လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ယူမာကျေးရွာလမ်းမကြီးပေါ် မှာအမျိုးသား နှစ်ဦးပစ်သတ်ခံရ

ဖားကန့်မြို့နယ် ယူမာကျေးရွာထဲက လမ်းမကြီးပေါ်မှာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ညနေပိုင်း ၄ နာရီဝန်းကျင်လောက်မှာ အမျိုးသားနှစ်ဦး ပစ်သတ်ခံရတဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

အမျိုးသားနှစ်ပစ်သတ်ခံရတဲ့နေရာဟာ ယူမာကျေးရွာရဲ့ VIP ကားရေဆေးဆီလိုက်ဆိုင်ရှေ့ လမ်းမကြီးပေါ်မှာ ပစ်သတ်ခံရတာဖြစ်တယ်လို့ ယူမာရွာထဲက ပြည်သူတစ်ဦးက KNG ကိုပြောပါတယ်။

ဒီမနက် ၉ နာရီခွဲလောက်မှာ ဝိသာခါနာရေးကူညီရေးအသင်းတွေ အလောင်းကိုလာသယ်သွားပြီ။ ပစ်သတ်ခံရတာက မနေ့က ညနေ ၄ နာရီလောက်မှာဖြစ်သွားတာ။ ဘယ်အဖွဲ့အစည်းက ပစ်တယ်ဆိုတာက သေချာသိဖို့တော့ခက်တယ်။ ပြီးရင် ဒီမနက်အစောပိုင်း ၄ နာရီလောက်မှာ လက်နက်ကြီးသံ ၂ ချက်လောက်ကြားရသေးတယ်လို့ပြောပါတယ်။

ဖားကန့် မရှီကထောင်အနောက်ဘက်ခြမ်းမှာ တိုက်ပွဲဖြစ်နေတာကြောင့် လက်ရှိ အမျိုးသားနှစ် ပစ်သတ်ခံရတဲ့ ဖားကန့် ယူမာ နဲ့ မရှီကထောင် သွားလမ်း မိန်းလမ်းမကြီးကို နှစ်ဖက်စစ်တပ်က ပိတ်ထားတာ တစ်လခန့်ကြာမြင့်လာပြီဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီယူမာလမ်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းကနေ စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ စစ်ရေးတင်းမာမှုဖြစ်နေပြီး သွားလာရေးကန့်သတ်ထားတာကြောင့် သွားလာတဲ့ သူတွေမရှိကြတဲ့နေရာလည်းဖြစ်တယ်လို့ နောက်ထပ် ဖားကန့်ပြည်သူအမျိုးသားတစ်ဦးက အခုလိုဆက်ပြောပါတယ်။

ဖာကန့် ယူမာလမ်း၊ ဆိုင်းတောင်(ဆိပ်မူ)သွားလမ်း မိန်းလမ်မကြီးက နှစ်ဖက်လုံးပိတ်ထားတာပဲ။ စစ်ကောင်စီကလည်း မရှီကထောင် ရွှေမြန်မာ ဆီဆိုင်တစ်ကြောမှာ နေရာယူထားတယ်။ တစ်ဖက်မှာလည်း KIA နဲ့ PDF တွေနေရာယူထားကြတယ်။ ဖြတ်သွားဖြတ်လာလည်းမရှိကြဘူးလို့ပြောပါတယ်။

လက်ရှိ အမျိုးသားနှစ်ဦး ပစ်သတ်ခံရတဲ့နေရာဟာ စစ်ကောင်စီတပ်တွေနေရာယူထားတဲ့ လှုပ်ရှားနေရာဖြစ်သလို မရှီကထောင်အနောက်ဘက်ခြမ်းမှာ တစ်လနီးပါခန့်ရှိလာတဲ့ တိုက်ပွဲအတွင်း စစ်တပ်က အထိနာနေတဲ့အတွက်ကြောင့်လည်း အခုလို လမ်းမပေါ် တွေ့ရှိတဲ့ပြည်သူတွေကို တွေ့ရာပစ်သတ်လိုက်တဲ့အခြေအနေဖြစ်နိုင်တယ်လို့ ဖားကန့်ပြည်သူတွေပြောဆိုနေကြပါတယ်။

ဒါ့အပြင် အဲ့ဒီ ပြည်သူနှစ်ဦးပစ်သတ်မှုမတိုင်ခင် စစ်တပ်ဘက်က ခွေးတွေအရင်ဆုံးဟောင်လာပြီး ခဏအတွင်း ပစ်သတ်မှုဖြစ်ပွားခဲ့တာလို့ ဆက်သိရပါတယ်။

သေဆုံးသွားတဲ့ အမျိုးသားနှစ်ရဲ့ ရုပ်လောင်းကို တွေ့ရှိတဲ့ပြည်သူတွေရဲ့ ပြောဆိုချက်အရ မူးယစ်ဆေးဝါးသုံးစွဲတဲ့ သူတွေလည်းဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။

ဖားကန့်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် နှစ်စဉ် တိုက်ပွဲတွေဆက်ရှိနေတဲ့ဒေသတစ်ခုအပါအဝင်ဖြစ်သလို အခုလို အရပ်သားတွေ ပစ်သတ်ခံရတဲ့ဖြစ်စဉ်တွေလည်း လစဉ်မကြာခဏဖြစ်ပေါ်နေတာလည်းတွေ့ရပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button