KIO ထိန်းချုပ်နယ်မြေ လေကြောင်းတိုက်ခိုက်မှုဆက်တိုက်ကြုံနေရ
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချူပ်ထားတဲ့ နေရာတစ်ချို့မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုအရှိန်မြင့်လုပ်ဆောင်လာတယ်လို့ ဒေသခံပြည်သူတွေ ပြောပါတယ်။
ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မြစ်ကြီးနားလေဆိပ်ပေါက်ကွဲမှုကို KIA နဲ့ PDF ပူးပေါင်းတပ်က ဒရုန်းနဲ့တိုက်ခိုက်တာဖြစ်တယ်လို့ စစ်တပ်ကထုတ်ပြန်လာပြီး ပြင်းထန်တဲ့ တုန့်ပြန်မှုတွေလုပ်ဆောင်သွားမယ်လို့ ပြောဆိုလာပါတယ်။
အဲဒီနောက် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မနက် ၂ နာရီဝန်းကျင် စစ်တပ်က ဆဒုံးမြို့ကို လေယာဉ်ဗုံး ၃ ကြိမ်လာကြဲသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဆဒုံးဗုံးကြဲခံရမှုမှာ လူထိခိုက်တာမရှိပေမဲ့ အရင်ဗုံးကြဲခံရတဲ့ စျေးတန်းနေရာတွေမှာ ထပ်ကြဲချခံရတာကြောင့် စျေးတန်းတွေနဲ့ နေအိမ်တချို့ထပ်မံပျက်စီးသွားတဲ့အပြင် အဲဒီနားမှာရှိတဲ့ဟိုတယ်တစ်ခုလုံးလည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။
ဗုံးကြဲခံရတာကြောင့် ပျက်စီးသွားတဲ့ အဲဒီဟိုတယ်ဟောင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ အဖွဲ့သားတွေ အဝင်အထွက်ရှိတာကို စစ်တပ်က သိရှိတာကြောင့် ရည်ရွယ်ချက်ရှိရှိ ဗုံးလာကြဲတာဖြစ်တယ်လို့ဒေသခံတွေက ပြောပါတယ်။
အလားတူ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ဖားကန့် KIA တပ်မဟာ ၉ နယ်မြေဖက်ကို ဂျက်လေယာဉ်နဲ့ ဗုံး ၄ လုံးထက်မနည်းဗုံးကြဲခဲ့တဲ့အပြင် KIO ဌာနချူပ်လိုင်ဇာမြို့ပေါ် လေယာဉ်ပျံဝဲတာတွေလုပ်ခဲ့ပြီး အင်ပါပါကျေးရွာဘက်ကို လေယာဉ်ဗုံးကြဲချခဲ့တယ်လို့ ဆက်လက်သိရပါတယ်။
“ဒီရက်ပိုင်းက အရမ်းသတိထားရမယ့်အခြေအနေဖြစ်နေတယ်။ ဗိုလ်ချူပ်ဂွမ်မော်ကလည်း စကားနည်းနည်းပြောထွက်ထားတယ်ဆိုတော့ စစ်ကော်မရှင်တွေဘက်က နည်းနည်းတော့ ကြက်သည်းထပုံပဲ။တမင်တကာလိုက်ပြီး ဗုံးကြဲပြနေတယ်။ အခု တရုတ်နယ်စပ်တစ်ဝိုက်ကိုလည်း တရုတ်ဘက်က ဗုံးကြဲခွင့်မပေးထားတော့ စစ်တပ်တွေ ဗုံးလိုက်ကြဲနေတဲ့ နေရာတွေကို ကြည့်လိုက်ရင် အင်ခေါင်းပါလို၊မံစီ – အင်ပါပါလို နေရာတွေကို လိုက်ကြဲနေတာ။ဘာမှမဆိုင်တဲ့နေရာတွေကိုပဲ လိုက်ကြဲနေတာ”လို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

