စစ်ရှောင်ကလေးငယ်တစ်ဦး လက်နက်ကြီးထိမှန်သေဆုံး
ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာရှိတဲ့ စစ်ရှောင်စခန်းက ကလေးငယ်တစ်ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့တယ်လို့ မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မနက် ၈နာရီဝန်းကျင် ဝိုင်းမော်မြို့အမှတ်–၃ ရပ်ကွက်မှာနေထိုင်နေတဲ့ ဝူယန်စစ်ရှောင်စခန်းက သားအဖ ၃ ဦးစစ်ရှောင်စခန်းကနေ ရွာမှာရှိတဲ့နေအိမ်ခြံဝင်းထဲ ထင်းသွားသယ်နေချိန် လက်နက်ကြီးထိမှန်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“အိမ်ခြံဝင်းထဲမှာ အရင်ကသူတို့ရှာထားခဲ့တဲ့ ထင်းတွေစုနေတာတဲ့ ဒီဝိုင်းမော်စစ်ရှောင်စခန်းဘက်ကိုသယ်လာဖို့ လုပ်နေတဲ့ချိန်လက်နက်ကြီးကျလာတယ်လို့ ပြောတယ်”လို့ ဆိုပါတယ်။
လက်နက်ကြီးကျရောက်ပေါက်ကချိန် ဖခင်ဖြစ်သူနဲ့အမဖြစ်သူက လမ်းမဘက် ထင်းခုတ်နေတဲ့အတွက်လွတ်သွားပေမယ့် အိမ်ခြံဝင်းဧရိယာတွင်းမှာရှိနေတဲ့ အသက် ၁၁ နှစ်အရွယ် မလာမာဆီးကလက်နက်ကြီးထိမှန်သွားတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
လက်နက်ကြီးကြောင့် မလာမာဆီးရဲ့ နားအနောက်ဘက်နဲ့ ခြေထောက်နားမှာ ဗုံးစတွေထိမှန်ခဲ့ပြီး အဲဒီနေရာမှာတင် ပွဲချင်းပြီးသေဆုံးခဲ့တာဖြစ်တယ်လို့ မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေးအသင်းရဲ့ အဖွဲ့ဝင်တစ်ဦးက ခုလိုပြောပြပါတယ်။
ဝူယန်ကျေးရွာ၊ မဒိန်ကျေးရွာ၊ စန်းကားကျေးရွာ အုပ်စု၊ ခတ်ချိုကျေးရွာ စတဲ့ ကျေးရွာတွေမှာ မြေမြုပ်မှိုင်းနင်းမိတဲ့ဖြစ်စဉ်တွေနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေ မကြာခနဖြစ်ပွားနေပေမယ့် စစ်ရှောင်တွေအတွက် စားဝတ်နေရေးဖြေရှင်းဖို့ ပိုမိုခက်ခဲလာတာကြောင့် သက်စွန့်ပြီး ထင်းခွေ၊ ဝက်စာနဲ့ ဟင်းသီးဟင်းရွာ ခူးတာတွေကို လုပ်နေကြရတာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၆ရက်နေ့မှာလည်း ဝူယန်ကျေးရွာမှာ အသက် ၅၄ နှစ်အရွယ် အမျိုးသားတစ်ဦး အိမ်အပြင်ထွက်ရင်းနဲ့ မြေမြုပ်မှိုင်းနင်းမိပြီး ဘယ်ဘက်ခြေထောက် တစ်ခုပြတ်ထွက်သွားခဲ့တဲ့ဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။

မြစ်ကြီးနားတစ်ဖက်ကမ်းမှာရှိတဲ့ ဝိုင်းမော်မြို့နယ်၊ ဝူယန်၊လမြန်ကျေးရွာအနီးတစ်ဝိုက် စစ်တပ်နဲ့ KIA ပူးပေါင်းတပ်အကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်သလို မြေမြုပ်မှိုင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှု တစ်ကြိမ်နှုန်းနဲ့ဖြစ်နေတယ်လို့ သိရပါတယ်။
ဒါကြောင့် သခံပြည်သူတွေအနေနဲ့ တိုက်ပွဲဖြစ်နေတဲ့နေရာအနီး လက်နက်ကြီးကျပေါက်ကွဲတာတွေမကြာနဖြစ်နေတဲ့အတွက် စစ်ပွဲဧရိယာသို့သွားလာခြင်းမပြုဖို့လည်းအထူးလိုအပ်ပါတယ်။
အလားတူ မြေမြုပ်မှိုင်း အန္တရာယ်နဲ့ စစ်လက်နက်အကြွင်းအကျန် အန္တရာယ်တွေကို ကာကွယ်ဖို့ဆိုရင် မိမိကိုယ်တိုင် မသိနားမလည်သော သံပစ္စည်း၊ သံဘူး၊ သံလုံးတွေကို ကိုယ်တွယ်ထိမိတာ ကစားတာ မသိနားမလည်ပဲ မြေမြုပ် သံတုံး၊ သံလုံးပုံစံရှိလောက်သာရှိတဲ့မှိုင်းတွေကို မြေကြီးထဲကဆွဲထုတ်တာ အိမ်ယူသယ်တာ သစ်တော၊ လယ်ကွက်၊ စစ်ပွဲကျရောက်ခဲ့တဲ့ နေရာတွေကို သတိမထားဘဲ လှည့်လည်သွားတာတာ၊ သတိပေးအမှတ်အသားတွေကို ဂရုမစိုက်ဘဲ အတင်းဇွတ်တိုးဝင်သွားတာမျိုး ကို ရှောင်ကျဉ်ရမှာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာလည်း ဝိုင်းမော်မြို့မှာ စစ်ကောင်စီတပ်နဲ့ ကေအိုင်အေပူးပေါင်းတပ်တွေအကြား စစ်ရေးတင်းမာနေပြီး ထိတွေ့တိုက်ပွဲမကြာခဏဖြစ်နေသလို နှစ်ဖက်တပ်အကြား လက်နက်ကြီးပစ်ခတ်မှုနဲ့ မြေမြုပ်မှိုင်း ထောင်ထားမှုတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် မတ်လ ၇ ရက်နေ့စတင်လာတဲ့ KIA ပူးပေါင်းတပ်ရဲ့ စစ်ဆင်ရေးနောက်ပိုင်း ဝိုင်းမော်မြို့နယ်တွင်းရှိ ဒေသခံအများပိုင်း နေရပ်စွန့်ခွာသွားပေမယ့် မြန်မာပြည်အောက်ပိုင်းကနေ ဝိုင်းမော်နယ်ဘက် ငှက်ပျောခြံတွေမှာ အလုပ်လာရောက်လုပ်ကိုင်တဲ့ ရွှေ့ပြောင်းလုပ်သားတွေများစွာရှိနေပါတယ်။
By – Hope



