မြစ်ကြီးနားမြို့မှာ မီးလောင်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံး
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦးလည်း သေဆုံးခဲ့တယ်လို့ မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။
ဖြစ်စဉ်ကတော့ ဒီမနက် ၂ နာရီ ၄၀ မိနစ် ဝန်းကျင်အချိန် အေးမြသာယာ လမ်းသွယ် ၇ စျေးအနောက်ဖက်မှာရှိတဲ့ နေအိမ် မီးလောင်ကျွမ်းခဲ့ပြီး အမျိုးသားတစ်ဦးသေဆုံးခဲ့တာ ဖြစ်တယ်လို့ မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းရဲ့ အဖွဲ့ဝင်တစ်ဦးက ခုလိုပြောပါတယ်။
“ကျွန်တော်တို့စရောက်တော့ သူ့အထဲမှာ ရောက်နေတာဟုတ်တယ်။ ဘေးကလူတွေကတော့ လူရှိတယ်လို့ သတိပေးတယ်။ ဒါမယ့် ကျွန်တော်တို့ မီးများလို့ မဝင်နိုင်ဘူးဖြစ်သွားတယ်”လို့ပြောပါတယ်။
မီးသတ်တပ်ဖွဲ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖော်ပြထားတာကတော့ မီးဟာ ၂နာရီ ၄၀ မိနစ်မှာ စတင်လောင်ကျွမ်းခဲ့ပြီး ၃ နာရီ ၂၀မိနစ်မှာ မီးငြိမ်းနိုင်ခဲ့တယ်လို့ ရေးသားဖော်ပြထားပါတယ်။
သေဆုံးသွားတဲ့သူရဲ့ ရုပ်အလောင်းကိုတော့ မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းကနေပြီးတော့ မြစ်ကြီးနား ရင်ခွဲရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
မီးလောင်သွားတဲ့ အိမ်ဟာ ဂိုထောင်လိုပုံစံမျိုးဖြစ်ပြီး မုန့်ဖာ၊ ကြက်ဥနဲ့ တခြားပစ္စည်းတွေလည်း အကုန်လောင်ကျွမ်းသွားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၁၁ ရက်နေ့တုန်းကလည်း မနက် ၃ နာရီ ဝန်းကျင်အချိန် ရမ်ပူရပ်ကွက် နယ်မြေ (၁၁)ရှိ နှစ်ထပ်အိမ်တစ်အိမ်မီးလောင်သွား ခဲ့တာဘဲ ဖြစ်ပါတယ်။
ဒါ့အပြင် ဩဂုတ်လ ၇ ရက်နေ့မှာလည်း မြို့သစ်ကြီး ကွက်သစ်ရပ်ကွက်မှာ မီးလောင်ကျွမ်းမှုကြောင့် အိမ်ခန်း ၃ ခန်းပါ အဆောင်တန်းလျားအပါကား တစ်စီး၊ ဆိုင်ကယ်တစ်စီး လောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။
မီးလောင်မှုတွေကို ကြည့်ရင် မြစ်ကြီးနားမြို့မှာ ဒီတစ်လအတွင်းမှာဘဲ မီးလောင်ကျွမ်းမှု ၃ကြိမ်ဖြစ်ခဲ့ပါတယ်။
စစ်ကော်မရှင် ပြန်ကြားရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ ပြီးခဲ့တဲ့ နှစ်က မီးလောင်မှုပေါင်း ၁၁၅၀ ခု ဖြစ်ပွားခဲ့ပြီး လူ ၉၉ ဦး သေဆုံးကာ ၁၃၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် မီးလောင်ကျွမ်းမှုကြောင့် ပျက်စီး ရှုံးဆုံးမှုကတော့ ကျပ်သန်း ပေါင်း ၉၄၀၀ ထိရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
By – Hope



