ကချင်နေအိမ်အတွင်းမှ တန်ဖိုးရှိပစ္စည်းများခိုးယူခံနေရတဲ့အပြင် သတ်ဖြတ်ခံရသူတွေလည်းရှိနေ
ကချင်ပြည်နယ် အင်းတော်ကြီးဒေသမှာ နေထိုင်ကြတဲ့ ကချင်လူမျိုးတွေ လူမျိုးရေးခြိမ်းခြောက်ခံရတာကြောင့် နေရပ်စွန့်ခွာသွားတဲ့ လူနေအိမ်နဲ့ ဘုရားကျောင်းဝင်းနေရာအတွင်းက တန်ဖိုးရှိ ပစ္စည်းတွေကို ရှမ်းနီအမျိုးသားတပ်မတော် SNA တပ်သားတွေ ခိုးယူဖျက်ဆီးတာတွေ လုပ်နေတယ်လို့ သိရပါတယ်။
နန့်မွန်မြို့၊ မိုင်းနောင်ရွာနဲ့ မမုံကိုင်ကျေးရွာတွေကို စစ်တပ်နဲ့ ရှမ်းနီ SNA တပ်တွေ သိမ်းလိုက်တဲ့နောက် ကချင်လူမျိုးတွေ နေထိုင်လို့မရအောင် ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်နေ့နောက်ပိုင်း နေအိမ်တွေ လိုက်လံချိတ်ပိတ်လိုက်တဲ့အပြင် တွေ့တဲ့နေရာမှာ သတ်ဖြတ်ဖို့အထိ ခြိမ်းခြောက်ပြောဆိုထားတယ်လို့ ကချင်ဒေသခံတွေပြောပါတယ်။
ဒါကြောင့် ကချင်လူမျိုးတွေ အားလုံးနီးပါးက ရတဲ့နည်းလမ်းတွေနဲ့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရချိန် ကျေးရွာတွေမှာနေရာယူထားတဲ့ ရှမ်းနီ SNA တပ်တွေက ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူတာ၊ ဖျက်ဆီးတာတွေ လုပ်နေတယ်လို့ အခြေအနေကိုသိရှိတဲ့ မိုးညှင်းဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။
“နေအိမ်တွေ လိုက်လံချိတ်ပိတ်နေတာတွေက မှန်ပါတယ်။ အဲဒါတင်မဟုတ်ဘူး ဘုရားကျောင်းဝင်နေရာတွေမှာ နေရာယူထားပြီးတော့ ကောင်းတဲ့ ပစ္စည်းတွေ အကုန်သိမ်းယူလိုက်ပြီ။ နေအိမ်တွေမှာရှိတဲ့ ပစ္စည်းတွေကိုလည်း သိမ်းယူတယ်။ နောက် ဆိုင်ကယ်ဆိုရင်လည်း ကောင်းတဲ့ဟာတွေက ယူလိုက်တယ်။ အဟောင်းတွေက လယ်ကွင်းဘက်ကို သွားစုပုံပြီး မီးရှို့တာတွေ လုပ်ပေးလိုက်တယ်။ တစ်ချို့ အိမ်နီးနားချင်းက ခင်မင်ရင်းနှီးတဲ့ မိသားစုတွေက သိမ်းဆည်းပေးတာတွေလည်းရှိပါတယ်”လို့ပြောပါတယ်။
ကချင်နေအိမ်တွေကို လက်နက် ပစ္စည်းခဲယမ်းတွေ တွေ့ရှိတယ်လို့ စွပ်စွဲပြောဆိုပြီး အတင်းအဓမ္မ ချိတ်ပိတ်လိုက်သလို အများပိုင်းက ကချင်နေအိမ်ဖြစ်လို့ ချိတ်ပိတ်ခံလိုက်ရတဲ့ နေအိမ်တွေလည်း အများကြီးပါဝင်တယ်လို့ ပြောပြပါတယ်။
ရှမ်းနီSNA တပ်တွေက နန့်မွန်မြို့နဲ့ မိုင်းနောင်ကျေးရွာက ကချင်နှစ်ခြင်းခရစ်ယာန် KBC ၊ ကက်သလစ် RC စတဲ့ ဘာသာရေးကျောင်းဝင်းတွေမှာ နေရာယူတပ်စွဲထားပြီး စစ်ရေးလေ့ကျင့်တာတွေလည်း လုပ်နေတယ်လို့ သိရပါတယ်။
