စစ်တပ်က ဆိုင်းတောင်၊ အင်းတော်ကြီး – ဖားကန့် ဂွေခါလမ်းပိုင်းကို ထိန်းချုပ်နိုင်ဖို့ စစ်ရေးဖော်ဆောင်နေတယ်လို့ KIO ပြော
ဖားကန့်မှာ စစ်တပ်က ဆိုင်းတောင်အပါ ဂွေခါ၊ တာမခံလမ်းပိုင်းတွေကို ထိန်းချုပ်နိုင်ဖို့ စစ်အင်အားဖြည့်တင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတာဖြစ်တယ်လို့ KIO ပြောပါတယ်။
စစ်တပ်ဟာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဆိုင်တောင်ကျေးရွာကို တိုက်ခိုက်ပြီး ဖားကန့် – အင်တော်ကြီး၊ ဂွေခါလမ်းပိုင်းကို ထိန်းချုပ်ဖို့ စစ်ရေးဗျူဟာရှိနေတယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ KNG ကိုပြောပါတယ်။
“သူတို့အနေနဲ့ ဆိုင်းတောင်ကို အရင်ထိန်းချုပ်လိုက်ပြီး အင်းတော်ကြီးလမ်းဖြစ်တဲ့ ဂွေခါလမ်းပိုင်းကို ပြန်ဖွင့်ယူချင်လို့ အခုလို စစ်ရေးဗျူဟာရှိနေတယ်လို့ မြင်ပါတယ်။ ဆိုင်းတောင်ကနေ ဂွေခါဘက်ကို သွားမယ်။ ပြီးရင် အင်းတော်ကြီးဘက်ကလည်း စစ်ကြောင်းပြန်ထိုးလာမယ်။ ဒီသဘောတွေ့ရတယ်”လို့ပြောပါတယ်။
KIA က ၂ နှစ်ခန့်အကြာ ထိန်းချုပ်ထားပြီဖြစ်တဲ့ အင်းတော်ကြီး – ဖားကန့် ဂွေခါလမ်းပိုင်းကို ထိန်းချုပ်နိုင်ဖို့ ဖားကန့် ဆိုင်းတောင်ဘက်မှာ စစ်ရေးဖော်ဆောင်လာတာဖြစ်တယ်လို့ပြောပါတယ်။
လက်ရှိမှာ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက ဖားကန့်၊ ဆိုင်းတောင်းကျေးရွာဘက်ကို စစ်ကြောင်းထိုးဖောက်နိုင်ဖို့အတွက် လုံးခင်း ခွန်ဆာကုန်း၊ မှော်ဆီဆာ၊ ဆောင်းချိန်၊ နမ့်မဖြစ်၊ မလန့်၊ ဆန်းကြွယ်၊ မရှီကထောင်တစ်လျှောက် စစ်အင်အား ၃၀၀ ဝန်းကျင်ဖြည့်တင်းပြီး စစ်ရေးလှုပ်ရှားနေတယ်လို့ သိရပါတယ်။

ဧပြီလ ၉ ရက်နေ့မှာ KIA နဲ့ PDF တပ်တွေ ဧပြီလဆန်းပိုင်းမှာပဲ သိမ်းပိုက်ခဲ့တဲ့ ဖားကန့် မော်ဝမ်းကြီး၊ မော်ဝမ်းလေးတဝိုက်ရှိ ဆွတ်ဘွမ့်(အမှိုက်ပုံ) နဲ့ သင်္ချိုင်းကုန်းနေရာတွေကို စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက သိမ်းပိုက်ခဲ့ပါတယ်။
ဧပြီလ ၁၁ ရက်နေ့မှာ မရှီကထောင်အနောက်ဘက်ခြမ်းရှိ KIA နဲ့ PDF တွေ အထိုင်ချထားတဲ့ KBC ဆုတောင်းကုန်းနေရာကို ထပ်မံသိမ်းပိုက်ခဲ့ပါတယ်။
