မိုးညှင်းမြို့အမြောက်တပ်ရဲ့ လက်နက် ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး
မိုးညှင်းခရိုင် နန်းမားမြို့အဝင်မှာ စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်းတိုက်ခိုက်ခံရပြီးနောက် မိုးညှင်းမြို့ (၄၀၉) အမြောက်တပ်ရဲ့လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှု ကြောင့် ဒေသခံအမျိုးသမီးတစ်ဦး ကျည်ထိမှန်သေဆုံးသွားတယ်လို့ ဒေသခံတွေပြောပါတယ်။
ဩဂုတ်လ ၁၈ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင် စစ်ကောင်စီတပ်ဖွဲ့ ၅ ဦးစီးလာတဲ့ ကားတစ်စီးကို နမ်းမားကာကွယ်ရေးတပ်က မြို့အဝင်တစ်နေရာမှာ စောင့်ကြိုတိုက်ခိုက်ရာ ရဲတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး နောက်ထပ် ၃ ဦးဖမ်းဆီးခံရတယ်လို့ သိရပါတယ်။
အဲဒီနောက် မိုးညှင်းမြို့ အမြောက်တပ်က ည ၇ နာရီကနေ ည၁၂ နာရီကျော်အထိ လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် ကွင်းကြီးကျေးရွာအနီး လယ်ကွက်တစ်နေရာမှာ လက်နက်ကြီးတစ်လုံးကျပေါက်ကွဲတာလို့ဒေသခံအမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။
“လက်နက်ကြီးကျည်စက ပေါင်ရင်းထဲ စိုက်ဝင်တယ်လို့သိရတယ်။ အဲဒီကွင်းကြီးရွာက မိုးညှင်းနဲ့နမ်းမားကြားရှိတာလေ အမျိုးသမီးကဆုံးသွားပြီ”လို့ ပြောပါတယ်။
သေဆုံးသွားတဲ့ အသက် ၆၀ ဝန်းကျင်ရှိ အမျိုးသမီးဟာ ကွင်းကြီးရွာဒေသခံဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်တပ်ရဲ့ယာဉ်တန်းပစ်ခံရပြီးနောက် ဒီမနက်အထိ မိုးညှင်းမြို့နဲ့နမ်းမားမြို့အဝင်ထွက် နေရာ တစ်ချို့မှာ ကား၊ဆိုင်ကယ်စစ်ဆေးတာတွေရှိတယ်လို့ သိရပါတယ်။
မိုးညှင်း၊မိုးကောင်း၊ဖားကန့်မြို့နယ် ၃ ခုနဲ့ဖွဲ့စည်းထားတဲ့ မိုးညှင်းခရိုင်ဟာ လတ်တလော မြို့ပေါ်ကလွှဲလို့ ကျန်တဲ့ကျေးလက်ဒေသအားလုံးနီးပါး စစ်တပ်နဲ့SNA ပူးပေါင်းတပ်၊ KIA နဲ့ ကာကွယ်ရေးပူး ပေါင်းတပ်အကြား တိုက်ပွဲပြင်းထန်နေပါတယ်။
ဒါကြောင့် ဒီဒေသတွင်း ခရီးသွားပြည်သူတွေနဲ့ဒေသခံတစ်ချို့ဟာ တိုက်ပွဲကြား လက်နက်ကိုင်တပ်တွေပစ်တဲ့ လက်နက်ကြီးထိမှန်တာ၊ မှိုင်းစထိမှန်တာတွေ မကြာခနဖြစ်နေတယ်လို့ ကားသမားတစ်ဦးက KNG ကို ခုလိုပြောပါတယ်။
“တော်တော်လေးသတိထားပြီး သွားနေရတယ်။ မိုးကောင်း– ကားမိုင်း– ဖားကန့်လမ်းတွေက တိုက်ပွဲမဖြစ်လည်း အကြွင်းကျန်တွေ နင်းမိမှာကြောက်ရ။ ဒီရက်ပိုင်းဆို တိုက်ပွဲကြားပိတ်မိတော့ ဘယ်ကပစ်တာလဲမသိ ကျည်ထိတဲ့သူတွေလည်းရှိတယ်”လို့ ပြောပါတယ်။
မိုးညှင်းခရိုင်ထဲမှာပါတဲ့ မိုးညှင်းမြို့နယ်နဲ့ မိုးကောင်းမြို့နယ်ဟာ စစ်တပ်လက်အောက်ခံ ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်အားကောင်းတဲ့ဒေသဖြစ်သလို ဒေသတွင်း KPDF ကာကွယ်ရေးတပ်လည်း အားကောင်းတဲ့ဒေသဖြစ်ပါတယ်။
By – Zami



