စစ်သင်္ဘောတွေရောက်ပြီးတဲ့နောက် တိုက်ပွဲတွေပြင်းထန်နေတဲ့ဗန်းမော်မြို့မှာ စစ်ကောင်စီတပ်ကထိုးစစ်တွေ စတင်လာပြီး KIA ပူးပေါင်းတပ်တွေသိမ်းပိုက်ထားတဲ့နေရာတချို့ကိုလည်းလက်လွှတ်လိုက်ရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။
၂၀၂၅ ခုနှစ် ဒီနှစ်ရဲ့အစပိုင်းမှာပဲကေအိုင်အေပူးပေါင်းတပ်တွေသိမ်းပိုက်ထားတဲ့ အမတ ၃၆၆ အမြောက်တပ်အပါအဝင်လေယာဥ်ကွင်းကနေပါ နောက်ဆုတ်ပေးထားရတယ်လို့ ဆိုပါတယ်။
“အခုက အရင်ကရထားတဲ့ ၃၆၆ စစ်တပ်ဆိုတာ လေယာဥ်ကွင်းဘေးနားကတပ်ပေါ့။ အဲ့တပ်ရယ် လေယာဥ်ကွင်းရယ်ပြန်ပေးလိုက်ရတဲ့ပုံစံရှိတယ်ဗျ။အဓိကက လေယာဥ်ကွင်းပေးလိုက်ရပြီးနောက်သူတို့ဘက်ကပြန်ထိုင်ထားလားမထိုင်ထားဘူးလားတော့မသိဘူး။ ၃၆၆ လည်းထိုင်ထားလောက်မယ်တော့ထင်တယ်။ ဒီရက်ပိုင်းကတော့ပြန်ဆုတ်ထားရတာတွေများတယ်လို့ကြားတယ်”လို့ ဗန်းမော်ရှေ့တန်းစစ်မြေပြင်မှာပါဝင်လှုပ်ရှားနေတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက်ကပြောပါတယ်။
ဒါပေမဲ့ လေယာဥ်ကွင်းကိုတော့အလုံးစုံလက်လွှတ်လိုက်ရတာမျိုးတော့မဟုတ်ဘူးလို့ သူကဖြည့်စွက်ပြောပါတယ်။
မန္တလေးဂေါဝန်ဆိပ်ကမ်းကနေ ဆန်တက်လာခဲ့တဲ့ စစ်ကောင်စီရဲ့စစ်သင်္ဘောတွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁ ရက်နေ့ကပဲ ဗန်းမော်မြို့ကိုရောက်ရှိလာခဲ့ပြီးဗန်းမော်မြို့အပါအဝင်ဆန်တက်လာတဲ့မြစ်ကြောင်းတစ်လျှောက်ကမြို့တွေမှာပါလက်နက်ရိက္ခာနဲ့ လူအင်အားတချို့ဖြည့်တင်းနိုင်ခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘောအစီး၂၀ကျော်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့နဲ့ ၂၂ ရက်နေ့တွေကဘဲက မန္တလေးဂေါဝန်ဆိပ်ကမ်းကနေကချင်ပြည်နယ်ဗန်းမော်မြို့ကိုဦးတည်ကာနှစ်သုတ်ခွဲပြီးဆန်တက်ခဲ့ကြတာပါ။
စစ်သင်္ဘောတွေရောက်လာပြီးတဲ့တောက် ဒီရက်ပိုင်းအတွင်းမှာတော့ဗန်းမော်မြို့မှာစစ်ကောင်စီကထိုးစစ်ပြန်ဆင်လာနေပြီး ဒရုန်းအပါအဝင်သံချပ်ကာတွေသုံးပြီးပြန်လည်တိုက်ခိုက်လာတယ်လို့သိရပါတယ်။
“ထိုးစစ်ကတော့သူတို့ဘက်ကပြန်ထိုးနေတာ။ ဒီနောက်ပိုင်းကသူတို့သုံးလာတဲ့လက်နက်အသစ်အဆန်းတွေဆိုလို့ရှိရင် သံချပ်ကာတွေပြန်သုံးလာတဲ့ပုံစံမြင်နေရတယ်။ သံချပ်ကာတွေကိုဒီနောက်ပိုင်းကမသုံးတော့ဘူး။ အခုပြန်သုံးလာတယ်။ Sucide Drone တွေအစကသိပ်မတွေ့ရတာတွေပြန်သုံးလာတာရှိတယ်။ ကျန်တာကတော့ သင်္ဘောကနေလည်းတစ်ခါတစ်ခါပစ်ကူတယ်။ လေကြောင်းတိုက်ခိုက်မှုကလည်းနေ့တိုင်းလိုလိုပဲ တစ်နေ့ကပဲညကြီးကိုဂျက်ဖိုက်တာနဲ့ ၅ ခါလောက်လာကြဲသွားတယ်”လို့အထက်ပါကာကွယ်ရေးတပ်ဖွဲ့ဝင်ကဆက်ပြောပါတယ်။
တစ်ဖက်မှာတော့ စစ်သင်္ဘောတွေနဲ့အတူရောက်ရှိလာတဲ့လူအင်အားထဲမှာတော့ စစ်မှုထမ်းဥပဒေအကြားအတင်းအဓမ္မစုဆောင်းခံရတဲ့လူငယ်တွေအများစုပါဝင်လာပြီး KIAပူးပေါင်းတပ်ဆီထွက်ပြေးခိုလှုံလာသူတွေရှိတယ်လို့သိရပါတယ်။
စစ်ကောင်စီရဲ့စစ်သင်္ဘောတွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လကလည်း ဧရာဝတီမြစ်ကိုအသုံးပြုပြီး အထက်ဘက် တကောင်း၊ ထီးချိုင့်၊ကသာ၊ကချင်ပြည်နယ်ရွှေကူ၊ ဗန်းမော်မြို့တွေအထိ စစ်လက်နက်နဲ့ရိက္ခာတွေဖြည့်တင်းနိုင်ခဲ့ပါသေးတယ်။
တရုတ်နိုင်ငံ နဲ့ နယ်စပ်မှာတည်ရှိပြီး ကချင်ပြည်နယ်ရဲ့ဒုတိယမြို့တော်လည်းဖြစ်တဲ့ဗန်းမော်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်တွေဟာပြီးခဲ့တဲ့နှစ် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကပဲ မြို့သိမ်းတိုက်ပွဲကိုစတင်ခဲ့တာဖြစ်ပါတယ်။
By – အမိုး