အဲ့ဒီဆုတောင်းကုန်းနေရာကို စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက ၂၀၂၆ နှစ်ဆန်းပိုင်းကနေ ၃ လခန့်အကြာ စစ်ကြောင်းထိုးတိုက်ခိုက်နေတာဖြစ်ပါတယ်။
ဒါကြောင့် လက်ရှိမှာ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက ဆိုင်းတောင်ဘက်ကို ပြန်ပြီးထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတဲ့အခြေအနေဖြစ်တယ်လို့ နောက်ထပ် ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။
“အခုစစ်တပ်က မရှီကထောင်ဘက်မှာ နေရာယူလိုက်တော့ ဆိုင်းတောင်ဘက်ကို ပြန်ပြီးဝင်ဖို့ လုပ်လာတယ်လို့မြင်ပါတယ်။ စစ်အင်အားတွေလည်း အဲ့ဒီဘက်ကိုပို့နေတာတွေ့ရတယ်။ မှော်ဆီစာ၊ ဆောင်းချိန်၊ နမ့်မဖြစ် တစ်ကြော အင်အားများအပြားထိုးထားတာလည်းတွေ့ရတယ်”လို့ပြောပါတယ်။
နောက်ပြီး လုံးခင်း၊ မှော်ဆီစာ၊ ဆောင်းချိန်၊ နမ့်မဖြစ် စတဲ့ကျေးရွာတွေမှာ စစ်ရေးလှုပ်ရှားပြီး ဝင်ရောက်နေရာယူထားတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက လမ်းသွား လမ်းလာပြည်သူတွေကို စစ်ဆေးရေးတင်းကြပ်ထားပြီး ပြည်သူတွေဆီကနေ တန်ဖိုးရှိပစ္စည်းတွေကို အတင်းအဓမ္မခြိမ်းခြောက် လုယူမှုတွေလည်း လုပ်ဆောင်နေတယ်လို့ ဆက်ပြီးပြောပါတယ်။
“လောလောဆယ် စစ်တပ်ဝင်စီးထားပြီဲဖြစ်တဲ့နေရာတွေမှာ အခွင့်အကောင်းယူပြီး စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက စျေးဝယ်ထွက် သွားလာတဲ့ပြည်သူလူထုတွေဆီကနေ ဖုန်း၊ ပိုက်ဆံ၊ ရွှေတွေကအစ ၊ ဆိုင်ကယ်တွေကို စစ်ဆေးရေးအကြောင်းပြပြီး လုယူတာတွေလုပ်နေတယ်”လို့ပြောပါတယ်။
ဖားကန့် ပြည်သူတွေရဲ့ ပြောဆိုချက်အရ ဆွတ်ဘွမ့်(အမှိုက်ပုံ) ၊ သင်္ချိုင်းကုန်းနေရာနဲ့ မရှီကထောင် ဆုတောင်းကုန်း နေရာတွေကို သိမ်းပိုက်လိုက်ပြီးနောက် စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့က အခုလိုစစ်ဆေးရေးတင်းကြပ်နေတာဖြစ်တယ်လို့ဆိုပါတယ်။
ဧပြီလဆန်းပိုင်း ၂ ရက်နေ့ KIA နဲ့ PDF ပူးပေါင်းတပ်တွေဟာ လက်ရှိ လက်လွတ်ထားရတဲ့ဆွတ်ဘွမ့်(အမှိုက်ပုံ) ၊ သင်္ချိုင်းကုန်းနေရာရှိ စစ်တပ်စခန်းတွေကို သိမ်းပိုက်ရှင်းလင်းနိုင်ခဲ့ပြီး ဖားကန့် ဗျူဟာတပ်မကုန်းဘက်ကို ဒရုန်းပစ်ခတ်ကာ စစ်ရေးအသာစီးရရှိခဲ့ပါတယ်။
