သတင်း

ပူတာအိုခရိုင်တွင်း ရွှေတူးဖော်မှုကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝ ထိခိုက်နေ

ပူတာအိုခရိုင်အတွင်း ရွှေတူးဖော်မှုပိုများလာတဲ့အတွက် သဘာ၀ပတ်ဝန်းကျင်ပျက်စီးတာအပြင် လူနေမှုဘ၀လည်း များစွာထိခိုက်လာနေတယ်လို့ ဒေသခံတွေ ပြောပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်  နှစ်တာကာလအတွင်း ပူတာအိုခရိုင်ရှိ မြို့နယ်  ခုလုံးမှာ ရွှေဖော်မှုတွေ သိသိသာသာတိုးများလာတယ်လို့ သိရပြီး အများပိုင်းက ဒေသခံတွေကိုယ်တိုင် သဘောတူညီမှုနဲ့ လုပ်ငန်းရှင်တွေကို မြေကွက်ရောင်းပေးနေတာတွေကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

ခုလိုရွှေတူးဖော်မှုတွေ ဆိုးဆိုးရွားရွားများလာတာကြောင့်ပူတာအိုဒေသအတွင်း စိုက်ပျိုးမြေပျက်စီးသွားတဲ့ပြဿနာ၊ ရွှေတူးဖော်တဲ့ ချောင်းတွေကနေ ရေသွယ်ယူနေတဲ့လယ်ယာခင်းတွေ ပျက်စီးကုန်တာတွေ၊ ချောင်းထဲ ငါးတွေရှားပါးလာတာမျိုးကြုံတွေ့နေရတယ်လို့ လုံရှာယန်ဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။ 

ရွှေတွေပဲ တူးလိုက်ကြပြီဆိုတော့ နေ့ခင်းတွေဆို အရမ်းပူ အရမ်းနေရခက်တယ်။ စိုက်ပျိုးရေးတွေလည်း ဘာမှမဖြစ်ထွန်းတော့ဘူး။ နောက်တစ်ခုက ရေကန်၊ အိမ်သာတွေ တူးမယ်ဆိုရင်လည်း အရင်လို မဟုတ်တော့ဘူး၊ မြေတွေအရမ်းပြိုလို့ ကွင်သုံးမှဖြစ်တော့တယ်။ လောလောဆယ် ဆိုးကျိုးပေါ့။ ရွှေတူးဖော်တဲ့ ဘေးပတ်ဝန်းကျင်တွေမှာဆို အကုန်ပြောင်းလဲကုန်ပါပြီ။ ချောင်းတွေလည်း အကုန်နှောက်ကုန်ပြီ။ ရေတွေသန့်တာ မရှိတော့ဘူး။ ရေအောက်သတ္တဝါတွေလည်း ပျောက်ကုန်ပြီ၊  မရှိတော့ဘူး။” လို့ ပြောပါတယ်။

အဆိုးရွားဆုံး ရွှေတူးဖော်နေတဲ့နေရာတွေက မချမ်းဘောမြို့နယ်ထဲက အင်ခါးဂါးရွာဟောင်း၊ ဂျာဆွတ်ရွာ၊ နမ်ခမ်းရွာ၊ နမ့်စဘွမ်ရွာနဲ့ မလိခမြစ်အောက်ပိုင်းတစ်လျှောက်တွေမှာဖြစ်ပြီး ရွာခံတွေကိုယ်တိုင် မိမိအိမ်ခြံဝင်းတွေရောင်းလိုက်တာ၊ အိမ်တွေကို ရွှေ့လိုက်ပြီး အိမ်ခြံဝင်းထိ ရွှေတူးဖော်ခိုင်းလိုက်တာမျိုးရှိနေတယ်လို့ သူကဆက် ပြောပါတယ်။  

