သတင်း

ကသာ-ထီးချိုင့်အစပ် PDF ဂိတ်တိုက်ခိုက်ခံရ

စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်ထဲက ကျောက်ပုံကျေးရွာ PDF ဂိတ် စစ်တပ်ကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခံခဲ့ရတယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့နီးစပ်တဲ့ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညနေပိုင်း ၄ နာရီဝန်းကျင်လောက်မှာ ဗုံးသီး ၂ လုံးဖြင့် ဂိတ်နေရာအတိအကျကိုကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး သေဆုံးသူတစ်စုံတစ်ရာမရှိခဲ့ပေမဲ့လည်း ထိခိုက်ဒဏ်ရာရရှိတာ အဆောက်အဦးတချို့ပျက်ဆီးတာတွေတော့ရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။

တစ်လုံးကြဲပြီးတော့ ပြန်ပတ်တာ။ ပြီးမှ နောက်တစ်လုံးပြန်ကြဲတာ။ အတွင်းသတင်းပေးတာလို့ထင်တယ်။ ဘာဖြစ်လို့လဲဆို ဒေသခံဖြစ်တဲ့ကျနော်တောင် အဲ့နေရာကိုမသိဘူး။ အတိအကျလာတာဆိုတော့လေ။ ကသာစစ်ရေးကတော့ငြိမ်နေပါတယ်။ “လို့လေကြောင်းတိုက်ခိုက်ခံရတဲ့ကျေးရွာအနီးတစ်ဝှိုက်နေထိုင်တဲ့ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။

ကျောက်ပုံကျေးရွာဟာ ကသာမြို့နယ် ဧရာဝတီမြစ်ကမ်းနဘေးမှာတည်ရှိတဲ့ကျေးရွာဖြစ်ပြီး ထီးချိုင့်မြို့နယ်နဲ့လည်း ကျေးရွာ နှစ်ရွာအကွာမှာပဲတည်ရှိတာလို့ သိရပါတယ်။

အမျိုးသားညီညွှတ်ရေးအစိုးရ NUG လက်အောက်ခံ ကာကွယ်ရေးတပ်တွေအပါအဝင် တခြားသောစစ်ကိုင်းနဲ့ကချင်အစပ်မှာ စစ်ရေးလှုပ်ရှားကြတဲ့ တော်လှန်ရေးအင်အားစုတွေဟာ ကသာမြို့နဲ့ထီးချိုင့်မြို့တို့ကို တစ်လအတိခြားပြီး မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေကြတာဖြစ်ပါတယ်။

ကသာြမို့ကို ၂၀၂၅ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်မြို့သိမ်းတိုက်ပွဲစတင်ခဲ့ပြီး ထီးချိုင့်မြို့ကိုမူ ၂၀၂၆ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့ တွင် တော်လှန်ရေးအင်အားစုများကမြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့ပေမဲ့ ယခုလ ဖေဖော်ဝါရီပထမအပတ်ကစတင်လို့ တိုက်ပွဲတွေ ငြိမ်သက်သွားခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲကငြိမ်နေတယ်လို့ပြောလို့ရပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေကတော့ ထီးချိုင့်မြို့ မြောက်ပိုင်း အရှေ့ဘက်ကမ်း မှာတော့ ၁၄ ရက်နေ့ကနောက်ဆုံးဖြစ်မယ်ထင်တယ်။ လက်နက်ကြီးသံတွေတခါတလေကြားရတာကလွဲရင်တော့ တိုက်ပွဲက ငြိမ်နေပါတယ်လို့ထီးချိုင့်မြို့ခံတစ်ဦးကပြောပါတယ်။

စစ်ကိုင်းနဲ့ကချင်အစပ်မှာပဲရှိတဲ့ ဗန်းမောက်မြို့ကိုလည်း တော်လှန်ရေးအင်အားစုတွေ ၄လကြာထိန်းချုပ်ပြီးတဲ့နောက် ၂၀၂၆ ဖေဖော်ဝါရီလ ၈ ရက်နေ့မှာဘဲ စစ်ကော်မရှင်နဲ့ ရှမ်းနီအမျိုးသားတပ်မတော် SNA တပ်ဖွဲ့ဆီပြန်လည်လက်လွှတ်ထားရပါတယ်။

ကသာမြို့၊ ထီးချိုင့်မြို့ နဲ့ ဗန်းမောက်မြို့က မြို့ခံတွေအများစုကတော့ ယနေ့အထိ ဘေးလွှတ်ရာတွေမှာထွက်ပြေးနေကြရပြီး မိမိနေရပ်ပြန်ဖို့အလှမ်းဝေးနေသေးတဲ့အခြေနေလည်းဖြစ်ပါတယ်။

By – အမိုး

Show More

Related Articles

Back to top button