ဖားကန့်မှာ စစ်တပ်က စစ်ရေးအရ မျှော်မှန်းထားတဲ့ အခြေအနေအထိ မရောက်ရှိသေးတာကြောင့် အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေသလို စစ်ရေးက ဆိုင်းတောင်ကျေးရွာဘက်ကို ဦးတည်လာနေတယ်လို့ သိရပါတယ်။
လက်လွတ်လိုက်ရတဲ့ နေရာတွေ ပြန်ရဖို့ စစ်တပ်က ပြီးခဲ့တဲ့ ဧပြီ၊ မေလကနေ စတင်စစ်ကြောင်းထိုးလာကာ လက်ရှိမှာ စစ်အင်အားတစ်ထောင်ခန့် အင်အားတိုးချဲ့ထားပြီး စစ်ရေးအရ အရေးပါတဲ့ လမ်းကြောင်းနေရာတွေကို ဦးတည်ပြီးတော့ ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။
ဖားကန့်ဒေသရဲ့ လူဦးရေထူထပ်ပြီး အဓိက အုပ်ချုပ်ရေးယန္တရားလည်ပတ်နေတဲ့ ဖားကန့်မြို့တွင်း၊ လုံးခင်းနဲ့ ဆိုင်းတောင် ကျေးရွာအုပ်စုနေရာတွေကို စစ်တပ်က ရွေးကောက်ပွဲကျင်းပဖို့ မတိုင်မှီအချိန်အထိ နေရာရယူ ထိန်းချုပ်လိုက်ဖို့ ရည်ရွယ်နေတယ်လို့ ဖားကန့် ဒေသခံတွေပြောပါတယ်။
စစ်တပ် ဗျူဟာကုန်းရှိတဲ့ ဖားကန့်မြို့တွင်းနေရာနဲ့ လုံးခင်း ကျေးရွာအုပ်စုထဲမှာ စစ်အင်အားတပ်ဖြန့်ချထားပြီး ဩဂုတ်လအတွင်းကနေ ကင်းပုန်းဝပ့် ဖမ်းဆီးစစ်ဆေးတာတွေကို တင်းတင်းကြပ်ကြပ် လုပ်ဆောင်နေပါတယ်။
လက်ရှိမှာ ဖားကန့်မြို့တွင်းနဲ့ လုံးခင်းအုပ်စုထဲက နေရာတစ်ချို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်ပြီးနောက် ၊ နောက်ထပ် KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ အဓိက နေရာယူထားတဲ့ ဆိုင်းတောင်ကျေးရွာဘက်ကို ထိုးစစ်ဆင်တိုက်ခိုက်ဖို့ လက်နက်ကြီးတွေ နေ့စဉ် ပစ်ခတ်နေတယ်လို့ ဖားကန့်ပြည်သူ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။
“စစ်တပ်က တိုက်ပွဲရှိမှမဟုတ်ဘူး။ သူ့အနေနဲ့ မထိန်းချုပ်နိုင်သေးတဲ့ နေရာတွေကို လက်နက်ကြီးပစ်ခတ်တယ်။ ပြောရမယ်ဆိုရင် တပ်တွေမရောက်သေးတဲ့အခါမှာ KIA နဲ့ တော်လှန်ရေးတပ်တွေရှိတဲံ နေရာတွေကို ပစ်ခတ်မှုလုပ်တယ်။ နောက်တစ်ခါ တိုက်ပွဲမဖြစ်ဘဲ တိုက်ပွဲဖြစ်တဲ့ နေရာတွေကိုကျော်ပြီး ပစ်တယ်။ ပြည်သူတွေကို တခြားအဖွဲ့တွေရဲ့ လက်အောက်မှာ လုံခြုံမှုရှိမှာမဟုတ်ဘူးဆိုတဲ့ ကြောက်စိတ်ရှိအောင်လုပ်တယ်။ အခုဆိုရင် ဆိုင်းတောင်ဘက်မှာ ပြန်ပြီး စစ်ကြောင်းနေပြီ”လို့ပြောပါတယ်။
