စစ်ကောင်စီတပ်တွေ ဒီကနေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ တစ်တည်းမှာပဲ ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်ဒေသရှိ တပ်မဟာ၊တပ်ရင်းတွေထဲက နေရာ ၅ ခုထက်မနည်းကို ပြင်းထန်တဲ့လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်သွားခဲ့တယ်လို့ KIO ပြောပါတယ်။
ဖေဖော်ဝါရီလ ၂၁ ရက်နေ့ လေကြောင်းတိုက်ခိုက်ခံရတဲ့အခြေအနေနဲ့ ပတ်သက်ပြီး KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုအခုလိုပြောပါတယ်။
“အခုချိန်အထိကြားနေရတာက ဒီမနက် ၁၁ နာရီ၊ ၁၂ ကျော်လောက်ကနေ ဆက်တိုက်ဖြစ်ဖြစ်ခဲ့တယ်လို့ပြောလို့ရပါတယ်။ တပ်မဟာ (၉) ဘက်ကိုပစ်တယ်။ နေ့လည်ပိုင်းမှာ တပ်မဟာ (၈) နေရာဘက်ကိုပစ်တယ်။ ပြီးရင်တစ်ဆက်တည်းမှာပဲ KIA တပ်ရင်း (၁၁) ဘက်မှာလည်း ပစ်သွားတယ်။ နောက် တပ်မဟာ (၃) နယ်မြေထဲက အင်ဘာပါ တပ်ရင်း(၁) နေရာကိုလည်း ပစ်သွားတယ်။ အားလုံး ၅၊ ၆ နေရာလောက်မှာ လာပစ်သွားတယ်”လို့ပြောပါတယ်။
ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မြစ်ကြီးနားလေဆိပ် ဒရုန်းပစ်ခတ်ခံရမှုမှာ KIA နဲ့ PDF ပူးပေါင်းတပ်တွေဖြစ်တယ်လို့ စစ်ကောင်စီ စွပ်စွဲပြောဆိုပြီး ပြင်းထန်တဲ့ တုန့်ပြန်မှုတွေလုပ်ဆောင်သွားမယ်လို့ ပြောဆိုလိုက်ပြီးနောက် တပြိုင်နက်တိုက်ခိုက်ခံရတာဖြစ်ပါတယ်။

ကချင်ပြည်နယ်ထဲက KIA တပ်မဟာ၊ တပ်ရင်းနေရာတွေမှာ စစ်တပ်လေကြောင်းတိုက်ခိုက်ခံရပေမယ့် လက်ရှိအချိန်အထိတော့ ထိခိုက်၊ ပျက်စီးဆုံးရှုံးမှုအသေးစိတ်မသိရဘူးလို့ ဗိုလ်မှူးကြီးနော်ဘူပြောပါတယ်။
စစ်တပ်ဘက်က အခုလို KIA တပ်မဟာနေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်လာတာနဲ့ပတ်သက်ပြီး ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောပြပါတယ်။
“ဒီလိုလုပ်ရပ်တွေ စစ်တပ်က နဂိုကတည်းလုပ်ဆောင်နေသလို ပြင်ဆင်ထားတယ်လို့ပဲမြင်ရတယ်။ နောက်တစ်ခုက မနေ့ည မြစ်ကြီးနား လေဆိပ်မှာ လေယာဉ်တစ်စင်းကို ဘယ်အဖွဲ့အစည်းမှန်းမသိရဘဲပစ်ခတ်ခံရလိုက်ရတာရှိတယ်။ သူတို့ပြောတာက ဒရုန်းနဲ့ ဆိုဆိုက်ဒရုန်းကြောင့်လို့တော့ပြောတပဲ။ အဲ့လိုပစ်ခံရလို့ အခုလိုလိုက်ပစ်တာလည်းဖြစ်နိုင်တယ်”လို့လည်းဆက်ပြောပါတယ်။
နောက်ပြီး မြစ်ကြီးနားလေဆိပ် ဒရုန်းပစ်ခတ်ခံရတာနဲ့ ပတ်သက်ပြီး KIA နဲ့ PDF က လုံးဝမဟုတ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူ ဆက်ပြီး ငြင်းဆိုထားပါတယ်။
စစ်ရေးပစ်မှတ်မဟုတ်တဲ့အပြင် အများပြည်သူရှိတဲ့ နေရာတွေမှာ ပစ်ခတ်ဖို့ KIA ရဲ့ စစ်ဗျူဟာ ပေါ်လစီမှာမရှိသလို ပြည်သူလူထုထိခိုက်နစ်နာစေမယ့် လုပ်ရပ်တွေမလုပ်ဖို့ ချမှတ်ထားတဲ့ စည်းကမ်းတွေရှိတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဘက်ကသာ တိုက်ပွဲမရှိတဲ့နေရာ အရပ်ပြည်သူတွေကို ပစ်မှတ်ထား နည်းမျိုးစုံနဲ့ တိုက်ခိုက်နေတာဖြစ်ပြီး ပြည်သူလူထုရဲ့ ယုံကြည့်မှုအားနည်းလာအောင်၊ မြစ်ဆုံစီမံကိန်းတွေဖော်ဆောင်နိုင်ဖို့ ဆက်စပ်ကာ လုပ်ဆောင်နေတဲ့ လုပ်ရပ်ဖြစ်တယ်လို့ KIO ပြောဆိုနေတာဖြစ်ပါတယ်။
မနေ့ည မြစ်ကြီးနားမြို့ လေဆိပ်ပစ်ခတ်ခံရတာကြောင့် ရပ်နားထားတဲ့ ခရီးသည်လေယာဉ် ကိုယ်ထည်အနောက်ပိုင်း ထိမှန်သွားတဲ့ဖြစ်စဉ်တွေကြောင့် မြစ်ကြီးနားလေကြောင်းလိုင်းအားလုံးကိုလည်း ၃ လရပ်ဆိုင်းကြောင်း စစ်ကောင်စီထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာလည်း ပထမတစ်ကြိမ်ပစ်ခတ်ခံရမှုရှိခဲ့ပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)