အင်းတော်ကြီးဒေသမှာ ကချင်လူမျိုးတွေ နန့်မွန်မြို့နဲ့ မိုင်းနောင်ကျေးရွာ နှစ်ခုမှာ အများဆုံးနေထိုင်ကြတာဖြစ်ပြီး နန့်မွန်မြို့မှာ အိမ်ခြေ ၂၀၀ ကျော်ခန့် ရှိသလို မိုင်းနောင်ကျေးရွာမှာက နန့်မွန်မှာရှိတဲ့ အိမ်ခြေထက် ထက်ဝက်ခန့် နေထိုင်ကြပါတယ်။
လက်ရှိ ရှမ်းနီး SNA တပ်တွေ ကချင်လူမျိုးတွေ ပပျောက်သွားအောင် ရည်ရွယ်ချက်နဲ့ ခြိမ်းခြောက်ပြောဆိုပြီး ဒေသအတွင်းကနေ စွန့်ခွာခိုင်းနေတာကြောင့် နန့်မွန်၊ မိုင်းနောင်နဲ့ မမုံကိုင် ကျေးရွာ ၃ နေရာက ကချင်လူမျိုး လူဦးရေ ၂ ထောင်ကျော်က ဘေးလွတ်ရာကို တိမ်းရှောင်သွားကြတာဖြစ်ပါတယ်။
ထွက်ပြေးတိမ်းရှောင်မှုမလုပ်ဘဲ ဒေသအတွင်းကျန်ရှိနေတဲ့ ကချင်လူမျိုးတစ်ချို့ သတ်ဖြတ်ခံရတာတွေလည်း ရှိနေတယ်လို့လည်း စုံစမ်းသိရှိရပါတယ်။
ကချင်လူမျိုးတွေ ဒေသအတွင်း နေထိုင်လို့မရအောင် ခြိမ်းခြောက်ပြောဆိုခံရတဲ့ ရက်ပေါင်း ၁၅ ရက်အတွင်းမှာပဲ သတ်ဖြတ်ခံရသူ ၇ ဦးခန့်အထိရှိလာပြီလို့လည်း ထွက်ပြေးတိမ်းရှောင်နေတဲ့ မိုင်းနောင်ဒေသခံ အမျိုးသမီးတစ်ဦးလည်းအခုလိုဆက်ဆိုထားပါတယ်။
“ကျမတို့မှာဖြစ်နေတဲ့ ပြဿနာက လူမျိုးရေးပြဿာနာဖြစ်နေတာပါ။ ကချင်ဖြစ်တဲ့ အိမ်တိုင်းက မရှိသလောက်ဖြစ်သွားပါပြီ။ အထဲမှာ ကျန်ရှိနေပြီး အဆက်အသွယ်မရတဲ့သူတွေလည်းရှိနေသေးတယ်။ မနေ့က ပြန်ကြားရတာ နှစ်ယောက် ပစ်သတ်လိုက်တာကို သတင်းအတိအကျရထားတယ်။ အခုက ဘယ်လောက်ထိဆိုးနေသလဲဆိုတော့ အထဲမှာကျန်ရှိနေတဲ့ ရှမ်း၊ ဗမာလူမျိုးတွေကိုလည်း ယုံကြည်လို့မရတော့တဲ့ အခြေအနေဖြစ်သွားတယ်။ အခုကြားရသလောက်က ၁၀ ယောက်နဲ့ ၇ ကြားမှာတော့ ရှိတယ်ပြောပါတယ်။ အတိတိအကျဖြစ်ဖို့ စုံစမ်းနေဆဲဖြစ်ပါတယ်”လို့ပြောပါတယ်။
ကချင်လူမျိုးတွေ ထွက်ခွာသွားပြီးနောက် အိမ်စောင့်အဖြစ် ကျန်ရစ်နေတဲ့ အမျိုးသားနှစ် ပစ်သတ်ခံရတဲ့ ဖြစ်စဉ်ကို အတိတိကျ သိရပေမယ့် ကျန်ပစ်သတ်ခံရတဲ့ သူတွေရဲ့ သတင်းအချက်အလက်ကို အသေးစိတ်မသိရသေးဘူးလို့ ပြောပါတယ်။
ရှမ်းနီ SNA တပ်တွေက သတ်ဖြတ်လိုက်တဲ့ သူတွေကို ငှက်ဖျားနဲ့ နာမကျန်းဖြစ်ပြီး သေဆုံးသွားတယ်လို့လည်း ဒေသအတွင်း သတင်းဖုံးကွယ်ထားတဲ့သဘောနဲ့ လုပ်ဆောင်နေတယ်လို့လည်းသိရပါတယ်။
လက်ရှိမှာ ပစ်သတ်ခံရတဲ့ ကချင်ဒေသခံ ၇ ဦးအထိ ရှိလာပြီလို့ သိရပေမယ့် သေဆုံးသွားတဲ့ သူတွေဟာ ဘယ်သူ ဘယ်ဝါဖြစ်ကြောင်းကို ဆက်သွယ်ရေးအခက်အခဲကြောင်းကို အသေးစိတ်သိရှိဖို့ ခက်ခဲနေသေးတယ်လို့ သတင်းအရင်းအဖြစ်တွေပြောပြပါတယ်။
