စစ်ကိုင်းနဲ့ကချင်အစပ် ဗန်းမောက်မြို့အရှေ့ခြမ်းကို စစ်ကော်မရှင်တပ်က ဒီရက်ပိုင်းအတွင်း စစ်ကြောင်းထိုးစစ်ရေးလှုပ်ရှား လာတဲ့အတွက် နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကစလို့ ရှမ်းနီအမျိုးသားတပ်မတော် SNA နဲ့စစ်ကော်မရှင်ပူးပေါင်းတပ်တွေဟာ ဗန်းမောက်မြို့ အရှေ့ဘက်ခြမ်း ကျွဲကောကြီးကျေးရွာတစ်ဝှိုက်ကိုဦးတည်စစ်ကြောင်းထိုးလာရာကနေတိုက်ပွဲတွေဖြစ်ပွားနေတာလို့ ကာကွယ်ရေးတပ်တွေနဲ့နီးစပ်တဲ့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
“မြို့ထဲကနေ မြို့ပြင်အထိကို သူတို့စစ်ကြောင်းပြန်ထိုးလာတာဟုတ်တယ်။ နယ်မြေပြန်ရချင်လို့ထင်တယ်။ ဗန်းမောက်အရှေ့ ခြမ်းကရွာတွေပေါ့။ တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတာဟုတ်တယ်။ လေယာဥ်တော့မလာဘူး။ အကျအဆုံးတွေ တော့ရှိတယ်ဗျ။ ပြင်းထန်လားဆိုတော့ မနေ့ကနဲ့ တစ်နေ့ကတွေတော့တိုက်ပွဲဖြစ်နေကြတာ။ ဒီနေ့တော့အသံပြန်မကြားဘူး”လို့ပြောပါတယ်။

ဗန်းမောက်မြို့ကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ၂၀ ရက်နေ့က တော်လှန်ရေးအင်အားစုတွေကသိမ်းပိုက်နိုင်ခဲ့ပြီး ၄ လကျော်ကြာ ထိန်းချုပ်ပြီးတဲ့နောက် ယခုနှစ် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၈ ရက်နေ့ကဘဲ ပြန်လည်လက်လွှတ်ထားရတာဖြစ်ပါတယ်။
ဒါပေမဲ့ တော်လှန်ရေးအင်အားစုတွေဟာ ဗန်းမောက်မြို့ရဲ့ အရှေ့၊ တောင်၊ မြောက်ဒေသတွေကို ဆက်လက်ထိန်းချုပ်ထားဆဲ ဖြစ်တာကြောင့် ရှမ်းနီအမျိုးသားတပ်မတော် SNA နဲ့စစ်ကော်မရှင်ပူးပေါင်းတပ်တွေဟာ ဒီဒေသတွေကိုပြန်လည်စိုးမိုးနိုင်ရေး ကြိုးပမ်းလာတာဖြစ်နိုင်တယ်လို့ ဒေသခံတွေကထင်ကြေးပေးနေကြပါတယ်။
“ဗန်းမောက်မြို့နဲ့အနောက်ဘက်ခြမ်းကို ရှမ်းနီထိန်းချုပ်ထားတယ်။ ကဒူးရွာတွေဘာတွေအားလုံးပေါ့။ တိုက်ပွဲတွေမဖြစ်ခင်က တော့ ကဒူးရွာကို တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ခဲ့တာ။ အခုက ဗန်းမောက် အရှေ့၊ တောင်၊ မြောက် ကတော့ တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတာ”လို့အထက်ပါဒေသခံအမျိုးသားကပြောပါတယ်။
တော်လှန်ရေးအင်အားစုတွေဟာ ဗန်းမောက်မြို့ကိုအပြီးသတ်သိမ်းပိုက်ပြီး ၄ လကျော်ကြာ ထိန်းချုပ်ခဲ့ပေမဲ့ စစ်ကော်မရှင်တပ်ရဲ့ နည်းပညာမြင့် အသေခံဒရုန်းနဲ့ကင်းထောက်ဒရုန်းစတဲ့ လက်နက်တွေအပါအဝင် လူအင်အားအများအပြားအသုံးပြု ထိုးစစ်ဆင် လာတာကြောင့် ဗန်းမောက်မြို့ကနေ တော်လှန်ရေးအင်အားစုတွေဆုတ်ခွာခဲ့ကြရတာပါ။
ဒါ့အပြင် စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေဖြစ်တဲ့ ထီးချိုင့်မြို့၊ ကသာမြို့တွေမှာလည်း မြို့သိမ်းတိုက်ပွဲအဖြစ် နှစ်ဖက်တပ်တွေ အကြား ပြီးခဲ့တဲ့ဒီဇင်ဘာလ နဲ့ ဇန်နဝါရီလတွေမှာတိုက်ပွဲတွေပြင်းထန်ခဲ့ပြီး လက်တလောမှာတော့ ပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်ပွား မှုမရှိဘဲ နှစ်ဖက်စစ်ရေးတင်းမာနေတဲ့အခြေနေသာရှိတယ်လို့သိရပါတယ်။
By – အမိုး


