သတင်း

နမ္မတူမှာ (၄၈) ကြိမ်မြောက် ကချင်အမျိုးသမီးနေ့ကျင်းပ

ရှမ်းမြောက်၊ နမ္မတူမြို့မှာ ကချင်အမျိုးသမီးများနေ့ အခမ်းအနားကို ပထမဆုံးအကြိမ်ကျင်းပနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီနေ့ ဩဂုတ် ၁၉ ရက်နေ့ဟာ (၄၇) နှစ်ပြည့် (၄၈) ကြိမ်မြောက် ကချင်အမျိုးသမီးများနေ့ (Wunpawng Mungdan Shanglawt Amyu Shayi masat Ninghtoi ) နေ့ဖြစ်ပါတယ်။ 

ဒါကြောင့် နမ္မတူမြို့မှာရှိတဲ့ ကချင်အမျိုးသမီးခေါင်းဆောင်များနဲ့ ဒေသခံလူထုတွေဟာ (၄၈)ကြိမ် မြောက် ကချင်အမျိုးသမီးနေ့အထိမ်းအမှတ်ကို ကောင်းမွန်စွာလုကျင်းပနိုင်ခဲ့တယ်လို့ အစီအစဉ်မှာ ပါဝင်သူ ဒေသခံအမျိုးသားတစ်ဦးက KNG ကို အခုလို ပြောပါတယ်။

ကျနော်တို့ နမ္မတူဒေသမှာ ပထမဆုံးအကြိမ်အဖြစ် အစီအစဉ်ကို လုပ်ဖြစ်နိုင်ပြီဖြစ်တယ်။ အရင်ကဆိုရင် တောရွာတွေမှာ တိုးတိုးတိတ်တိတ်နဲ့ပဲလုပ်ခဲ့ရတာပေါ့။ စစ်တပ်ထိန်းချူပ်တဲ့ နယ်မြေတွေမျာ ကချင်အမျိုးသမီးများနေ့အထိမ်းအမှတ်ကို ကျယ်ကျယ်ပြန့်ပြန် လုပ်လို့မရဘူး။ ဒီနေ့မှာတော့ အမျိုးသမီးတွေကို စိတ်ဓါတ်မြင့်တင်ရေးနဲ့ ခွန်အားပေးမှု အစီအစဉ်တွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်လို့ ကချင်အမျိုးသမီးများနေ့အခမ်းအနားမှာ တက်ရောက်ခဲ့သူ နမ္မတူဒေသခံ ကချင်အမျိုးသားတစ်ဦးက ပြောပါတယ်။

ဒီအစီအစဉ်မှာ နမ့်ဖတ်ကာမြို့နယ်ထဲက ကချင်အမျိုးသမီးခေါင်းဆောင်များ၊ အမှုထမ်းများနဲ့ မိုင်းမော်( မုံးမော်) နဲ့ နမ္မတူတိုက်နယ်ထဲက အမျိုးသမီးခေါင်းဆောင်များ အပါအဝင် လူဦးရေ စုစုပေါင်း ၂၁၀ ကျော် ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အဓိကအားဖြင့် အမျိုးသမီးတွေကို စိတ်ဓာတ်မြင့်တင်ရေး ဟောပြောမှု၊ ကချင်အမျိုးသမီးများနေ့ ဖြစ်ပေါ်လာရတဲ့ အကြောင်းရင်း သမိုင်းဖတ်ကြားတာ၊ ဒေသတွင်း လက်တွေ့တာဝန်ထမ်းဆောင်နေတဲ့ အမျိုးသမီးခေါင်းဆောင် အမှုထမ်းတွေကို အသိအမှတ်ပြု ဆုချီးမြင့်တဲ့ အစီအစဉ်တွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

နမ့်ဖတ်ကာတိုက်နယ်အတွင်းက အမှုထမ်းအားလုံးအတွက်၊ ဗန်းမော်တိုက်ပွဲမှာပါဝင်နေတဲ့ ရဲဘော်အားလုံးအတွက်ဆုတောင်းခြင်း နမ့်ဖတ်ကာတိုက်နယ်ထဲက အမျိုးသမီးအားလုံးအတွက်၊ မုံးမော်(မိုင်းမော်)အတွင်း အမှုထမ်းနေတဲ့ အမျိုးသမီးအားလုံးအတွက်နဲ့ မုံးမော်(မိုင်းမော်)ဒေသကို တာဝန်ယူနေတဲ့ ခေါင်းဆောင်အားလုံးအတွက် စသဖြင့် အဓိကဆုတောင်းခြင်းအစီအစဉ်ကို လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

(၄၇) နှစ်ပြည့် (၄၈) ကြိမ်မြောက် ကချင်အမျိုးသမီးများနေ့မှာ ကချင်အမျိုးသမီးရေးရာအဖွဲ့ချုပ်က ထုတ်ပြန်တဲ့ မိန့်ခွန်းမှာ 

တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်သွေးပေးဆပ်ခဲ့တဲ့ သူရဲကောင်းအားလုံးကို အလေးပြုပါတယ်။ ကျမတို့ လူမျိုးတွေလွတ်မြောက်ဖို့ တော်လှန်ရေးလုပ်ငန်းမှာ ကြိုးစားခဲ့တဲ့ အမျိုးသမီးခေါင်းဆောင်တွေနဲ့ ကြိုးစားနေဆဲဖြစ်တဲ့ အမျိုးသမီး အမှုထမ်း ညီမငယ်တွေ အားလုံးကို အလေးပြု အသိအမှတ်ပြုပါတယ်။ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO/KIA အမှုထမ်းတွေရဲ့ အမျိုးသမီးအားလုံးကိုလည်း ကျေးဇူးတင် အသိအမှတ်ပြုပါတယ်။ ကျဆုံးရဲဘော်တွေ ချန်ရစ်ခဲ့ရသော မိသားစုဝင်များ အမျိုးသမီးများ ကလေးများ အားလုံး ဘုရားဆီက ခွန်အားတွေရရှိကာ ပိုမိုကောင်းမွန်တဲ့ ခရီးကိုလျှောက်လှမ်းနိုင်ကြပါစေ။ ကျမတို့ တိုင်းပြည်ကလူမျိုးအားလုံး မျှော်လင့်နေတဲ့ ပန်းတိုင်ကို ရောက်ရှိအောင် စည်းလုံးညီညွှတ်စွာ သွားကြစို့လို့ တိုက်တွန်းချင်ပါတယ်လို့ ကချင်အမျိုးသမီးရေးရာအဖွဲ့ချုပ် ဥက္ကဌနန်းဇိန်းကော့ဖန်က မိန့်ခွန့်မှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ကချင်အမျိုးသမီးများနေ့ (Wunpawng Mungdan Shanglawt Amyu Shayi masat Ninghtoi ) ကို တော်လှန်ရေးတပ်ဖွဲ့ထိန်းချုပ်ထားတဲ့ လွတ်မြောက်နယ်မြေတွေမှာ အစီအစဉ်တွေ လွတ်လပ်စွာ ပြုလုပ်နိုင်ပေမဲ့ စစ်တပ်ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာတော့ အစီအစဉ်တွေ ကောင်းမွန်စွာ လှုပ်ရှား လုပ်ဆောင်ခြင်း မရှိတာလည်း ဖြစ်ပါတယ်။   

ကချင်အမျိုးသမီးများအဖွဲ့ချုပ်မှ အမျိုးသမီးနဲ့ ကလေးတွေကို ကာကွယ်ဖို့နဲ့ အမျိုးသမီးအခွင့်အရေး တိုးတက်ရေး၊ လူမှုဖွံ့ဖြိုးရေးနဲ့ ပညာရေး၊ ကျန်းမာရေးအပြင် ငြိမ်းချမ်းရေးအတွက် အမျိုးသမီးအခန်းကဏ္ဍ တိုးချဲ့ရေး စတဲ့အဓိက ရည်ရွယ်ချက်တွေနဲ့ ကချင်အမျိုးသမီးများနေ့ အထိမ်းအမှတ် ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။

အမျိုးသမီးတွေကို အခုလုံး စည်းရုံးပြီး စိတ်ဓာတ်မြင့်တင်ရေးလုပ်ငန်းတွေ လုပ်ဆောင်ခြင်းအားဖြင့် အကျိုးအများကြီးပြုတယ်။ ကျနော်တို့ဒေသမှာ မကြားဖူး မသိဖူးတဲ့တဲ့အရာတွေများတယ်၊ တချို့ဆို အမျိုးသမီးနဲ့ဆိုင်ပြီး ဘာမှမခံစားတတ်ဘူး။ ဒီလိုမျိုးရှိခြင်းအားဖြင့် ဒေသတွင်းက အမျိုးသမီးတွေလည်း ပြည်သူတွေအတွက်လည်း အကျိုးဖြစ်စေမှု များစွာရှိပါတယ်။ ဒီလို ကချင်အမျိုးသမီးများအဖွဲ့ဆိုပြီး ရှိခြင်းဟာ အရမ်းကို ကောင်းမွန်တဲ့အရာလို့ မြင်ပါတယ်။လို့ နမ္မတူဒေသခံ အမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။

လွန်ခဲ့တဲ့ ၁၉၉၂ ခုနှစ် ဩဂုတ် ၁၉ ရက်မှာ ကချင်အမျိုးသမီးခေါင်းဆောင်တွေရဲ့ ပူးပေါင်းဆွေးနွေးမှုနဲ့အတူ WMASH (ကချင်အမျိုးသမီးများအဖွဲ့ချုပ်) ကို တရားဝင်စတင်တည်ထောင်ခဲ့ကြပြီး အဲဒီနေ့ကတည်းကစတင်ကာ ဩဂုတ် ၁၉ ရက်နေ့တိုင်း ကိုကချင်အမျိုးသမီးများနေ့အဖြစ် WMASH အဖွဲ့နဲ့အတူ ကချင်အမျိုးသမီးအသင်းတွေ၊ လူထုနဲ့အတူ အထိမ်းအမှတ်ပြုခဲ့ကြတာဖြစ်ပါတယ်။

အဓိက ရည်ရွယ်ချက်ကတော့ ကချင်အမျိုးသမီးများကို ညီညွတ်စေဖို့၊ ဂုဏ်ပြုဖို့နဲ့ ကချင်အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို ဖော်ထုတ်ဖို့ ဒေသတွင်း အမျိုးသမီးနဲ့ ကလေးသူငယ်တွေကို ကာကွယ်ဖို့ နဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို လုပ်ဆောင်နိုင်ဖို့ ဖြစ်ပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button