ကချင်ဒေသခံတွေ အကြောင်းမဲ့ ပစ်သတ်ခံရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး KNG အနေနဲ့လည်း ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
အင်းတော်ကြီးဒေသတစ်ခုလုံးကို ထိန်းချုပ်နိုင်ဖို့ ရှမ်းနီ အမည်ခံတဲ့ စစ်တပ်လက်အောက်ခံ SNA တပ်တွေက အင်းတော်ကြီးဒေသ နန့်မွန်း၊ မိုင်းနောင်၊ မမုံကိုင်၊ မိုးညှင်း၊ ဟိုပင် စတဲ့မြို့နယ်၊ ကျေးရွာတွေမှာ နေထိုင်တဲ့ ရှမ်းနီ လူငယ်တွေကို တပ်သားစုဆောင်းကာ ‘ကျားဖြူစစ်ကြောင်း’ဆိုပြီး ပြီးခဲ့တဲ့ မေ၊ ဇွန်လကတည်းကနေ စစ်ဆင်ရေးစတင်လိုက်တာဖြစ်ပါတယ်။
အခုလို ကချင်လူမျိုးတွေ ထွက်ခွာသွားပြီးနောက် ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉၊ ၃၀ ကြားမှာ နန့်မွန်၊ မိုင်းနောင်နဲ့ မမုံကိုင်ဒေသထဲမှာ ကျန်ရှိနေတဲ့ ရှမ်းနီ နဲ့ ဗမာ လူမျိုးတွေကို အစည်းအဝေးခေါ်ယူပြီး တစ်အိမ်တစ်ယောက် စစ်မှုမထမ်းမနေရ ဆိုပြီး စည်းရုံးပြောဆိုလာတယ်လို့ ဆက်လက်စုံစမ်းရရှိပါတယ်။
စစ်မှုမထမ်းမနေရ ပြောဆိုလာတဲ့အပေါ် ပြည်သူတစ်ချို့က ကန့်ကွက်ကြသလို သလို တစ်ချို့က ထောက်ခံပြီး အမည်စာရင်း လာတင်သွင်းတဲ့ သူတွေလည်းများစွာရှိနေတယ်လို့ သိရပါတယ်။
“ကျမတို့ ကချင်ဖြစ်တဲ့ သူတွေက အဖွဲ့အစည်းတစ်ချို့ရဲ့ ကာကွယ်စောင့်ရှောက်မှုနဲ့ ဘေးလွတ်တဲ့ နေရာတွေမှာ ခေါ်ယူထားကြတယ်။ နောက်တစ်ခုက ဘာပြန်ကြားရသလဲဆိုတော့ အထဲမှာရှိနေတဲ့ ရှမ်းနီ မိတ်ဆွေတွေဆီကနေ သိရတဲ့ အခြေအနေက ရွာထဲမှာ ရှိကြတဲ့ ရှမ်း၊ ဗမာတွေကိုလည်း အစည်းအဝေးခေါ်ပြီး တစ်အိမ်တစ်ယောက် စစ်မှုထမ်းဖို့ ပြောနေတယ်တဲ့။ ပြီးရင် လိမ်လို့မရအောင် ဒေသမှာရှိတဲ့ လူငယ်စားရင်းသေချာကောက်မယ်တဲ့။ အဲ့ဒါကြောင့် အထဲမှာရှိတဲ့ ရှမ်း၊ ဗမာပြည်သူတွေကိုလည်း အဆက်အသွယ်လုပ်ဖို့ ခက်ခဲလာတယ်”လို့ အထက်ပါ မိုင်းနောင်ဒေသခံ အမျိုးသမီးက ဆက်ပြောပြပါတယ်။
အင်းတော်ကြီးဒေသမှာ နေထိုင်တဲ့ ရှမ်း၊ ဗမာအားလုံးကို စစ်မှုမထမ်းမနေရ ပြောဆိုလာပြီး ဒေသမှာရှိတဲ့ လူငယ်တွေအနေနဲ့ ရှောင်လွဲတာတွေ မလုပ်ကြဖို့နဲ့ စစ်မှုထမ်းတဲ့ တစ်ဦးချင်းစီကိုလည်း တစ်လ ငွေကျပ် နှစ်သိန်းခွဲကနေ စတင် ထောက်ပံ့သွားမယ်ဖြစ်လို့လည်း ရှမ်းနီ SNA တပ်ကပြောဆိုထားတယ်လို့ သိရပါတယ်။
