နာဂဒေသ ဆေးဝါးပြတ်တောက်မှုကြောင့် ဒေသခံတွေ ဆေးကုသခံယူဖို့ အခက်ကြုံ
စစ်ကိုင်းတိုင်းဒေသကြီး နာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခန္တီးမြို့ နဲ့ လဟယ်မြို့နယ်၊ လေရှီးမြို့တွေမှာ ဆေးဝါးပြတ်တောက်မှုကြောင့် ဒေသခံတွေဆေးကုသရေးမှာအခက်အခဲကြုံနေရကြောင်း သိရပါတယ်။
၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်း စစ်တပ်နဲ့ကာကွယ်ရေးတပ်တို့တိုက်ပွဲကြောင့် ခန္တီး၊ လဟယ်၊ လေရှီးမြို့နယ်တွေအတွက် တစ်ခုတည်းသောကုန်စည်စီးဆင်းရာလမ်းကြောင်းဖြစ်တဲ့ ချင်းတွင်းမြစ်ကြောင်းဟာ ပုံမှန်သွားလာလို့မရတော့တဲ့အတွက် ဆေးဝါးပြတ်တောက်နေတာလို့ ခန္တီးမြို့ခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။
“ကျွန်တော်တို့နာဂဒေသဒီ ခန္တီး၊လဟယ်ဘက်ဟာဆိုရင်ဖြင့် ဒီချင်းတွင်းမြစ်ကြောင်းကလာမှသာလျှင် ဒီဆေးဝါးနဲ့တခြားအခြေခံစားသောက်ကုန်တွေရရှိမှာဖြစ်တယ်ဒါပေမယ့်အခုနောက်ပိုင်းချင်းတွင်း။ကသွားလာလို့မရတဲ့အတွက် ခန္တီး၊လဟယ်၊လေရှီးဒီဒေသတွေဟာ ဆေးဝါးမရှိဘူး၊ဆေးဝါးပြတ်လပ်မှုတွေရှိတယ်”လို့ အသက် ၄၀ ကျော်အရွယ်ဒေသခံတစ်ဦးကပြောပါတယ်။
ဒါ့အပြင် ပြည်သူ့ဆေးရုံ၊ကျေးလက်ဆေးပေးခန်းတွေရှိနေပေမယ့် ဆေးဝါးမရှိတာကြောင့်ဆေးပေးခန်းတွေပိတ်ထားရတာ၊ တစ်ချို့ဆေးရုံဆေးပေးခန်းတွေမှာလက်ကျန်ရှိတဲ့ဆေးနဲ့လူနာတွေကို အဆင်ပြေသလို ဆေးကုပေးနေရတာတွေကြုံတွေ့နေရကြအထက်ဖော်ပြပါအမျိုးသားကဆက်ပြောပါတယ်။
“ကျေးလက်ဆေးပေးခန်းတွေ ဆရာ/မ တွေရှိတယ် ဘာဆေးမှမရှိလို့ဒီတိုင်းပိတ်ထားကြတာ။ ဆေးမလောက်လို့ စားဆေးလေးရက်၊ငါးရက်စာပေးရမယ့်ဟာကို တစ်ရက်စာလောက်ပဲပေးနိုင်တာမျိုးချွေတာပြီးတော့ဆေးကုနေတာမျိုးတကယ်စိတ်မကောင်း။ တွေကြုံနေရတယ်လူနာကများ ကမလုံလောက်ပေါ့လေး”လို့ ဆက်ပြောပါတယ်။
နာဂဒေသ ခန္တီး၊လဟယ်၊လေရှီးမြို့နယ်တွေမှာ အပြင်ဆေးရုံ၊ဆေးပေးခန်းတွေမရှိသလောက်နည်းပါးတာကြောင့်ပြည်သူတွေဟာ ဆေးဝါးအတွက် အစိုးရဆေးရုံ၊ဆေးပေးခန်းတွေကိုသာရာနှုန်းပြည့်အားကိုးနေတာလို့သိရပါတယ်။
“ဒီဘက်ဒေသတွေက အပြင်ဆေး ဆိုင်သီးသန့်ဆိုတာမျိုးသိပ်မရှိဘူးမရှိသလောက်ပဲ အစိုးရဆေးရုံတွေဆေးခန်းတွေကပဲသူတို့အတွက်အဓိကပေါ့။ အခုအစိုးရဆေးရုံဆေးခန်းတွေမှာ ဆေးဝါးမရှိတော့ ဘယ်မှသွားကုမရတော့ခြေနေမမျိုးဖြစ်နေတာ”လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