အလားတူ ပူတာအိုမြို့နယ်ထဲမှာတော့ နတ်ကျွန်းတစ်လျှောက်၊ နမ်ပလပ်ခချောင်း၊ နမ်စိုင်ခ၊ နမ်ထွမ်ခူးရွာ၊ လုံရှာခ စသဖြင့် ချောင်းမှန်သမျှအားလုံးမှာ ရွှေတူးဖော်နေတာတွေ့နေရတယ်လို့ ဆိုပါတယ်။

ပူတာအို၊ မချမ်းဘော၊ နောင်မွန်၊ ခေါင်လန်ဖူးစတဲ့မြို့နယ်တွေရှိ ရွှေလုပ်ကွက်တွေကို စစ်တပ်အောက် ပြည်သူ့စစ်တွေ အဓိကထိန်းချူပ်ထားပြီး မြေပိုင်ရှင်တွေဘက်က သဘောတူရင် ကြိုက်တဲ့နေရာမှာ ရွှေတူးဖော်ခွင့်ပေးထားတယ်လို့ သိရပါတယ်။

အလားတူ ဆွမ်ပရာဘွမ်မြို့နယ်တစ်ခွင်လည်း မလိခမြစ်ဖျားအထိ မြစ်တစ်ကြောလုံးနှင့် ဖုန်ကျန်းခ၊ ဖုန်ယင်ခ စသဖြင့်  ရွှေတူးဖော်မှုအားလုံးကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO/ KIA က ထိန်းချူပ်ထားကာ ဆွမ်ပရာဘွမ်ဒေသက ရွှေတူးဖော်မှု အများဆုံးနယ်မြေတစ်ခုဖြစ်ပါတယ်။ 

ပူတာအိုခရိုင်တွင်း ရွှေတူးဖော်မှုတွေကို ထိန်းချူပ်ထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေက မြေနေရာတွေကို စနစ်တကျသတ်မှတ်ပေးတာမျိုး၊ လုပ်ကွက်တွေကို သေချာချမှတ်ပေးတာတွေမရှိပဲ အခွန်ပေးဆောင်တဲ့လုပ်ငန်းရှင်အားလုံး ဒေသခံတွေနဲ့သဘောတူပါက တူးဖော်ချင်တဲ့ နေရာအားလုံးမှာ ရွှေတူးဖော်လို့ရတဲ့ အခြေနေမျိုးဖြစ်နေတယ်လို့ ဒေသခံတွေပြောပါတယ်။

တစ်ဖက်မှာ ခုလို မှော်တွေများလာတာကြောင့် ရွှေ့ပြောင်းအလုပ်သမားများလာတာ၊ လူစိမ်းတွေပေါများလာပြီး ကျေးရွာအတွင်း မလိုလားအပ်တဲ့ပြသာနာတွေဖြစ်လာတဲ့အပြင် မူးယစ်ဆေးသုံးစွဲသူတွေလည်း အလွန်များလာတာကြောင့် ဒေသတွင်း လူနေမှုဘ၀တွေ လုံခြုံမှု ပိုမိုကင်းမဲ့လာတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ခုလိုရွှေမှော်တွေကြောင့် ဒေသအတွင်း ကျောင်းတက်နေတဲ့ကလေးတွေလည်း ပညရေးမှာစိတ်မဝင်စားတော့ပဲ ရွှေလိုက်တူးပြီးရလာတဲ့ ပိုက်ဆံနဲ့အကျင့်စရိုက်တွေလည်း ပျက်ပြားကုန်တာမျိုးပိုများလာတဲ့တွက် ရေရှည်မှာ စိုးရိမ်နေရတယ်လို့ နမ်ခမ်းရွာခံလူငယ်တစ်ဦးက ပြောပါတယ်။

