စစ်ရေးသတင်း

ငါးဘတ်ဝရွာထဲဝင်ရောက်နေတဲ့ စစ်ကောင်စီစစ်ကြောင်း အမြန်ထွက်ခွာဖို့ KIA ပူးပေါင်းတပ် သတိပေးထား 

ကချင်ပြည်နယ်၊ရွှေကူမြို့နယ်ထဲက ငဘတ်ဝကျေးရွာထဲစစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့အနေနဲ့ ရွာကနေအမြန်ထွက်ခွာပေးကြဖို့ KIA ပူးပေါင်းတပ် သတိပေးထားတယ်လို့ ကာကွယ်ရေးတပ်နဲ့နီးစပ်သေူတွဆီကနေ သိရပါတယ်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မွန်းလွဲပိုင်းမှာ စစ်အင်အား ၃၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းတစ်ကြောင်း ရွှေကူမြို့ အနီးက ငါးဘတ်ဝကျေးရွာထဲဝင်ရောက်လာတာဖြစ်တယ်လို့ ရွှေကူဒေသခံအမျီုးသားတစ်ဦး KNG ကိုပြောပါတယ်။

“မနေ့ညပိုင်းကနေဝင်လာတာ အခုထိရှိနေတုန်းပဲ အင်အားသုံးဆယ်ကျော်တယ် အခြေနေကတော့စောင့်ကြည့်နေတုန်းတိုက်ပွဲဖြစ်တာတော့မရှိသေးဘူး  ရွာသားတွေထွက်ပြေးချိန်မရလိုက်ဘူးအခုရွာသားတွေကိုလည်းပိတ်ဆို့ထားတယ်။ သူတို့စစ်သားတွေလည်းရွာထဲမှာပဲတပ်ချထားတယ်ခုထိပဲလို့သူကပြောပါတယ်။

စစ်အင်အား ၃၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ စစ်ကားနှစ်စီးနဲ့ရွာထဲဝင်ရောက်တာဖြစ်ပြီး ဒီကနေ့ညနေပိုင်းအထိ ရွာသားတွေကိုအကာအကွယ်ယူပြီးတပ်ချနေတယ်လို့သိရပါတယ်။

ငါးဘတ်ဝကျေးရွာအထက်ဘက်က တောင်ထိပ် (ဒေသအခေါ် ဘုရားကုန်း)မှာတော့ လက်ရှိ KIAနဲ့ပူးပေါင်းတပ်တွေက နေရာယူထားပြီး ရွာထဲဝင်ရောက်လာတဲ့စစ်ကောင်စီစစ်ကြောင်းအနေနဲ့ ရွာထဲကနေပြန်လည်ဆုတ်ခွာပေးဖို့သတိပေးထားကြောင်းသိရပါတယ်။

ဒါကြောင့် စစ်ကောင်စီတပ်ဖွဲ့အနေနဲ့ ရွာကနေ ဆုတ်ခွာမပေးပဲရှေ့ဆက်တိုးလာမယ်ဆိုပါက နှစ်ဖက်တိုက်ပွဲဖြစ်လာနိုင်ကြောင်း ရွှေကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက KNG ကိုပြောပါတယ်။

ငါးဘတ်ဝရွာရဲ့ဘုရားကုန်းထိပ်မှာက ကျွန်တော်တို့ထိုင်ထားတဲ့ ရွာနဲ့ ကျနော်တို့ထိုင်တဲ့နေရာက နီးနီးလေးပဲလှမ်းမြင်နေရတယ်။ အခုပစ်မိန့်တော့ပေးထားတယ်သူတို့မထွက်သွားရင်တော့ပစ်တော့မှာခုတော့ငြိမ်နေဆဲ ခြေနေစောင့်ကြည့်နေတုန်းလို့ သူကပြောပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ တပ်မ ၈၈ လို့သိရပြီးရွှေကူမြို့တွင်းအထိုင်တပ်ကနေ ငါးဘတ်ဝဘက်စစ်ကြောင်းထိုးလာတာလို့သိရပါတယ်။

ပြီးခဲ့တဲ့အပတ်ကလည်း စစ်အင်အား ၄၀ ကျော်ပါတဲ့စစ်ကောင်စီ စစ်ကြောင်းတစ်ကြောင်း ရွှေကူမြို့ကနေ ငါးဘတ်ဝဘတ်စစ်ကြောင်းထိုးဝင်ရောက်လာစဥ် KIAပူးပေါင်းတပ်က ကြားဖြတ်ပစ်ခတ်မှုကြောင့် မြို့ထဲပြန်ဝင်သွားတာဖြစ်ပြီး ယခုဒုတိယအကြိမ်စစ်ကြောင်းထိုးလာတာလို့သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကလည်း ရွှေကူမြို့အရှေ့ခြမ်းက စီသာ၊သီသောင်၊ နန့်လန်၊နောင်လတ်ကြီး၊မံဝင်း၊စီမူကြီးစတဲ့ကျေးရွာတွေဘက်မှာ လချီစစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ရွာပေါင်း ၁၀ ကျော်ကိုလည်း ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးတာတွေပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးခဲ့တဲ့ကျေးရွာ ၁၀ ကျော်ဟာ လက်ရှိအချိန်အထိစစ်ရေးမတည်မငြိမ်မှုတွေကြားမှာ ပြန်လည်ထူထောင်ရေးအတွက်ခက်ခက်ခဲခဲရှုန်းကန်နေကြရတယ်လို့ဒေသခံတွေကဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ရွှေကူမြို့နယ်ထဲမှာ စစ်ကြောင်းထိုးတာတွေကို ၂၀၂၄နှစ်ဆန်းပိုင်းလောက်ကတည်းက ရပ်တန့်ခဲ့ပြီးနောက် ယခုတစ်ကျော့ပြန်စစ်ကြောင်းထိုးတာတွေပြန်လည်လုပ်ဆောင်လာနေတာဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button