စစ်တပ်ဟာ ဆိုင်းတောင်ကျေးရွာကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းလာတာကြောင့် ဖားကန့် တပ်မကုန်းကနေ လက်နက်ကြီးတွေကို နေ့ည မပြတ် ပုံမှန်ပစ်ခတ်နေတဲ့အပြင် လေကြောင်းအပါ ဗုံးကြဲတိုက်ခိုက်လာပါတယ်။
စက်တင်ဘာလ၉ ရက်နေ့ အရပ်သားတွေရှိတဲ့ ဆိုင်းတောင် ရပ်ကွက်(၃) ၊ (၄) နဲ့ စာသင်ကျောင်းအနီးဝိုက် လူနေအိမ်တွေမှာ လက်နက်ကြီးကျမှန်ပေါက်ကွဲခဲ့တာကြောင့် အရပ်သားပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
အဲဒီတစ်ရက်ထဲမှာပဲ ညနေပိုင်း ၂ နာရီဝန်းကျင်လောက်မှာ ဆိုင်းတောင်ကျေးရွာအုပ်စု ဆန်းကြွယ် ရွာဘုန်းကြီးကျောင်းအနောက်ဘက်ခြမ်းကို စစ်လေယာဉ် ၂ စီးနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်သွားပါတယ်။
ဒါကြောင့် ဆိုင်းတောင်ကျေးရွာကိုလည်း စစ်တပ်ထိန်းချုပ်နိုင်ဖို့ စစ်ရေးဦးတည်နေပြီး ယခုရက်ပိုင်းအတွင်း ဆန်းကြွယ်နဲ့ မှော်သောင်း တစ်လျှောက်မှာ တိုက်ပွဲဖြစ်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နောက်ထပ် ဖားကန့်ပြည်သူ အမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။
“ဆန်းကြွယ်၊ မှော်သောင်း ဘုန်းကြီးကျောင်းဘက်ကို KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနေရာယူထားတော့ အဲ့ဒီဘက်ကို ပြန်ပြီးထိုးလာတယ်။ အဲ့ကြောင့် တိုက်ပွဲဖြစ်နေတယ်။ အခုတလောက ဆန်းကြွယ်၊ ရခိုင်ကုန်း အဲ့နေရာတွေမှာဖြစ်နေတယ်။ ရခိုင်ကုန်းက နည်းနည်းမြင့်တော့ ဆန်းကြွယ်၊ မှော်သောင်းတွေဘက်ကို လက်နက်ကြီးလှမ်းထုနေတာပေါ့။ တိုက်ပွဲက အခြေအနေက အပြန်အလှန် ပစ်ခတ်နေတဲ့ သဘောမျိုးပါပဲ။ အဆိုးဆုံးကတော့ စစ်တပ်ကုန်းကနေ လက်နက်ကြီးလှမ်းပစ်လို့ ပြည်သူတွေ ထိခိုက်တာက ဆက်တိုက်ဖြစ်နေတယ်”လို့ပြောပါတယ်။

လုံးခင်းကျေးရွာကို စစ်တပ် နေရာယူနိုင်ဖို့လည်း ပြီးခဲ့တဲ့ ဇွန်၊ ဇူလိုင်လအတွင်း စစ်ကြောင်းဝင်ရောက်လာချိန် လက်နက်ကြီးပစ်ခတ်တာတွေ၊ လုပ်ငန်းရှင်တွေရဲ့ ကျောက်စိမ်းလုပ်ကွက် ကုမ္ပဏီရှိ စက်ယန္တရားတွေကို မီးရှို့ဖျက်ဆီးတာတွေ၊ အရပ်သားပြည်သူတွေကို လူသားဒိုင်းလုပ်ခိုင်း ဖမ်းဆီးသတ်ဖြတ်တာတွေ စစ်ရေးချိုးဖောက်မှုတွနည်းလမ်းပေါင်းစုံနဲ့ လုပ်ဆောင်ခဲ့ပါတယ်။