နာဂဒေသအတွက်ဆေးဝါးကအစ အခြေခံစားသောက်ကုန်၊လူသုံးကုန်တွေကို မုံရွာမြို့ကနေတစ်ဆင့် မုံရွာ–ဟုမ္မလင်း –ခန္တီးက ချင်းတွင်းမြစ်ကြောင်းအတိုင်းသယ်ယူရတာဖြစ်ပါတယ်။
သို့သော် ခန္တီး–လဟယ်ဒေသရောက်ဖို့ ကနီ၊ကလေးဝ၊မော်လိုက်၊ဖောင်းပြင်၊မင်းကင်းစတဲ့မြို့နယ်တွေကိုဖြတ်ကျော်ရပြီး အဲ့ဒီမြို့နယ်တွေဟာ စစ်ရေးတင်းမာပြီးတိုက်ပွဲတွေပုံမှန် ဖြစ်ပွားနေတာကြောင့် ကုန်ကုန်သင်္ဘော သွားလာဖို့ခက်ခဲသွားတာလို့ဟုမ္မလင်းမြို့ခံအမျိုးသမီးတစ်ဦးက KNGကိုပြောပါတယ်။
“ရေကြောင်းကပုံမှန်မဖြစ်တာတစ်နှစ်ကျော်လောက်ရှိပြီကောရေကြောင်းကဘယ်ဘက်ကမှပိတ်မထားဘူးသွားလို့လာလို့မရတာ ကနီး၊မင်းကင်းတို့ဖောင်းပြင်တို့က ချင်းတွင်းမြစ်ကြောင်းတလျှောက် တိုက်ပွဲတွေကြီးဆက်တိုက်ဖြစ်နေတော့ဘယ်ကုန်သင်္ဘောမှအသက်စွန့်ပြီးမလာရဲဘူးလေ အဲ့ကြောင့်အခု နောက်ပိုင်းက သုံးလလောက် မှတစ်ကြိမ်ကုန်သင်္ဘောတွေ ကရောက်တာ”လို့ သူကပြောပါတယ်။
ဆေးဝါးပြတ်တောက်မှုဟာမြို့ပေါ်တွေထက် ကျေးလက်ဒေသဘက်ပိုများတယ်လို့ သိရပြီးတချို့မြို့ပေါ်ဆေးကုလာရင်း လမ်းခုလတ်မှာသေဆုံးသွားတဲ့လူနာတွေလည်းအများအပြားရှိနေတယ်လို့ဒေသခံတွေကဆိုပါတယ်။
“မနက်တော့ဆေးကုဖို့ထမ်းဆင်နဲသယ်သွားပေမယ့် နောက်မနက် ဆေးရုံမရောက်ပဲလမ်းမှာဆုံးသွားလို့အလောင်းပြန်သယ်လာရတဲ့ ဖြစ်စဥ်မျိုးကလည်းခနခနပါပဲ ဒါကဆေးဝါးမလုံလောက်တဲ့ပြဿနာတွေကြောင့်ဖြစ်တာအများကြီးပဲ ဒီလိုဖြစ်စဥ်တွေ”လို့ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
ခန္တီး၊လဟယ်မြို့နယ်တွေဟာ ဟုမ္မလင်းမြို့နယ်ရဲ့အထက်ပိုင်းမှာရှိပြီး ကုန်စည်သယ်ယူဖို့ချင်းတွင်းမြစ်ကြောင်းတစ်ခုတည်းသာရှိကြောင်းသိရပါတယ်။
လက်ရှိမှာတော့ ပြီးခဲ့တဲ့ ဇွန်၊ဇူလိုင်လ တုန်းကမိုးရွာတွင်းမှုကြောင့် ခန္တီး၊လဟယ်မြို့နယ်တွေထဲလမ်းမြေပြိုမှုအကြီးအကျယ်ဖြစ်ပွားခဲ့ပြီး တချို့နေရာတွေလက်ရှိအချိန်အထိအသွားအလာပြတ်တောက်နေဆဲလို့သိရပါတယ်။
ခန္တီး၊လဟယ်၊လေရှီးဒေသတွေဟာ နာဂလူမျိုးတွေအများစုနေထိုင်ကြတာဖြစ်ပြီး ခန္တီးမြို့နယ်မှာကျေးရွာပေါင်း ၁၀၀ ကျော်၊ လဟယ်မြို့နယ်မှာကျေးရွာပေါင်း ၁၀၀ ကျော်နဲ့ လေရှီးမြို့နယ်မှာ ကျေးရွာပေါင်း ၇၀ ကျော်ရှိပြီး လူဦးရေ သုံးသိန်း ကျော်နေထိုင်ကြောင်းသိရပါတယ်။
By – Zaw Zaw



