တနိုင်းမှာ ရေခဲငါးတစ်ပိဿာ ငါးသောင်းကျပ် အထိစျေးမြင့်တက်
ရွှေဘို–မြစ်ကြီးနားကားလမ်းပိုင်းပိတ်သွားတဲ့နောက် တနိုင်းမြို့မှာ ရေခဲငါးတစ်ပိဿာ ကျပ် ၅၀၀၀၀ (ငါးသောင်း) အထိစျေးမြင့်တက်နေတယ်လို့ တနိုင်းမြို့ခံတွေဆီကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းပိုင်းကစပြီး ရွှေဘို–မြစ်ကြီးနားကားလမ်းပိတ်သွားတဲ့နောက်ပိုင်း တနိုင်းမြို့ထဲအခြေခံစားသောက်ကုန်အဝင်နည်းလာသလို လက်ကျန်ရောင်းနေတဲ့ကုန်ပစ္စည်းတွေလည်း စျေးနှုန်းအဆမတန်မြင့်
တဲ့အပြင် တစ်ခြားသောအခြေခံစားသောက်ကုန်ပစ္စည်းတစ်ချို့ပြတ်လပ်တာတွေကြုံနေရတယ်လို့ တနိုင်းမြို့ခံအမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။
“အရင်ကတော့ ရေခဲငါးတပိဿာ ကျပ် ၃၀၀၀၀ (သုံးသောင်း)၊၅၀၀၀၀ (ငါးသောင်း) ကျပ်အထိစျေးမြင့်တက်စျေးတက်တာမကြာသေးဘူး။ လမ်းပိုင်းပိတ်တဲ့နောက်ပိုင်းမှတက်တာ ဆားလည်းတထုပ်ကို နှစ်ထောင့်ငါးရာဖြစ်သွားပြီ”လို့ ပြောပါတယ်။
ရွှေဘို–မြစ်ကြီးနားလမ်းပိုင်းမပိတ်မှီ တနိုင်းမှာ ကြက်သားတပိဿ ၃၅၀၀၀ (သုံးသောင်းငါးထောင်) ယခု ၆၀၀၀၀ (ခြောက်သောင်း)၊ ငါးတပိဿ ကျပ် ၃၀၀၀၀ (သုံးသောင်း) လက်ရှိ ၅၀၀၀၀ (ငါးသောင်း) ယခင်အိုင်အိုဒင်းဆား တထုပ်ကျပ် ၁၅၀၀ (တစ်ထောင့်ငါးရာ) ယခု ၂၅၀၀ (နှစ်ထောင့်ငါးရာ) စသဖြင့်ကုန်စျေးနှုန်းတွေအဆမတန်မြင့်တက်နေတယ်လို့ မြို့ခံတွေပြောပါတယ်။
“ကုန်စျေးတက်နေတာ တစ်လကျော်ကျော်လောက်တော့ရှိပြီ ခုပိုတောင်တက်တက်လာတယ်။ ကြက်သွန်နီဆိုရင်လည်း တပိသာ ၅၀၀၀ (ငါးထောင်) ကနေအခု ကျပ် ၈၀၀၀ (ရှစ်ထောင်အထိ) တက်တယ်။ ကြက်သွန်ဖြူဆိုရင် တပိဿာ တစ်သောင်းကျော်သွားပြီ ကြက်ဥ၊ခေါက်ဆွဲခြောက်အစအကုန်တက်တယ်”လို့ နောက်ထပ်ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။

တနိုင်းဒေသအတွက် အခြေခံစားသောက်ကုန်၊လူသုံးကုန်နဲ့အခြားလိုအပ်တဲ့ကုန်စည်တွေကို မြစ်ကြီးနား– တနိုင်းကားလမ်းပိုင်းကနေတဆင့် မြန်မာပြည်အောက်ပိုင်းမန္တလေး၊ရန်ကုန်ဘက်က တင်သွင်းတဲ့ကုန်တွေကိုပဲအဓိကအားထားနေရတာဖြစ်ပါတယ်။
