်ရပ်က ရွှေ့ပြောင်းလုပ်သားတွေ တရုတ်လုပ်ငန်းရှင်တွေရဲ့လုပ်ကွက်တွေမှာ ကျောက်ရွှေတူးဖော်ကြတဲ့နေရာဖြစ်ပါတယ်။

လတ်တလော ကျောက်ရွှေတူးတဲ့ ရွှေမှော်က ရွှေ့ပြောင်းလုပ်သားတွေအပါအဝင် ဒေသခံတွေ ရာသီတုပ်ကွေးအဖြစ်များနေတယ်လို့ ဒေသခံတစ်ဦး KNG ကို ခုလိုပြောပါတယ်။

ကိုယ်ထူကိုယ်ထလုပ်နေတဲ့သူတွေကော တစ်မှော်လုံးရာသီတုပ်ကွေးမိလို့ အဖျားကြီးသူတွေ ဆေးဝါးကုဖို့ကလည်း ဆေးလုံလောက်မှုမရှိ ခက်ခဲနေပါတယ်။ တဲတိုင်းလိုလို တစ်ယောက်မဟုတ်ရင် နှစ်ယောက်ဖျားတာရှိတယ်။ ချောင်းဆိုးရင်ကြပ်ဖြစ်နေကြတယ်လို့ ပြောပါတယ်။

လန်ဆယ်ကျေးရွာဟာ ဆော့လော်မြို့ထဲကနေသွားလို့ရသလို၊ ခေါင်လန်ဖူး၊ကမ်းဖန့်ဘက်ကနေလည်း သွားလို့ရပေမယ့် လမ်းပန်းဆက်သွယ်ရေးခက်ခဲလွန်းတဲ့နေရာဖြစ်ပြီး ဆေးဝါး၊အခြေခံစားသောက်ကုန် ခက်ခက်ခဲခဲနဲ့သယ်ယူရတဲ့နေရာဖြစ်တာကြောင့် ဆေးဝါးလုံလောက်မှုမရှိဘဲ ခက်ခဲနေကြတာလို့ ဆိုပါတယ်။

ဒါ့အပြင် ကချင်အထူးဒေသ ၁ ထိန်းချုပ်မှုအောက်မှာရှိပြီး ဦးဇခုန်တိန့်ယိန်းဦးဆောင်တဲ့ နယ်ခြားစောင့်တပ်လက်အောက် မန်ဂျီပြည်သူ့စစ်အဓိက စစ်ရေးလှုပ်ရှားတဲ့နေရာဖြစ်တယ်လို့ ဒေသခံတွေပြောပါတယ်။

စက်တင်ဘာလ ၂၉ ရက် ၃၀ ရက် ချီဖွေမြို့နဲ့ဆော့လော်မြို့ကို KIA ပူးပေါင်းတပ်သိမ်းပိုက်လိုက်တဲ့နောက် လန်ဆယ်ဘက်မှာလည်း မန်ဂျီပြည်သူ့စစ်အဖွဲ့က စစ်ရေးလှုပ်ရှားနေပြီး မှော်အားလုံးကိုအကြောင်းပြချက်မရှိပိတ်ခိုင်းလိုက်တယ်လို့ သိရပါတယ်။

ဒါကြောင့် မှော်တွေအားလုံးလည်းပိတ်ထားကြပြီး အသစ်ရောက်ရှိလာတဲ့ ရွှေ့ပြောင်းအလုပ်သမားတစ်ချို့ အိမ်ပြန်စရိတ်မရှိဘဲ သောင်တင်သူတွေရှိနေတယ်လို့ သိရပါတယ်။

မန်ဂျီပြည်သူ့စစ်အဖွဲ့က အသိမပေးဘဲ ချက်ချင်းမှော်ပိတ်လိုက်တော့ မနေ့တစ်နေ့က ရောက်လာတဲ့သူတွေ အရမ်းစိတ်မကောင်းဖြစ်ရတယ်။ နိုင်ငံရေးအရတဲ့ တိုက်ပွဲလဲမရှိဘဲပိတ်လိုက်တော့ ပြည်သူတွေဒုက္ခရောက်အောင်လုပ်တာ ဦးဇခုန်တိန့်ယိန်းပြည်သူ့စစ်အဖွဲ့ကလို့ ပြောပါတယ်။

လန်ဆယ်ကျေးရွာဟာ တရုတ်ပြည်နယ်စပ်မှာရှိပြီး ကချင်တိုင်းရင်းသားလူမျိုးစုတွေဖြစ်တဲ့ ရဝမ်၊လီဆူလူမျိုးတွေ အများစုနေထိုင်ကြတဲ့ဒေသဖြစ်ပါတယ်။ 

အာဏာမသိမ်းခင်ကတည်းက ကျောက်ရွှေတူးဖော်မှုတွေရှိပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း ကျောက်ရွှေတူးဖော်မှုတွေ ပိုများလာတယ်လို့ ဒေသခံတွေပြောပါတယ်။

By – Zami

Show More

Related Articles

Back to top button