ပဲနုပ်ဆွပ်ရွာ လေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သား ၇ ဦးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးသေဆုံး
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ပဲနုပ်ဆွပ်ကျေးရွာကို စစ်ကော်မရှင်က ဝေဟင်ကနေဂျိုင်ရိုကော်ပတာနဲ့ တိုက်ခိုက်ခဲ့တာ ကြောင့် အရပ်သား ၇ ဦးအပါအဝင် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးခဲ့ရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။
မနေ့က ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ညနေပိုင်း ၃ နာရီဝန်းကျင်လောက်မှာ လေကြောင်းကနေတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး ဒဏ်ရာ ပြင်းထန်ရရှိခဲ့သူတွေလည်းရှိတယ်လို့သိရပါတယ်။
လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ ပဲနုပ်ဆွပ်ကျေးရွာမှာ နှစ်ဖက်တပ်တွေအကြားတိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားတာမရှိပေမဲ့ အဲ့ဒီဒေသ ကို လက်ရှိမှာ တော်လှန်ရေးအင်အားစုတွေကထိန်းချုပ်ထားကြတာလို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။
“ဟုတ်ပါတယ်။ ပြည်သူ ၇ ယောက်သေတဲ့အပြင်ကို ရဲဘော် ၂ ယောက်လည်းပါသွားတယ်တဲ့။ အဲ့နေရာက ဘာလည်းတော့ မသိပါဘူးလေ။ ရဲဘော်တွေနေတဲ့ဂိတ်မို့လို့ပစ်တာလား။ ဟုမ္မလင်းဆိုတော့ ရွှေမှော်မို့လို့ပစ်တာလားမသိပါဘူး။ ဒီနေ့လည်း ထပ်ကြဲသွားတယ်တဲ့ သေဆုံးမှုတွေလည်းထပ်ရှိတယ်ပြောတယ်”လို့ စစ်ရေးသတင်းရင်းမြစ်တစ်ယောက်က ဖြစ်စဥ်ကိုအတည်ပြုပါတယ်။
ထူးခြားချက်ကတော့ ဟုမ္မလင်းမြို့နယ်အတွင် ဂျိုင်ရိုကော်ပတာနဲ့တိုက်ခိုက်ခံရတာဟာဒီတစ်ကြိမ်ပထမဦးဆုံးဖြစ်ပြီး စစ်ကော်မရှင်က ၂၀၂၄ ခုနှစ်နောက်ပိုင်းကစလို့ မြေပြန့်ဒေသတွေမှာ ကုန်ကျစရိတ်သက်သာတဲ့ ဂျိုင်ရိုကော်ပတာအပါအဝင် ပါရာမော်တာလို့ခေါ်တဲ့ စက်တပ်လေထီးတွေကိုကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာခဲ့တာဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းထဲ ဟုမ္မလင်းမြို့နယ် ဥရုချောင်းအနီးတစ်ဝှိုက်မှာရှိတဲ့ ပဲနုပ်ဆွပ်ကျေးရွာဟာ ရွှေမှော်ဒေသဖြစ်တာကြောင့် သေဆုံးသူတွေဟာ နေရာအနှံ့ကလာတဲ့ဒေသခံတွေဖြစ်နိုင်ပြီး သေဆုံးသူတွေမည်သူမည်ဝါဆိုတာကိုလည်းအတည်ပြုဖို့ ခက်ခဲနေတယ်လို့သိရပါတယ်။
“အရင်ကတော့ ဟုမ္မလင်းမှာ ဂျိုင်ရိုနဲ့ပစ်တာမရှိဖူးဘူး။ ဒါပထမဆုံးပဲထင်တာပဲ ကျနော်လက်လှမ်းမှီသလောက်ပေါ့။ အခုမှ ရောက်လာတာလားမသိဘူးနော်”လို့ဟုမ္မလင်းမြို့နယ်တစ်ဝှိုက်က ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကတော့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဟုမ္မလင်းမြို့နယ်အပါအဝင် နာဂဒေသတွေကိုသွားရောက်ခဲ့ပြီး တပ်မိသားစုတွေအပါအဝင် မြို့ရဲ့ရပ်မိရပ်ဖတွေနဲ့တွေ့ဆုံခဲ့တယ်လို့ စစ်ကော်မရှင်ကိုထောက်ခံ တဲ့ သတင်းစာတွေနဲ့ချန်နယ်လ်တွေကထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက မြစ်ကြီးနားလေဆိပ်ကို KIA နဲ့ PDF တွေကတိုက်ခိုက်ခဲ့လို့ Myanmar National Airline က ခရီးသည်လေယာဥ်ပျက်ဆီးခဲ့ရတယ်လို့စွပ်စွဲထားသလို ပြင်းထန်တဲ့တုံ့ပြန်မှုလုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
အဲ့ဒီထုတ်ပြန်ချက်ထွက်ပြီးတဲ့နောက်မှာတော့ ကေအိုင်အေဌာနချုပ်ရှိရာလိုင်ဇာမြို့နဲ့ တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထား တဲ့ဒေသတွေကို လေကြောင်းကနေဆက်တိုက်ဗုံးကြဲတိုက်ခိုက်တာတွေလုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
By – အမိုး



