မြစ်ကြီးနားမှာ KIA ကို ဆန္ဒပြဖို့စစ်ကောင်စီပြင်ဆင်နေ
ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့မှာ မြစ်ကြီးနားလေယာဉ်ကွင်းပစ်ခတ်မှုနဲ့ ပတ်သက်ပြီး KIA ကို ဆန္ဒပြဖို့ စစ်ကောင်စီကပြင်ဆင်နေတယ်လို့ ဌာနဆိုင်ရာနဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။
“ဟုတ်တယ် နက်ဖြန်ဆန္ဒပြဖို့ ပြည်နယ်အစိုးရအဖွဲ့ဦးဆောင်ပြီးပြမှာတဲ့ အားလုံးစီစဉ်ထားကြပြီ လေကြောင်းလိုင်းပစ်ခတ်မှု နဲ့ပတ်သက်ပြီးဆန္ဒပြဖို့လုပ်နေတာ”လို့ ပြောပါတယ်။
ဒီဆန္ဒပြပွဲကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မနက်ပိုင်းမှာကျင်းပဖို့စီစဉ်ထားပြီး စစ်တပ်ခန့်ကချင်ပြည်နယ်အစိုးရအောက် ဌာနပေါင်းစုံမှဝန်ထမ်းများ၊ ပြည်သူ့စစ်တပ်ဖွဲ့များ၊ ဘာသာရေးအဖွဲ့အစည်းခေါင်းဆောင်တစ်ချို့လည်းပါဝင်ဖို့ပြင်ဆင်ထားကြတယ်လို့ သူကဆက်ပြောပါတယ်။
မြောက်ပိုင်းစစ်ဌာနချုပ်တည်ရှိရာ ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့မှာ အရပ်ဘက်သုံးလေယာဉ်ကွင်းနဲ့ စစ်တပ်သုံးနမ့်ပေါင်လေတပ်စခန်းနှစ်ခုရှိပြီး အာဏာသိမ်းပြီးနောက် မကြာခနတိုက်ခိုက်ခံရတဲ့လေယာဉ်ကွင်းဟာ စစ်တပ်သုံး နမ့်ပေါင်လေတပ်စခန်းဖြစ်ပါတယ်။
အလားတူ KIO ဒုတိယဥက္ကဋ္ဌ ၁ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်ကလည်း မြစ်ကြီးနားနမ့်ပေါင်လေတပ်စခန်း ဌာနချုပ်ရဲ့ ရေဒါစခန်းကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်း အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်မှာ ပြုလုပ်တဲ့ ၆၅ နှစ် မြောက်ကချင်တော်လှန်ရေးနေ့ အခမ်းအနားတွင် အတည်ပြုပြောဆိုလိုက်ပါတယ်။
အဲဒီနောက် စစ်ကောင်စီတပ်ဟာ ဗိုလ်ချုပ်ကြီး ဂွန်မော်စကားကို အကြောင်းပြပြီး ပြီးတဲ့ ဖေဖော်ဝါရီလ ၁၂ရက်နေ့ မြစ်ကြီးနားလေဆိပ်အနီးကို အသေခံဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံရကြောင်း၊ နောက်ထပ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာလည်း မြစ်ကြီးနားလေဆိပ် ရန်ကုန်–မန္တလေး–မြစ်ကြီးနား ပြေးဆွဲနေတဲ့ Myanmar National Airline(MNA) ရဲ့လေယာဉ်တိုက်ခိုက်ခံရကြောင်း ဆက်တိုက်ထုတ်ပြန်လာပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဘက်က ဒီလေယာဉ်ကွင်းပစ်ခတ်ခံရတာ KIA/PDF တပ်ဖွဲ့ကတိုက်ခိုက်တာဖြစ်ပြီး ဒီလုပ်ရပ်အပေါ်ပြင်းထန်စွာတုံဲ့ပြန်သွားမယ့်အကြောင်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
KIO ဘက်ကတော့ အရပ်သားလေယာဉ်ကွင်းပစ်ခတ်မှုဟာ KIO ပေါ်လစီမှာလည်းမရှိကြောင်းပြောဆိုထားပြီး ဒါဟာစစ်တပ်ဘက်က ပြည်သူတွေနားလည်မှုလွှဲအောင်လုပ်ကြံနေတာဖြစ်တယ်လို့ KNG ကိုပြောပါတယ်။

