သတင်း

ကာကွယ်ရေးတပ်က သတိပေးထားလို့ နန့်စော်လော်ကျေးရွာပြည်သူတွေ ကြိုတင်တိမ်းရှောင်

ကချင်ပြည်နယ်၊မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသထဲက နန့်စော်လော်ရွာကို ကြိုတင်တိမ်းရှောင် ထားကြဖို့ KPDF တပ်တွေက သတိပေးထားတယ်လို့သိရပါတယ်။

အင်းတော်ကြီးဒေသ အရှေ့ခြမ်း ဟိုပင်အင်းတော်ကြီးလမ်းပိုင်းမှာရှိတဲ့ နန့်စော်လော်ကျေးရွာကို KPDF တပ်တွေက ကြိုတင်ရှောင်တိမ်းထားကြဖို့ ကျေးရွာတာဝန်ရှိသူတွေကနေ တဆင့်သတိပေးထားတယ်လို့ အင်းတော်ကြီးဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

တိုက်ပွဲဖြစ်တာတော့မရှိသေးပါဘူး။ နန့်စော်လော်ဘက်စကစတွေလှုပ်ရှားလာတော့ ဖြစ်လာရင်ပြည်သူတွေကြားညှပ်သွားမှာစိုးလို့ကြိုတင်ရှောင်ကြဖို့ပြောတာ သတိပေးတာတော့နန့်စော်လော်ရွာပဲ။ ဒါပေမယ့်ဘေးနားရွာတွေလည်းခြေနေကြည့်နေရတာပေါ့တချို့လည်းကြိုရှောင်နေကြတယ်နန့်စော်လော်ပဲမဟုတ်ဘူးလို့ အသက် ၄၀ ကျော်အရွယ် အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။

KPDF တပ်က သြဂုတ် ၂၄ ရက်နေ့မနက်ပိုင်းမှာ သတိပေးသွားတယ်လို့သိရပြီး လက်ရှိမှာတော့ နန့်စော်လော်ရွာခံတစ်ချို့နဲ့ အနီးဝန်းကျင်ရွာဖြစ်တဲ့ နန်းသာယာရွာခံတစ်ချို့ဟာ နန်းမား၊ဟိုပင်ဘက်ကြိုတင်ရှောင်တိမ်းတာ၊ ကြိုတင်ပြင်ဆင်တာတွေရှိနေတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့အပတ်ကနေစပြီး နန့်စော်လော်ကျေးရွာဘက်ကို လုံးတုံ၊နန့်မွန်းဘက်ကနေ SNA နဲ့စစ်ကောင်စီပူးပေါင်းတပ်တွေ စစ်ရေးလှုပ်ရှားတာ၊ ယာယီတပ်စွဲတာတွေရှိနေတာကြောင့် အချိန်မရွေးတိုက်ပွဲ ဖြစ်လာနိုင်တဲ့အတွက် KPDF တပ်တွေကအခုလိုကြိုတင်အသိပေးထားတာလို့သိရပါတယ်။

ဒီဘက်ဆိုရင်နန်းမားအခုနန်းစော်လော်အထိကို စကစနဲ့ SNA တွေရှိတယ် နန်းစော်လော်တဝိုက်ဟိုဘက် တောဘက်တွေ ကျတော့ KIAPDF တွေရှိထားတော့ ဘယ်ချိန်မဆိုတိုက်ပွဲ ဖြစ်နိုင်တဲ့အနေအထားမှာအခုလေးလက်နက် ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်တာတွေရှိတော့ ဒီဘက်ကရှောင်ခိုင်းတာပါလို့ နောက်ထပ်‌ ဒေသခံအမျိုးသားတစ်ဦးကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၂ ရက်နေ့ကလည်း အင်အား ၅၀ ခန့ရှိတဲ့ SNA နဲ့စစ်ကောင်စီပူးပေါင်းတပ်တွေ နန့်စော်လော်ထဲ ယာယီတပ်စွဲခဲ့တာရှိတယ်လို့ဒေသခံတွေကဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ အင်းတော်ကြီးဒေသကိုထိန်းချုပ်ဖို့အတွက် ဒီနှစ် မေလကတည်းကနေ စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာကြောင့်လက်ရှိအချိန်အထိအင်းတော်ကြီးနေရာအများပိုင်းမှာ နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေဆဲ ဖြစ်ပါတယ်။

အင်းတော်ကြီးဒေသထဲက ဝှေလုံ၊ ချောင်းဝ ၊ ညောင်ပင်ကျေးရွာတွေထဲက စစ်ကောင်စီတပ်စခန်းတွေကို KIA နဲ့ PDF ပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ်မေလမှာ သိမ်းပိုက်လိုက်ပြီးနောက် ရှမ်းနီပြည်သူ့စစ်တွေဟာ မိုးညှင်းမြို့ကနေဝင်ရောက်လာပြီး ၂၀၂၄ ခုနှစ် ဇွန်လ တတိယပတ်ကတည်းကနေ အင်းတော်ကြီးဒေသထဲမှာ စတင်အခြေချလာတာဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button