လက်ရှိမှာတော့ မြစ်ကြီးနား–မန္တလေးဗျူဟာကားလမ်းပိုင်းရဲ့တစိပ်တပိုင်းဖြစ်တဲ့ ရွှေဘို–မြစ်ကြီးနားဗျူဟာလမ်းပိုင်းကို ရွှေဘိုမြို့အနီးက ရွှေကိုးပင်ဂိတ်မှာစစ်ကောင်စီတပ်ကပိတ်ထားပြီး ရွှေကိုးပင်ဂိတ်အကျော်မှာလည်း ကာကွယ်ရေးတပ်တွေက ဗျူဟာလမ်းပိုင်းကိုပိတ်ထားတာတွေရှိတယ်လို့ သိရပါတယ်။
ဒါကြောင့် ကားသမားတွေဟာ ပိတ်ထားတဲ့ဗျူဟာလမ်းပိုင်းနေရာအစား ကွင်းလမ်းအသုံးပြုသွားနေရတဲ့အတွက် ပုံမှန်တရက်ခရီးသာရှိတဲ့ ရွှေဘို–မြစ်ကြီးနားလမ်းကို ကွင်းလမ်းသုံးပြီး ရက်ပေါင်း ၂၀ နီးပါးကြာသွားနေရတယ်လို့ ကားသမားတွေပြောပါတယ်။
အခုလိုရွှေဘို–မြစ်ကြီးနားကားလမ်း ဗျူဟာလမ်းပိုင်းပိတ်ထားတာ ကွင်းလမ်းမှာခက်ခက်ခဲခဲသွားလာနေရတာတွေကြောင့် လက်ရှိ တနိုင်းဒေသအပါအဝင် မြို့တော်မြစ်ကြီးနားနဲ့ ပူတာအို၊ဖားကန့်စတဲ့မြို့နယ်တွေဘက်မှာလည်း အခြေခံစားသောက်ကုန်တွေစျေးကြီးတာ၊အချို့ကုန်စည်နဲ့အခြေခံဆေးဝါးပြတ်လပ်တာတွေ ပိုပြီးဆိုးလာနေတယ်လို့ ဒေသခံပြည်သူတွေပြောပါတယ်။
ရွှေဘို–မြစ်ကြီးနားကားလမ်းပိုင်းဟာ ပြီးခဲ့တဲ့ ၂၀၂၄၊ ၂၀၂၅ ခုနှစ်ကတည်းကနေ ကွင်းလမ်းအသုံးပြုသွားလာနေရတာဖြစ်ပေမယ့် ယခင်နှစ်တွေမှာတော့ တစ်ပတ်ကနေ ၁၀ ရက်ဝန်းကျင်အထိ ကြာမြင့်တတ်ပြီး ဒီနှစ်ထဲမှာတော့ ၁၀ ရက်ကနေ ရက် ၂၀ နီးပါးအထိကိုခရီးကြန့်ကြာနေတယ်လို့သိရပါတယ်
မြစ်ကြီးနား–ရွှေဘို ဗျူဟာကားလမ်းမကြီးကို စစ်ကောင်စီတပ်က ရွှေကိုးပင်ဂိတ်ကနေ ပြီးခဲ့တဲ့၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၈ရက်နေ့ကတည်းကပိတ်ထားတာဖြစ်ပြီး အလားတူကာကွယ်ရေးတပ်တွေဘက်ကလည်း ရွှေကိုးပင်ဂိတ်နဲ့မြစ်ကြီးနားကြားမှာ ဗျူဟာလမ်းမကြီးကိုပိတ်စို့ထားတဲ့နေရာတွေရှိကြောင်းသိရပါတယ်။
လူဦးရေ တစ်သန်းကျော်၊ခရိုင်လေးခု၊မြို့နယ် ၁၈ မြို့နယ်နဲ့ဖွဲ့စည်းထားတဲ့ ကချင်ပြည်နယ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နှစ်ဖက်လက်နက်ကိုင်တပ်ရဲ့လမ်းပိတ်ဆို့မှုကြောင့် ကုန်စျေးနှုန်းမြင့်တက်မှုက တစ်နေ့ထက်တစ်နေ့ပိုပြီးဆိုးရွားလာနတာလည်းဖြစ်ပါတယ်။
By – Zaw Zaw



