သတင်း

ပန်ဝါနယ်စပ်ဂိတ်ပိတ်လိုက်ပြီး မြေရှားလုပ်ကွက်တွေမှာ တရုတ်အလံလွှင့်ထူထား

KIO/KIA  ထိန်းချုပ်ထားတဲ့ ပန်ဝါမှာ စစ်တပ်လေယာဉ်ဗုံးလာကြဲမယ်ဆိုတဲ့ သတင်းပျံ့နှံ့နေတဲ့အတွက် တရုတ်ဘက်က နယ်စပ်ဂိတ်ပိတ်လိုက်ပြီလို့ ဒေသတွင်းနေထိုင်သူတွေဆီကနေ သိရပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက်နေ့ မနက်ပိုင်းကစပြီး  ဆန်၊ ဆီ၊ ဆားကုန်စိမ်းတွေတင်သွင်းနေတဲ့ ပန်ဝါနယ်စပ်ဂိတ်တံခါးကို တရုတ်ဘက်ကပိတ်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင်  ပန်ဝါဒေသထဲမှာရှိတဲ့ မြေရှားလုပ်ကွက်တွေမှာလည်း တရုတ်ကုမ္ပဏီတွေက တရုတ်နိုင်ငံ အလံတွေ လွှင့်ထူထားတယ်လို့ သိရပါတယ်။

နယ်စပ်တံခါးလည်း ပိတ်လိုက်ပြီ၊ ကုန်စိမ်းတွေလည်း မဝင်တော့ဘူး။ ဆန်တွေလည်း မဝင်တော့ဘူး မနေ့က နေ့လည်ကစပြီး ပိတ်လိုက်တယ်ပြောတယ်။ တရုတ်တွေကတော့ လေယာဉ်လာမယ်ဆိုလို့တဲ့ အဲဒါပဲပြောတယ်။ လုပ်ကွက်တွေမှာ  ရိက္ခာချွေတာဖို့ ပြောနေတယ်။ လုပ်ကွက်တချို့မှာ တရုတ်အလံတွေထောင်ထားတာ လေယာဉ်လာမယ်ဆိုတဲ့သတင်းကြောင့်တဲ့။” လို့ ပန်ဝါမှာရှိတဲ့ လုပ်သားတစ်ဦးက ပြောပါတယ်။ 

လတ်တလော ပန်ဝါအနီးတစ်ဝိုက်မှာရှိတဲ့ မြေရှားလုပ်ကွက်တွေမှာ တရုတ်လုပ်ငန်းရှင်တွေက လုပ်သားတွေကို ရိက္ခာချွေတာဖို့ ပြောဆိုထားတာတွေရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကစပြီး ပန်ဝါမြေရှားလုပ်ကွက်တွေမှာ စစ်တပ်ဘက်က လေယာဉ်ဗုံးကြဲမယ်ဆိုလည်းသတင်းလည်းထွက်ပေါ်လာတဲ့နောက် တရုတ်လုပ်ငန်းရှင်တွေဟာ မြေရှားလုပ်သားတွေကို ဗုံးခိုကျင်းတူးခိုင်းထားတာတွရှိသလို မနေ့ကစပြီး လုပ်ကွက်နေရာတွေမှာအလံလွှင့်ထူတာလာတာဖြစ်တယ်လို့  မြေရှားလုပ်ကွက်မှာလုပ်ကိုင်နေသူတွေပြောပါတယ်။

ဒါ့အပြင် မြေရှားလုပ်ငန်းဆိုဒ်တစ်ချို့ ရပ်နားလိုက်တာတွေ ရှိနေတယ်လို့သိရပြီး အလားတူ ဒီအပတ်အတွင်းမှာပဲ မြစ်ကြီးနား – ချီဖွေ – ပန်ဝါလမ်းလည်း ပိတ်လိုက်ပြီလို့သိရပါတယ်။

ခုလို လုပ်ငန်းပိတ်၊လမ်းတွေပိတ်လိုက်တဲ့အတွက် ပန်ဝါထဲမှာရှိနေတဲ့သူတွေ အဖက်ဖက်ကနေခက်ခဲလာနေတယ်လို့ ပန်ဝါမှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးလည်း အခုလို ပြောပါတယ်။

မြစ်ကြီးနားပြန်မယ် လုပ်ထားတာ လမ်းလည်းပိတ်သွားပြီ။ ပန်ဝါမှာလည်း အလုပ်လည်းအဆင်မပြေ၊ အလုပ်လည်းမရလို့ အရမ်းခက်နေတယ်။ အခြေအနေမကောင်းလို့ ကားလမ်းပိုင်းလည်း ပိတ်လိုက်ပုံပဲ။ ကားတွေလည်း မတက်တော့ဘူး။ တရုတ်တွေက ဆိုဒ်တစ်ချို့ပိတ်လိုက်ပြီ။ ဆိုဒ်တစ်ချို့မှာ သူတို့နဲ့ တရုတ်အလံတွေ လွှင့်ထူထားတယ်။” လို့ ပြောဆိုပါတယ်။

 လက်ရှိ ပန်ဝါမြို့အနီးတစ်ဝိုက် လေယာဉ်ဗုံးလာကြဲမယ်ဆိုတဲ့ သတင်းတွေ ဆက်တိုက်ပျံ့နှံ့နေပြီး တရုတ်ဘက်မှ တရုတ်ကုမ္ပဏီတွေကို ကြိုပြောထားတဲ့အခြေနေဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေက ခန့်မှန်းနေကြပါတယ်။ 

ခုလိုမြေရှားလုပ်ကွက်တချို့ပိတ်လိုက်တဲ့အပြင် ကားလမ်းတွေလည်းပိတ်လိုက်တာကြောင့် ပန်ဝါမှာပိတ်မိနေတဲ့ သူတွေလည်းရှိနေသလို လေယာဉ်ဗုံးကြဲမယ်သတင်းကြောင့် အားလုံးစိုးရိမ်စိတ်နဲ့နေနေရတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ တတိယပတ်မှာ တရုတ်အစိုးရဟာ KIO နဲ့ တွေ့ဆုံမှုတစ်ခုရှိခဲ့တယ်လို့ သတင်းထွက်ပေါ်ခဲ့ပေမယ့် တရုတ်နှင့် KIO ဆွေးနွေးမှု နောက်ဆက်တွဲအခြေအနေကိုမသိရသေးတာလည်းဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ လက်ရှိ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်မှာ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ပြန်လည်အကောင်အထည်ဖော်ဖို့ တရုတ်နဲ့သဘောတူထားပြီး KIO ကို ဝိုင်းဖိအားပေးနေတဲ့ အနေအထားဖြစ်တယ်လို့ ဒေသခံတွေက သုံးသပ်နေကြပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button