စစ်သင်္ဘောတွေရောက်ပြီးနောက် ဗန်းမော်မြို့မှာတိုက်ပွဲပြင်းထန်လာ
ကချင်ပြည်နယ်မှာ စစ်ကောင်စီရဲ့စစ်သင်္ဘောတွေရောက်ရှိပြီးတဲ့နောက် ဗန်းမော်မြို့မှာ နှစ်ဖက်တပ်တွေအကြား ထိတွေ့တိုက်ပွဲတွေပိုပြီး ပြင်းထန်လာတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။
မန္တလေးဂေါဝန်ဆိပ်ကမ်းကနေ ဆန်တက်လာခဲ့တဲ့ စစ်ကောင်စီရဲ့စစ်သင်္ဘောတွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁ ရက်နေ့ကပဲ ဗန်းမော်မြို့ကိုရောက်ရှိလာခဲ့ပြီးဗန်းမော်မြို့အပါအဝင်ဆန်တက်လာတဲ့မြစ်ကြောင်းတစ်လျှောက်က ထီးချိုင့်၊ ကသာ၊ ရွှေကူမြို့တွေမှာပါလက်နက်ရိက္ခာနဲ့ လူအင်အားတချို့ဖြည့်တင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
စစ်သင်္ဘောတွေရောက်ပြီးနောက် ဗန်းမော်မြို့မှာ စစ်တပ်ဘက်ကဒရုန်းတွေပိုပြီးအသုံးပြုလာနေတယ်လို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကအခုလိုပြောပါတယ်။
“ဗန်းမော်ကိုစစ်သင်္ဘောတွေရောက်သွားပြီးတော့ သူတို့အင်အားတွေချတယ်။ လက်နက်ရိက္ခာတွေဖြည့်တင်းတယ်။ လက်တလောမှာတော့ ထိုးစစ်တော့မကြားရသေးဘူး။ ဒရုန်းတွေနဲ့ နေရာအစုံတွေမှာ တော်လှန်ရေးအဖွဲ့တွေရှိတယ်လို့ယူဆရတဲ့နေရာတွေကို ဒရုန်းတွေနဲ့ဗုံးသီးတွေနဲ့ချတယ်။ အဲ့လိုတွေခပ်စိပ်စိပ်လုပ်လာတာတွေ့ရပါတယ်”လို့ ဗန်းမော်ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘောအစီး၂၀ကျော်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့နဲ့ ၂၂ ရက်နေ့တွေကပဲ မန္တလေးဂေါဝန်ဆိပ်ကမ်းကနေ ကချင်ပြည်နယ်ဗန်းမော်မြို့ကိုဦးတည်ကာနှစ်သုတ်ခွဲပြီးဆန်တက်ခဲ့ကြတာပါ။
ဗန်းမော်မြို့မှာ စစ်သင်္ဘောတွေမရောက်ရှိခင်ကတည်းက နေ့တိုင်းလိုလိုနှစ်ဖက်တပ်တွေအကြား ထိတွေ့မှုတွေဖြစ်နေပေမဲ့ စစ်သင်္ဘောတွေရောက်ပြီးတဲ့နောက်မှာတော့ တိုက်ပွဲကပိုပြီးပြင်းထန်လာတဲ့အခြေနေလို့ဆိုပါတယ်။
“စစ်သင်္ဘောတွေမရောက်ခင်ထဲကတော့ဗန်းမော်မှာကထိတွေ့တော့နေ့တိုင်းလိုလိုရှိတယ်ဗျ စစ်သင်္ဘောတွေရောက်ပြီးတဲ့နောက်တော့တိုက်ပွဲပြင်းထန်တဲ့ပုံစံမျိုးပြောလို့ရတယ် ဗန်းမော်တဖက်ကမ်းကရွာတွေအနေနဲ့အထူးဂရုစိုက်ဖို့တော့မှာချင်ပါတယ်ဗျ”လို့ နောက်ထပ်ဗန်းမော်မြို့သိမ်းတိုက်ပွဲကရှေ့တန်းစစ်မြေပြင်မှာပါဝင်လှုပ်ရှားနေသူတစ်ဦးကပြောပါတယ်။
ဒါ့အပြင်တစ်ဖက်မှာတော့ စစ်သင်္ဘောတွေနဲ့အတူရောက်ရှိလာတဲ့ လူအင်အားတွေဟာ စစ်မှုထမ်းဥပဒေအကြားအတင်းအဓမ္မစုဆောင်းခံရတဲ့လူငယ်တွေအများစုဖြစ်တယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။
စစ်ကောင်စီရဲ့စစ်သင်္ဘောတွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လကလည်း ဧရာဝတီမြစ်ကိုအသုံးပြုကာ အထက်ဘက် တကောင်း၊ ထီးချိုင့်၊ကသာ၊ကချင်ပြည်နယ်ရွှေကူ၊ ဗန်းမော်မြို့တွေအထိ စစ်လက်နက်နဲ့ရိက္ခာတွေဖြည့်တင်းနိုင်ခဲ့ပါတယ်။
တော်လှန်ရေးအင်အားစုတွေကလည်း အဲ့ဒီစစ်သင်္ဘောတွေဆန်တက်လာတိုင်းပစ်ခတ်တိုက်ခိုက်ကြပြီး စစ်သင်္ဘောတွေနစ်မြုပ်ပျက်ဆီးတာတွေရှိသလိုဒီနှစ်မှာတော့ သပိတ်ကျင်းမြို့နယ်မှာ တွဲတွန်းသင်္ဘောတစ်စီးနဲ့ ရွှေကူမြို့နယ်အရောက်မှာနောက်ထပ်သင်္ဘောငယ်တစ်စီးကိုဖျက်စီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
တစ်ဖက်မှာတော့ အဲ့ဒီစစ်သင်္ဘောတွေဆန်တက်နိုင်ဖို့ စစ်ကောင်စီတပ်ဟာ မြစ်ကြောင်းတစ်လျှောက်လမ်းကြောင်းရှင်းဖို့အတွက်လေကြောင်းတိုက်ခိုက်တာ၊လက်နက်ကြီးပစ်ခတ်တာတွေလုပ်ခဲ့တာကြောင့် အရပ်သား ၃၀ ဦးအထိသေဆုံးခဲ့ရပါတယ်။
သေဆုံးခဲ့ရတဲ့တဲ့ အရပ်သား ၃၀ ဦးထဲမှာ ဝက်လက်မြို့နယ်က အရပ်သား ၂၁ ဦး၊ ကသာမြို့နယ်က အရပ်သား ၂ ဦး၊ ရွှေကူမြို့နယ်က အရပ်သား ၇ ဦးနဲ့ ဗန်းမော်မြို့ကအမျိုးသမီးတစ်ဦးတို့ဖြစ်ပြီးအသက် ၉ နှစ်အရွယ်ကနေ အသက် ၇၀ ကျော်အရွယ်တွေအထိပါဝင်တယ်လို့သိရပါတယ်။
By – အမိုး