ဒါ့အပြင် ဇန်နဝါရီလ ၂၂ ရက်နေ့ မနေ့ည ၁၁ နာရီခွဲဝန်းကျင်မှာလည်း စိန်လုံဘွမ်နှင့် မိုင်ဂျာယန်ကြား အင်ခေါင်းပါကျေးရွာအနီး ဘွမ်ကထောင်ရွာမှာ စစ်တပ်လေယာဉ်နဲ့ ဗုံးကြဲခဲ့လို့ နေအိမ်တစ်ခုလုံးပျက်စီးသွားကာအဖိုးအိုတစ်ဦး သေဆုံးခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
အင်ခေါင်းပါကနေ ၄ မိုင်လောက်အကွာမှာရှိတဲ့ ဘွမ်ကတောင်ကျေးရွာ လေကြောင်းဗုံးကြဲခံရမှုမှာ အသက် ၇၈ နှစ်အရွယ် အဘိုးတစ်ဦး အသက်သေဆုံးပြီး နေအိမ်တစ်ခုလုံးလည်း မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
“အရင်ရှေ့ရက်တွေကတည်းက အင်ခေါင်းပါဘက်က လေယာဉ်ဗုံး ၂ ကြိမ်တောင်လာချတာ ရှိတယ်။ အဲတုန်းကတော့ ဘာမှထိခိုက်မှုမရှိဘူးပေါ့။ မနေ့ည ဘွမ်ကထောင်မှာ ပြန်ပြီး ဗုံးလာချတယ်။အမျိုးသားတစ်ဦးတစ်သေဆုံးသွားတယ်”လို့ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ဖေဖော်ဝါရီလ ၂၂ ရက်ညမှာလည်း ဝိုင်းမော်မြို့နယ် ဝူယန် နှင့် ဝါရှောင်လမ်းဘက်ကို လေယာဉ်ဗုံး ၃ ကြိမ်ကြဲသွားသလို ဖေဖော်ဝါရီလ ၂၃ ရက် ဒီနေ့မှာလည်း မိုးမောက်မြို့နယ်၊ မြို့သစ်ကျေးရွာမှာ လေကြောင်းတိုက်ခိုက်မှုထပ်မံလုပ်သွားတယ်လို့သိရပါတယ်။
စစ်တပ်က ခုလိုဗုံးကြဲတိုက်ခိုက်တာဆက်တိုက်လုပ်ဆောင်နေတဲ့အတွက် ကချင်လွတ်လပ်ရေးအစိုးရအဖွဲ့ KIO ကလည်း လတ်တလော ပြည်သူတွေအနေနဲ့ လေကြောင်းရန်သတိထားနေထိုင်ဖို့ ပြောဆိုထားတယ်လို့သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ ရက်နေ့က ဗန်းမော်မြို့တစ်ဖက်ကမ်း KIA တပ်မဟာ ၈ နယ်မြေ ကောင်ဂျာရွာကို စစ်တပ်က အကြောင်းမဲ့ လေယာဉ်ဗုံးကြဲခဲ့လို့ ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူ ၅၀ ကျော်ထိခိုက်သေဆုံးမှု
ရှိခဲ့ပါတယ်။ စစ်တပ်ရဲ့ လေယာဉ်ဗုံးကြဲမှုတွေကြောင့် နှစ်စဉ် ကချင်ပြည်နယ်မှာ ပြည်သူတွေအစုအပြုံလိုက်သေဆုံးမှုဖြစ်စဉ်တွေ ဆက်တိုက် ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။
လက်ရှိ ကချင်ပြည်နယ်အတွင်း ဗန်းမော်တိုက်ပွဲဟာလည်း ဆက်လက်ပြင်းထန်နေပြီး ဝိုင်းမော်နှင့် ဖားကန့် မြို့နယ်တွေမှာ စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIAတို့ကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပါတယ်။
By – ဂျာဘောက်ရာ