စစ်တပ်အနေနဲ့ ယခုနှစ် နိုဝင်ဘာလ အတိုင်မှီ ဖားကန့်မြို့တွင်းနေရာ၊ လုံးခင်းနဲ့ ဆိုင်းတောင် ကျေးရွာ အုပ်စုအားလုံးကို အပြီးသတ် ထိန်းချုပ်လိုက်ပြီး စစ်ရေးအတွက် အရေးပါတဲ့ မော်မောဘွမ့်နဲ့ လမောင်ကုန်း နေရာကို ပြန်လည်ရယူဖို့ စစ်ရေးပစ်မှတ်ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်၊ ဩဂုတ်လတွေမှာ စစ်ကြောင်းထိုးနေတဲ့ မှော်ဆီစာကျေးရွာအနီး ဆွတ်ဘွမ့်(အမှိုက်ပုံ)၊ မှော်ဝမ်းကြီး၊ မှော်ဝမ်းကလေး၊ မော်မောလယန် ၊ အင်မိုင်းယန် စတဲ့ ကျေးရွာတွေမှာ တပ်စွဲထားတဲ့ နေရာတွေမှာသာ ဆက်ရှိနေပြီးတော့ ယခု စက်တင်ဘာလအတွင်းကနေ နောက်ထပ် ဆန်းကြွယ်၊ မှော်သောင်းဘက်ကို ပြန်ပြီး တိုက်ပွဲဖြစ်နေတာဖြစ်ပါတယ်။
ဒါကြောင့် လက်ရှိမှာ စစ်တပ်က ဖားကန့်ဒေသအတွက် အရေးပါတဲ့ နေရာတွေကို ရယူဖို့ စစ်မျက်နှာ သုံး၊ လေးခုနဲ့ စစ်ကြောင်းထိုး တိုက်ခိုက်နေတာ ၄ လခန့်ကြာမြင့်လာပြီးဖြစ်ပေမယ့် စစ်တပ်ရဲ့ ရည်မှန်းထားတဲ့အခြေအနေအထိ မရောက်ရှိသေးတာကြောင့် စစ်ရေးက လက်ရှိ အခြေအနေထက် ပိုပြီး ပြင်းထန်လာနိုင်တယ်လို့ ဖားကန့်ပြည်သူ အမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။
“ကျနော်တို့ ခန့်မှန်းရမယ်ဆိုရင် စစ်တပ်က ဒီနှစ်မကုန်ခင်ပဲ သူတို့ရဲ့ မျှော်မှန်းထားတဲ့အထိ ရအောင်သွားလိမ့်မယ်။ တစ်ဖက်မှာ ဒီအခြေအနေကို တော်လှန်ရေးတပ်ဖွဲ့တွေကလည်း တားလိမ့်မယ်။ ဒီအနေအထားအတိုင်းဆိုရင်တော့ ဖားကန့်ဒေသမှာက တိုက်ပွဲက ပိုပြီးတော့ ပြင်းထန်လာလိမ့်မယ်။ ဘယ်လိုဖြစ်လာနိုင်လဲဆိုတော့ ပြည်သူလူထုတွေအတွက်တော့ စိုးရိမ်ကြောက်လန့်မှုတွေက ပိုပြီးများလာတာပေါ့။ အခုဆို လက်နက်ကြီးကလည်း နေ့ခင်းမှာသာမကဘူး။ ညအချိန်မှာတောင် ပစ်ကြတယ်ဆိုတော့ လုံခြုံမှုက လုံးဝမရှိတော့ဘူး။ တိုက်ပွဲဖြစ်တဲ့ နေရာက သူတွေတာမကဘဲ တိုက်ပွဲမဖြစ်တဲ့ နေရာက ပြည်သူတွေပါ ကြောက်နေရပြီ”လို့ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၈ ရက်နေ့ ကနေ ယခု