ကျနော်တို့ညီတွေ ကျောင်းတက်နေတဲ့ ကလေးတွေလည်း အရမ်းပျက်စီးကုန်ပါပြီ။ ရွှေမှော်တွေကြောင့် စရိုက်ပျက်ကုန်တာ။ မိဘတွေကိုယ်တိုင်ကလည်း သူတို့လည်း ခက်ခဲတဲ့အချိန်ကျတော့ ကလေးတွေကို ငွေရှာခိုင်းတယ်။ ရွှေမှော်ကျင်းတွေမှာ ရွှေတွေတူးခွင့်ပေးတော့ ကလေးတွေလည်း ပိုက်ဆံကိုင်လာနိုင်ပြီလေ။ ဆိုတော့ ငွေရတယ်ဆိုပြီး ရွှေချည်းပဲ တူးကြတော့တယ်။ ကျောင်းတက်နေတဲ့ ကလေးတွေလည်း ရွှေပဲတူးသွားလို့ ကျောင်းစာစိတ်မဝင်စားကြတော့ဘူး။ သူတို့ ရွှေတူးရတာနဲ့ ငွေတွေကိုင်လာနိုင်တယ်။ ဖုန်းတွေဝယ်ကြပြီး အကျင့်စရိုက်တွေလည်း အရမ်းပျက်ပြားကုန်ပြီ။ ကလေးတွေရဲ့ ရှေ့ရေးကိုတွေးပြီး ကျနော်က အရမ်းစိုးရိမ်တာပဲ။ အဓိက အစိုးရိမ်ဆုံးက အဲဒါပဲ။ ကျနော်တို့ရွာက ကလေးတွေ ပျက်စီးကုန်ပြီတာက ဆိုးကျိုးကြီးတစ်ခုလို့ တွေ့ရပါတယ်။ဟု ပူတာအိုမြို့နယ် နမ်ခမ်းဒေသခံ လူငယ်တစ်ဦးက ပြောပါတယ်။   

ကချင်ပြည်နယ်အတွင်း သယံဇာတတူးဖော်တဲ့နေရာတိုင်းမှာ ဒေသအတွင်း ကျန်းမာရေး၊ ပညာရေး၊ လူနေမှုဘ၀စတဲ့ကဏ္ဍတိုင်းမှာ တိုးတက်ဖွံ့ဖြိုးပြောင်းလဲလာတာမျိုး မတွေ့ရဘဲ ဖွံ့ဖြိုးရေးထက် ဖျက်စီးရေးသာလုပ်ဆောင်နေကြတာမို့ ဒေသခံပြည်သူတွေလည်း ဒုက္ခဆင်းရဲအမျိုးမျိုးသာ ကြုံတွေ့ခံစားနေကြရတယ်လို့ သဘာ၀ပတ်ဝန်းကျင်နဲ့ပတ်သက်ပြီး တက်ကြွလှုပ်ရှားသူတွေက ထောက်ပြနေပါတယ်။ 

ကျောက်စိမ်းတူးတဲ့နယ်မြေကိုပဲကြည့်ကြည့်၊ ရွှေတူးဖော်တဲ့နယ်မြေတွေကိုပဲကြည့်ကြည့်၊ မြေရှားသတ္တုတူးဖော်တဲ့နေရာကိုကြည့်ကြည့် ဒေသခံပြည်သူလူထုတွေရဲ့အခြေအနေကိုကြည့်လိုက် ဘာမှထူးခြားပြောင်းလဲ တိုးတက်လာတာမျိုး မတွေ့ရဘူး။ အခု ကျမတို့ ကြုံတွေ့ခံစားနေရတာဆိုလို့ အားလုံးပျက်စီးကုန်ပြီ။ ရှင်းလင်းကုန်ပြီ။ တောင်တန်းတွေလည်း ပျက်စီးကုန်တာကြောင့် မိုးရွာရင်လည်း နှစ်စဉ်မြေပြိုမှုမှာ ပါပါသွားတယ်။ ကျောက်စိမ်းရေလောင်ကန်တွေလည်း ပေါက်ထွက်ပြီး ပြည်သူအမြောက်အများ သေဆုံးရတယ်။ မြေစာပုံတွေပြိုလို့ လတိုင်း လူဘယ်နှယောက်သေသလဲဆိုတာတွေပဲ ကျမတို့ တွေ့နေရတာဖြစ်တယ်လို့ Kachin Evironmental Group KEG director မဆရာမစင်ဒီအောင်က ပြောပါတယ်။