ဒါ့အပြင် စစ်တပ်က ၂၀၂၆ ခုနှစ် ၊ နှစ်ဆန်းပိုင်းကနေ မရှီကထောင် ဆုတောင်းကုန်းနေရာကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့ပေမယ့် ၃ လခန့်အကြာ KIA နဲ့ PDF ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။
ဖားကန့်မှာ ၃ လခန့်အကြာ စစ်ရေးရှုံးနိမ့်လာတဲ့ စစ်တပ်က ဧပြီလ ၆ ရက်နေ့နောက်ပိုင်း ကားမိုင်းဘက်ကနေ မင်းဇေသန့် ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်အင်အား စစ်ကူခေါ်ယူပြီး စစ်အင်အားစုပေါင်းကာ ဧပြီ ၉ ရက်နေ့မှာ တန်ပြန်ထိုးစစ်ပြန်လည်ဖော်ဆောင်ခဲ့ပါတယ်။
ဒါကြောင့် KIA နဲ့ PDF တပ်တွေရဲ့ ထိန်းချုပ်မြေတစ်ချို့ကို ပြန်ပြီးလက်လွတ်လိုက်ရတာဖြစ်တယ်လို့ နောက်ထပ် တော်လှန်ရေးတပ်ဖွဲ့မှာ ပါဝင်နေတဲ့ PDF တာဝန်ခံ တစ်ဦးက ဆက်ပြီးပြောပါတယ်။
“ဒီတစ်ရက်နှစ်ရက်တော့ တိုက်ပွဲအနည်းငယ်ပြန်ငြိမ်နေတယ်။ မရှီကထောင်တို့၊ လုံးခင်း ဆေးရုံအပေါ်လမ်းက သင်္ချိုင်းကုန်းနေရာတွေကို ဆုတ်ပေးလိုက်ရတာတော့ဟုတ်ပါတယ်။ ဆုတ်လိုက်ရတဲ့အကြောင်းအရင်းကလည်း မြို့ထဲ ရွာထဲ မျက်နှာချင်းဆိုင်ပြီး တိုက်ပွဲဖော်ဆောင်ရင် မြို့ရွာတွေမက ပြည်သူတွေဒုက္ခရောက်မှာဖြစ်တဲ့အတွက် အခြေအနေအရ ပြန်ဆုတ်ပေးရတဲ့သဘောပါ”လို့ပြောပါတယ်။
ဖားကန့်တိုက်ပွဲဟာ ဧပြီလ ၁၈ ရက်နေ့နောက်ပိုင်း အနည်းငယ် ငြိမ်သက်သွားပေမယ့် စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ နေရာယူထားတဲ့ ရပ်ရွာတွေမှာ စစ်ဆေးရေးတင်းကြပ်နေတာကြောင့် ပြည်သူတွေ သွားလာရေးအခက်အခဲတွေ ကြုံတွေ့နေတယ်လို့လည်း ဆက်ပြောပါတယ်။
လက်ရှိမှာ တိုက်ပွဲအနည်းငယ်သံငြိမ်သက်နေပေမယ့် နှစ်ဖက်တပ်ရဲ့ အပြန်အလှန် ဒရုန်းပစ်ခတ်မှုတွေဆက်ပြီးရှိနေတာကြောင့် စစ်ရေးတင်းမာမှုဖြစ်နေသလို ရပ်ရွာတွေမှာ လက်နက်ကြီး ကျမှန်ပေါက်ကွဲတဲ့ဖြစ်စဉ်တွေကြောင့် အရပ်သား ၁၀ ဦးကျော်ထက်မနည်း ထိခိုက်၊ သေဆုံးရှိလာပြီလို့ သိရပါတယ်။
စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ ထိန်းချုပ်ဖို့ ကြိုးပမ်းလာတဲ့ ဆိုင်းတောင်နဲ့ ဖားကန့် – အင်းတော်ကြီး ဂွေခါလမ်းပိုင်းဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ၊ စခန်းသိမ်းတိုက်ပွဲဖော်ဆောင်တဲ့အခါမှာ သိမ်းပိုက်ထားတဲ့နေရာတွေဖြစ်ပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)




