မြစ်ကြီးနားမှာ လူငယ်တစ်ဦး သေနတ်ထိမှန်ဒဏ်ရာရ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ လူငယ်တစ်ဦး သေနတ်ထိမှန်ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အဖွဲ့ကနေ သိရပါတယ်။
ဖြစ်စဉ်မှာ ဩဂုတ်လ ၂၂ ရက် မနေ့ည ၈နာရီ မိနစ်၂၀ ဝန်းကျင်အချိန် မန်ခိန်ရပ်ကွက် သားအဖရုပ်ထုအနီး ကွန်ကရစ်လမ်းကြားထဲ လမ်းလျှောက်လာကြတဲ့ လူတစ်စုကို ခြုံထဲကနေသေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် အသက်၂၁ ဝန်းကျင်အရွယ် လူငယ်တစ်ဦး ပေါင်မှာပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
“ထိတာက လူနှစ်ယောက်ကိုထိတယ် ဒါပေမယ့်လည်း တစ်ယောက်က ဒဏ်ရာဆိုးဆိုးရွားရွားမရဘူး ပွန်းပဲ့ရုံလောက်ဘဲပေါ့။ မနေ့ည ဆေးရုံပို့လိုက်တဲ့တစ်ယောက်ကတော့ ဘယ်ဖက်ပေါင်မှာ ကျည်ဝင်သွားတယ်”လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
သေနတ်ပစ်ခတ်ခံရတဲ့ လူတွေဟာ မန်ခိန်ရပ်ကွက်အတွင်း ခိုးဆိုးလုယက်မှုတွေများလာတဲ့အတွက် ရပ်ကွက်ထဲက ဖခင်တွေ အမျိုးသားတွေ စုပြီးလုံခြုံရေးယူဖို့အတွက် နေအိမ်တစ်အိမ်မှာ တိုင်ပင်ဆွေးနွေးပြီး ပြန်လာချိန် ပစ်ခံရတာလို့ သိရပါတယ်။
သေနတ်ပစ်ခတ်ခဲ့တဲ့သူတွေဟာ ခြံထဲကနေ ပစ်ခတ်ခဲ့တဲ့အတွက် ဘယ်သူဘယ်ဝါ ဘယ်အဖွဲ့အစည်းဖြစ်တယ်ဆိုတာကိုလည်း သေချာ မသိရှိရသေးတာဘဲ ဖြစ်ပါတယ်။
ဒါ့အပြင် မြစ်ကြီးနားမြို့မှာ ဒီရက်ပိုင်းအတွင်း ခိုးဆိုးလုယက်မှုတွေ ခပ်စိပ်စိပ်ဖြစ်လာပြီး ဓားခုတ်ဒဏ်ရာရရှိသူတွေလည်း အများအပြား ရှိလာပါတယ်။
ဒါပေမယ့်လည်း တာဝန်ရှိသူတွေအနေနဲ့ ခိုးဆိုးလုယက်သူတွေကို သေချာဖမ်းဆီးအရေးယူနိုင်ခြင်း မရှိတဲ့အတွက် အွန်လိုင်းပေါ်တွေမှာတော့ ပြည်သူတွေကသာလျှင်ဖမ်းဆီးနေရတာကို မြင်တွေ့ရပါတယ်။
By – Hope



