တိုက်ပွဲသတင်း

ဖားကန့်မှာ စစ်ကောင်စီရဲ့ ဒရုန်း ၅ စီးနဲ့ကားတစ်စီးကို KIA ပူးပေါင်းတပ်တွေသိမ်းပိုက်

ဖားကန့်မြို့နယ် နမ္မဖြစ်ရွာနားမှာ အိမ်စီးကားနဲ့စစ်ရေးလှုပ်ရှားနေတဲ့ စစ်ကောင်စီပူးပေါင်းတပ်ကို ကေအိုင်အေ ပူးပေါင်းတပ်တွေကြားဖြတ်တိုက်ခိုက်ခဲ့ပြီးကားတစ်စီးနဲ့အတူ ဒရုန်း ၅ စီးကိုပါသိမ်းပိုက်လိုက်နိုင်တယ်လို့သိရပါတယ်။

ဖြစ်စဥ်ကတော့ ဩဂုတ်လ ၂၃ ရက်နေ့ကဖြစ်ပွားခဲ့တာဖြစ်ပြီးတိုက်ခိုက်ရေးဒရုန်း ၄ စီးနဲ့ ကင်းထောက်ဒရုန်းတစ်စီးကိုသိမ်းပိုက်ရရှိခဲ့တယ်လို့စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။

ဖားကန့်မြို့ပေါ်မှာ စစ်ကောင်စီက အိမ်စီးကားတွေနဲ့လှုပ်ရှားနေတဲ့အချိန် ကြားဖြတ်တိုက်ခိုက်တဲ့အခါ ဖားကန့်နဲ့လုံးခင်းကြား နမ္မဖြစ်နားမှာပါ။တိုက်ခိုက်ရေးဒရုန်းနဲ့ ကင်းထောက်ဒရုန်းတစ်စီးလို့ပြောတယ်။ပါကင်ပိတ်တွေလည်းဖြစ်တော့ ဘာအမျိုးအစားတွေလဲတော့မသိဘူးလို့ပြောပါတယ်။

အဲ့ဒီညနေပိုင်းမှာတော့ စစ်ကောင်စီက မှော်စီဆာကျေးရွာ သစ်ဆန်း ကားဝပ်ရှော့က အရပ်သားအမျိုးသား၅ယောက်ကို လူသားဒိုင်းအဖြစ်ဖမ်းဆီးသွားခဲ့တယ်လို့သူကဆက်ပြောပါတယ်။

တစ်ဖက်မှာ အဲ့ဒီလိုစစ်ကောင်စီတပ်တွေကြားဖြတ်တိုက်ခိုက်ခံခဲ့ရပြီးနောက်ပိုင်းကစလို့ ဩဂုတ်လ ၂၄ ရက်နေ့မှာလည်း ဖားကန့် လုံးခင်းသွားလမ်းတစ်ဝှိုက်စစ်ကောင်စီတပ်က ဒေသခံတွေရဲ့ကားတွေကိုဖမ်းဆီးစစ်ဆေးတာတွေလုပ်ခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် ဒီကနေ့မှာတော့ အင်အား၁၀၀ ကျောက်ရှိတဲ့စစ်ကောင်စီပူးပေါင်းစစ်ကြောင်းဟာ မှောစီဆာကျေးရွာကနေ ဖားကန့်မြို့ထဲစစ်ကြောင်းပတ်ထိုးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒေသခံတစ်ဦးကမှော်စီဆာတောင်ပေါ်ကျောင်းမှာတပ်စွဲထားတဲ့ အင်အား ၁၀၀ ကျော်ပါတဲ့စစ်ကောင်စီအုပ်စုတွေက ဖားကန့်ကိုခြေလျင်စစ်ကြောင်းထိုးတယ်။ တစ်လမ်းလုံးဟိုပစ်ဒီပစ်ပစ်သွားတာတွေရှိတယ်။ ဖားကန့်မြို့အဝင်ပန်းတင်တံတားပေါ်မှာထိခိုက်ဒဏ်ရာရတာ၊ အရပ်သားသေဆုံးတာတွေလည်းရှိတယ်လို့ ဒီကနေ့စစ်ရေးအခြေနေနဲ့ပတ်သက်လို့ပြောပြပါတယ်။

ဒီကနေ့ပစ်ခတ်မှုကြောင့် ဖားကန့်မြို့အဝင် ပန်းတင်တံတားမှာ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရပြီး နောက်ထပ်အမျိုးသားသုံးဦးကထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပေမဲ့အခြေနေအသေးစိတ်ကို KNG က စုံစမ်းနေဆဲဖြစ်ပါတယ်။

တစ်ဖက်မှာ ဒီရက်ပိုင်းအတွင်း စစ်ကောင်စီကလည်း လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာတွေဆက်တိုက်လုပ်နေပြီးတော့ အရပ်သားသေဆုံးဒဏ်ရာရတာတွေဆက်တိုက်ဖြစ်လာပြီး ဖားကန့်မြို့မြောက်ဘက်ခြမ်းက အမှိုက်ပုံကျေးရွာတစ်ဝှိုက်မှာလည်း နှစ်ဖက်တပ်တွေအကြားစစ်ရေးတင်းမာနေကြပါတယ်။

ဒါ့ကြောင့် ဖားကန့်မြို့နယ်ထဲ စစ်ကောင်စီတပ်နဲ့ ကေအိုင်အေပူးပေါင်းတပ်တွေအကြား နှစ်ဖက်စစ်ရေးတင်းမာနေတဲ့အပြင် ထိတွေ့တိုက်ပွဲတွေလည်းခပ်စိပ်စိပ်ဖြစ်လာတဲ့အတွက် အသွားအလာဂရုစိုက်ကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော် KIAနဲ့ပူးပေါင်းတပ်တွေကတိုက်တွန်းထားပါတယ်။

စစ်ကောင်စီတပ်ဟာ မြန်မာနိုင်ငံတစ်ဝှမ်းမှာ သူတို့လက်လွှတ်ထားရတဲ့မြို့တွေကိုပြန်လည်ရယူဖို့အရှိန်အဟုန်မြင့်ကြိုးစားလာနေပြီး ကချင်ပြည်နယ်မှာလည်း ဖားကန့်၊ ဝိုင်းမော်နဲ့ ဗန်းမော်မြို့တွေမှာတိုက်ပွဲပြင်းထန်နေပါတယ်။

By – အမိုး

Show More

Related Articles

Back to top button