စက်တင်ဘာလအထိ ဖားကန့်ဒေသထဲကို စစ်ကောင်စီတပ် ဝင်ရောက်လာတဲ့နောက်ပိုင်း အရပ်သားပြည်သူတွေ တိုက်ပွဲအတွင်းသေဆုံးမှု၊ လက်နက်ကြီး ရပ်သမ်းပစ်ခတ်မှု၊ စစ်တပ်ရဲ့ လူသားဒိုင်းပြုလုပ်ခံရပြီး ပစ်သတ်ခံရမှု၊ သွားလာရင်း ပစ်သတ်ခံရတဲ့ဖြစ်စဉ်တွေ နေ့စဉ်နဲ့ အမျှဖြစ်ပွားနေပြီးတော့ ဇူလိုင်လကတည်းကနေ သေဆုံးမှု ပိုပြီးမြင့်တက်လာနေတာဖြစ်ပါတယ်။
ဖားကန့်လူမှုကူညီရေးအဖွဲ့တွေရဲ့ ပြောဆိုချက်အရ ဖားကန့်မှာ စစ်ကြောင်းဝင်ရောက်လာခဲ့တဲ့ အချိန်ကနေ ယခု စက်တင်ဘာလအထိ အရပ်သားပြည်သူ သေဆုံးသူ ၇၀ ကျော်အထိ ရှိလာပြီး ထိခိုက်ဒဏ်ရာရရှိသူ စုစုပေါင်း ၁၅၀ ဝန်းကျင်အထိရှိလာပြီလို့ ပြောပါတယ်။
ဖားကန့်ဒေသရဲ့ စစ်ရေးအခြေအနေရ နောက်ထပ်လည်း အရပ်သားပြည်သူတွေအတွက် အသက်အန္တရာယ်စိုးရိမ်နေရပြီး အသက်သေဆုံးတာတွေလည်း ဆက်လက်ရှိနေအုံးမှာဖြစ်တယ်လို့ သတင်းအရင်းအမြစ်တွေက သုံးသပ်နေကြပါတယ်။
အခုလို စစ်ရေးအခြေအနေတွေကြောင့် စစ်ကောင်စီတပ် လက်အောက်မှာ ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတွေကိုလည်း ပြီးခဲ့တဲ့ အပတ်ကနေ ပိတ်ထားရာကနေ ဒီတစ်ပတ်လုံးအထိလည်း ဆက်ပိတ်ထားဖို့ရှိတယ်လို့ ဖားကန့်ဒေသခံတွေပြောပါတယ်။
ဖားကန့်ဒေသမှာ ပြီးခဲ့တဲ့ ဧပြီလအထိ တစ်နှစ်ခန့်အကြာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က ၇၀ ရာခိုင်နှုန်းအထိ ထိန်းချုပ်ထားနိုင်ပြီးတော့ ဖားကန့် လုံးခင်း၊ ဆိုင်းတောင်၊ တာမခံ၊ ဂွေခါ နဲ့ ဖားကန့်သွားလမ်းဖြစ်တဲ့ ကားမိုင်း – နန့်ယားလမ်းတစ်လျှောက်မှာ KIO အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားလည်ပတ်နေတာဖြစ်ပါတယ်။
အုပ်ချုပ်ရေး တစ်နှစ်ပြည့်တဲ့ ဧပြီလအတွင်းမှာပဲ စစ်တပ်က ဩဂုတ်လအထိ စစ်ကြောင်း တစ်ကြောင်းပြီး တစ်ကြောင်း ထိုးစစ်ဆင်တက်လာကာ လက်လွတ်လိုက်ရတဲ့ နေရာတွေမှာ စစ်တပ်အာဏာပြန်ရဖို့ ကြိုးပမ်းနေတာလည်းဖြစ်ပါတယ်။
ဒါကြောင့် ဖားကန့်တိုက်ပွဲဟာ ကချင်ပြည်နယ်ထဲမှာဆိုရင် ဗန်းမော်ပြီးရင် ဒုတိယမြောက် တိုက်ပွဲအရှိုန်ပြင်းထန်နေတဲ့ ဒေသတစ်ခုဖြစ်နေပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)



