မြစ်ကြီးနားမြို့ လေကြောင်းလိုင်း သုံးလကြာ ရပ်နားမည်
ကချင်ပြည်နယ် မြစ်ကြီးနားမြို့က လေကြောင်းလိုင်း ကို သုံးလ ဝန်းကျင်ကြာ ရပ်နားသွားမှာ ဖြစ်တယ်လို့ မြစ်ကြီးနားမြို့ လေဆိပ်မှာ တာဝန်ထမ်းဆောင်နေတဲ့သူတွေကနေပြီးတော့ အတည်ပြုပါတယ်။
ခုလို မြစ်ကြီးနားလေကြောင်းလိုင်း ပိတ်ပင် လိုက်တာဟာ မနေ့ည (ဖေဖော်ဝါရီ ၂၀ရက် ) ည ၈ခွဲအချိန် မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA)မှ ATR-72-600 အမျိုးအစား ခရီးသည်တင်လေယာဉ်တစ်စင်း မြစ်ကြီးနားလေဆိပ်ကနေ မန္တလေးမြို့သို့ ထွက်ခွာဖို့အတွက် ပြင်ဆင်နေချိန် ဒရုန်းနဲ့ ပစ်ခတ်ခံရမှုကြောင့်လို့လည်း သိရပါတယ်။
ဒရုန်းပစ်ခတ်မှုကြောင့် လေယာဉ်ရဲ့ ခေါင်းပိုင်း၊ ကိုယ်ထည်အလယ်ပိုင်းနဲ့နောက်မီးပိုင်းတွေမှာ ဗုံးစထိမှန်ပြီး အနည်းငယ်ပျက်စီးခဲ့ပေမယ့် ထိခိုက် သေဆုံးသူတွေတော့ မရှိခဲ့ဘူးလို့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနကနေပြီးတော့ ဒီကနေ့ ဖေဖော်ဝါရီ ၂၁ရက်နေ့မှာ ထုတ်ပြန်ထားတာဘဲ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း မနေ့ည တစ်ညတည်းမှာဘဲ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် ကမ်းနားလမ်းဘက်က အရပ်သား နေအိမ်တချို့ ထိခိုက် ပျက်စီးမှုတွေ ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် ခုလို ဒရုန်းတွေနဲ့ တိုက်ခိုက်တာနဲ့ ပက်သက်ပြီး စစ်ကောင်စီ ပြန်ကြားရေး ဝန်ကြီးဌာနကနေပြီးတော့ ကေအိုင်အေနဲ့ PDF ပူးပေါင်းတပ်တွေကနေပြီးတော့ FPV Suicide Drone တွေကို အသုံးပြုပြီး အကြမ်းဖက်နေတာ ဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။
ဒီအခြေအနေနဲ့ ပက်သက်ပြီး ကေအိုင်အို သတင်းနဲ့ ပြန်ကြားရေးဌာနက တာဝန်ရှိသူ ဗိုလ်မှူးကြီး နော်ဘူကို ဆက်သွယ်ခဲ့ပေမယ့် သူ့ရဲ့ လက်ထောက်ကနေပြီးတော့ နေ့လည်ပိုင်းလောက်မှ ပြန်လည် ဆက်သွယ်လာဖို့ အကြောင်းပြန်လာပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ရက်နေ့တုန်းကလည်း မြစ်ကြီးနားလေဆိပ်က လေယာဉ်ပျံသန်းမယ့်လမ်းမှာ ဒရုန်းတစ်စင်း ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် လေကြောင်းခရီးစဉ်တွေကို အချိန်အနည်းငယ် ရပ်နားခဲ့ရတာ ဖြစ်ပါတယ်။
By – Hope