 ဒါတွေကြောင့် ဒီဒေသတွေအပြင် မှော်တွေကို တာဝန်ယူထားတဲ့အစိုးရက ဒေသခံပြည်သူလူထုကို များစွာ ငဲ့ညာကြည့်ရှုရမယ့်အပိုင်းတွေ ရှိနေသလို စည်းမဲ့ကမ်းမဲ့ သယံဇာတတူးဖော်နေမှုတွေကိုလည်း ထိန်းသိမ်းနိုင်အောင် ကြိုးစားရမှာဖြစ်ပြီး လူမှုဘ၀ကို ထိခိုက်စေမှု လျော့နည်းလာနိုင်အောင် တာဝန်ယူဖြေရှင်းပေးရမှာဖြစ်သလို မူပေါ်လစီတွေလည်း သေချာရေးဆွဲသင့်တယ်လို့ ဆရာမစင်ဒီအောင်က အကြံပြုထားပါတယ်။ 

အရင်က ရွှေတူးဖော်မှုတွေသိပ်မတွေ့ရတဲ့ ခေါင်လန်ဖူးနဲ့ နောင်မွန်ဘက်ရှိ ချောင်းတွေမှာလည်း ရွှေတူးဖော်မှုတွေကို တွေ့လာရသလို မချမ်းဘောမြို့နယ်အတွင်းမှာလည်း မလိခမြစ်တစ်ကြော၊ ထီခတစ်ကြော၊ ဘင်ခူး ဘင်ခ တစ်ကြောလုံးတူးတယ်၊ ကြိုးဝိုင်းနယ်မြေ အားလုံးတူးဖော်တယ်၊ အရင်တုန်းက သစ်တောင်ခုတ်လို့မရဘူးဆိုတဲ့ နေရာတွေအကုန် တူးကုန်ပြီ။ နမ့်စဘွမ်၊ နမ့်ခမ်း၊ အလန်ဂါးရွာ တွေတော့ ရွာထဲထိ အကုန်တူးနေကြတာပေါ့။ အဲမှာဆို ထဝါဒမ်းစစ်တပ်က တစ်လမှာ  ကြိမ်လောက်ငွေလာကောက်တယ်။လို့ မချမ်းဘောဒေသခံအမျိုးသားတစ်ဦးက ပြောဆိုပါတယ်။

စစ်တပ်အာဏာမသိမ်းခင် ပူတာအိုခရိုင်အတွင်း မြို့၊ ရွာတွေနဲ့ နီးစပ်တဲ့နေရာတွေမှာ ရွှေတူးဖော်တဲ့နေရာမရှိဖြစ်ခဲ့ပေမဲ့ အာဏာသိမ်းပြီးနောက်မှာတော့ နေရာတိုင်းမှာ ရွှေတူးဖော်မှုတွေကို မြင်လာရတဲ့အပြင် ကျေးရွာထဲထိ ဆိုးရွားစွာရွှေတူးဖော်မှုတွေကို မြင်လာရတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။ 

ကချင်ပြည်နယ်မှာ အာဏာသိမ်းပြီးနောက် မြစ်ကြီးနားလို မြို့ပြကြီးက ဗလမင်းထင်တံတားအနီးတစ်ဝိုက်အပါအဝင် ဧရာဝတီမြစ်ကြေင်းတစ်လျှောက်ရွှေတူးဖော်မှုတွေဟာ သိသိသာသာဆိုးရွားလာနေတာလည်းဖြစ်ပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button