“KIA အမြဲတမ်း တစ်ဖက်ရန်သူကို ပစ်မှတ်ထားပြီး တိုက်ခိုက်တာတွေလုပ်ပါတယ်။ အခုဖြစ်သွားတဲ့ အများပြည်သူသုံးတဲ့ လေယာဉ်ကွင်းက စစ်နေရာမဟုတ်သလို ရန်သူလည်းမရှိပါဘူး။ ပစ်ရင်က ရန်သူရှိတဲ့ စစ်လေယာဉ်ကွင်းကို ပစ်မှာပဲ။ နောက်တစ်ခုက စစ်ကော်မရှင်ကနေ ပြည်သူသုံးတဲ့ လေယာဉ်တွေကို အသုံးပြုပြီး စစ်မြေပြင်နေရာတွေမှာ အသုံးပြုတာတွေရှိတယ်။ ဥပမာ – စစ်အင်အားသယ်ယူတာတွေ၊ Y- 12, Y-8 တွေနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေလုပ်တယ်။ အခုလိုလုပ်တာက ပြည်သူလူထုကို နားလည်မှုလွဲအောင်၊ အမြင်မှားအောင်လုပ်နေတယ်လို့ပဲပြောချင်တယ်”လို့ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့မှာလည်း ရဝမ်လူမျိုးစုရဲ့ ဘိုးဘွားပိုင်မြေဖြစ်တဲ့ လန်ဆယ်ဒေသမှာ KIA ထိန်းချုပ်မှုကို အလိုမရှိကြောင်းနဲ့ KIA နဲ့အပေါင်းအပါတွေကို အလိုမရှိဘူးလို့ကြွေးကြော်ခဲ့ကြသလို အာဏာသိမ်းစစ်တပ်နဲ့ ပြည်သူ့စစ်တွေ ပူးပေါင်းပြီး ထိုးစစ်ဆင်နေတဲ့ လန်ဆယ်ဒေသစစ်ဆင်ရေးကို ထောက်ခံကြောင်း ပူတာအိုမြို့မှာ ဆန္ဒပြပွဲကိုကျင်းပခဲ့တဲ့ ဖြစ်စဉ်တွေရှိခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ ခုနောက်ပိုင်း တိုင်းရင်းသားတော်လှန်ရေးတပ်တွေနဲ့ပြည်သူတွေကြားနားလည်မှု၊အမြင်လွှဲမှုအောင် ပုံစံအမျိုးမျိုးဖန်တီးနေတဲ့အပြင် ဒေသခံအားလုံးကိုယ်စားအနေဖြင့် စစ်တပ်ထောက်ခံသူ တွေကိုအသုံးချပြီး ဆန္ဒပြပွဲတွေလုပ်နေတာလည်းဖြစ်ပါယ်။
စစ်တပ်ဘက်က ခုလိုဆန္ဒပြတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကချင်နိုင်ငံရေးလေ့လာသူတစ်ဦးပြောတက “ ဒီမိုကရေစီဘက်ကိုသွားနေတာက ကျနော်တို့သာဖြစ်တယ် ဒီတော်လှန်ရေးလက်နက်ကိုင်တပ်က အဖျက်အမှောက်လုပ်နေတဲ့သူတွေဖြစ်တယ်။ ဒီလိုအဖွဲ့တွေကိုအသိအမှတ်မပြုသင့်ဘူး NUG ပဲဖြစ်ဖြစ်၊ EAO တွေဖြစ်ဖြစ်ဒီအဖွဲ့တွေက အဖျက်အမှောက်လုပ်တဲ့အဖွဲ့တွေဆိုပြီး ပြချင်တာတစ်ခုပေါ့။နောက်တစ်ခုက တရုတ်တွေပြချင်နေတာ မြစ်ဆုံလုပ်ဖို့စလာပြီဖြစ်တဲ့အတွက် ဝိုင်းမော်အနီးနားတစ်ဝိုက် KIA တွေကိုမရှိသင့်ဘူး ဘာလို့လဲဆိုရင် မြစ်ဆုံစီမံကိန်းလုပ်လာပြီဆိုရင် တရုတ်ဘက်ကပညာရှင်တွေလည်းလာမှာပဲ လူအဝင်ထွက်တွေများလာတဲ့ချိန်မှာ KIA ရှိနေရင်အဖျက်မှောက်ဖြစ်မယ်ဆိုတဲ့ မက်ဆေ့ကို တရုတ်ကိုပေးချင်လို့လုပ်နေတဲ့သဘောဖြစ်တယ်”ဆိုပြီး သုံးသပ်ထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းကစပြီး မြစ်ဆုံစီမံကိန်းအကောင်ထည်ဖော်နိုင်ရေး လူထုတွေ့ဆုံပွဲတွေကိုလည်း ခပ်စိပ်စိပ်လုပ်နေတာလည်းဖြစ်ပါတယ်။
By – Zami