စစ်တပ်နဲ့ ရှမ်းနီ SNA တပ်တွေ အင်းတော်ကြီးဒေသထဲမှာ ကချင်လူမျိုးတွေ နေထိုင်လို့မရအောင် အခုလို လူမျိုးရေးခြိမ်းခြောက် ပြောဆိုတာတွေ၊ လူနေအိမ်လိုက်လံချိတ်ပိတ်ပြီး တန်ဖိုးရှိ ပစ္စည်းတွေ ခိုးယူလိုက်တာတွေ၊ စစ်အင်အားများပြားလာဖို့ စည်းရုံးပြောဆိုတာတွေ ဆက်တိုက်လုပ်ဆောင်နေတာဖြစ်ပါတယ်။
ဒီဖြစ်စဉ်တွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၅ ရက်နေ့ မိုင်းနောင်နဲ့ မမုံကိုင် ကျေးရွာနှစ်ခုစလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ လက်လွတ်လိုက်ရပြီးနောက် လူမျိုးရေးနဲ့ စစ်ရေး နှစ်ခုစလုံးဖော်ဆောင်ကာ တိုက်ခိုက်လာတာဖြစ်ပါတယ်။
မိုင်းနောင် နဲ့ မမုံကိုင် သိမ်းပိုက်လိုက်တဲ့အတွက် အင်းတော်ကြီး – ဖားကန့် ဂွေခါလမ်းပိုင်းတစ်လျှောက်ကိုလည်း စစ်ဆေးရေးတင်းကြပ်ပြီး ကချင်လူမျိုးတွေကို အဓိက သွားလာလို့မရအောင် ဖမ်းဆီးရိုက်နက် တာတွေလုပ်ဆောင်နေတာဖြစ်ပါတယ်။
ဒါကြောင့် နန့်မွန်မြို့၊ မိုင်းနောင်နဲ့ မမုံကိုင် ဒေသအတွင်းနေထိုင်တဲ့ ကချင်ပြည်သူတွေဟာ ကျေးရွာအတွင်းမှာ နေထိုင်လို့မရအောင် လူမျိုးရေးခြိမ်းခြောက်ခံရတာတွေ၊ လမ်းပိုင်းသွားလာလို့မရအောင် ပိတ်ဆို့ တားမြစ်ခံရတာတွေ အမျိုးမျိုးကြုံတွေ့ နေရတာဖြစ်ပါတယ်။
လက်ရှိ နေရပ်စွန့်ပြီး တိမ်းရှောင်သွားကြတဲ့ ကချင်ပြည်သူ စုစုပေါင်း နှစ်ထောင်ကျော်ခန့်ရှိပြီး တိမ်းရှောင်နေတဲ့ နေရာတွေမှာ အစားအသောက်နဲ့ ဆေးဝါးအကူအညီတွေ ကူညီထောက်ပံ့ပေးဖို့ အရေးပေါ် အကူအညီလိုအပ်နေတာဖြစ်ပါတယ်။
အင်းတော်ကြီးဒေသမှာ လူမျိုးရေးပြဿာနာနဲ့ စစ်ရေး နှစ်မျိုးစလုံး တစ်ပြိုင်နက် ကြုံတွေ့နေရတဲ့ ကချင်ပြည်သူတွေရဲ့ အခြေအနေဟာ နေရပ်ပြန်လည်နေထိုင်ဖို့ဖြစ်ဖြစ်၊ ဖြစ်ပျက်နေတဲ့ လူမျိုးရေးပြဿာနာ ဆက်ကြီးမကြီးထွားလာအောင် သတ်ငြိမ်းပေးနိုင်ဖို့က လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးပေါ်မှာ အများကြီးသက်ဆိုင် နေတယ်လို့ ဒေသခံကချင်ပြည်သူတွေက သုံးသပ်ပြောဆိုနေကြတာဖြစ်ပါတယ်။
ဒါမှမဟုတ် အင်းတော်ကြီးဒေသတစ်ခုလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လုပ်ဆောင်နေတဲ့ စစ်ရေးတစ်ခုအပေါ်မှာလည်း တိုက်ရိုက်ထိရောက်မှုရှိလာနိုင်တယ်လို့လည်း ဆိုနေကြပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)



