ပူတာအိုဒေသရဲ့ အထင်ကရ မူလာချောင်းမှာရွှေတူးဖော်တာကို တားမြစ်ပေးဖို့ဒေသခံတွေတောင်းဆို
ကချင်ပြည်နယ် ပူတာအိုဒေသရဲ့ အထင်ကရချောင်းတစ်ခုဖြစ်တဲ့ မူလာချောင်းထဲမှာ ရွှေအလွန်အကျွံတူးဖော်နေတာတွေကိုတားမြစ်ပေးကြဖို့ ဒေသခံတွေတောင်းဆိုနေပါတယ်။
၂၀၂၆ ခုနစ် ဖေဖော်ဝါရီလကစပြီး ပူတာအိုမြို့နယ်ထဲ မူလာရှီးဒီကျေးရွာအနီး၊ မူလာချောင်းအထက်ဘက်မှာ စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်မှုတွေစတင်လုပ်ဆောင်လာကြတာလို့ မူလာရှီးဒီရွာခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။
“မူလာချောင်းအထက်ဘက်မှာတူးနေကြတာ မူလာရှီးဒီနဲ့သိပ်တော့မဝေးဘူး အဲ့မှာ ကုန်းမှာလည်းတူးတယ် ချောင်းထဲမှာဖောင်တွေနဲ့ရေငုပ်စိုင်းလည်းတူးနေကြတယ်”လို့ မျက်မြင်တွေ့ခဲ့တဲ့ အထက်ဖော်ပြပါအမျိုးသားကဆက်ပြောပါတယ်။
အဲ့ဒီရွှေတူးဖော်မှုဟာ ဖေဖော်ဝါရီလကုန်ပိုင်းလောက်မှာစတူးနေတာလို့သိရပြီး လက်ရှိ ရေငုပ်စိုင်း ၂ စိုင်းနဲ့ ကုန်းစိုင်း ၄ စိုင်းနဲ့အထက်ရှိတယ်လို့ သိရပါတယ်။
ဒေသခံတွေပြောချက်အရ ရွှေတူးတဲ့ထဲမှာ ပူတာအိုမြို့ခံနဲ့မူလာရှီးဒီကျေးရွာထဲက လုပ်ငန်းရှင်တစ်ချို့လည်းပါဝင်ပြီး စုစုပေါင်းလုပ်ငန်းရှင် ၇ ဦးထက်မနည်းက စက်ယန္တရားတွေအသုံးပြုတူးဖော်နေတာလို့သိရပါတယ်။
ဒီမူလာချောင်းပေါ်မှာ ရွှေတူးဖော်ခွင့်ကိုတော့ မူလာရှီးဒီးကျေးရွာမှာအထိုင်ချထားတဲ့ စစ်ကောင်စီတပ်တွေအပါအဝင် သက်ဆိုင်ရာအာဏာပိုင်တွေက ခွင့်ပြုပေးနေတာဖြစ်တယ်လို့ ဒေသခံတွေပြောပါတယ်။
ရွှေလုပ်ကွက်သက်တမ်းကို ဘယ်လောက်အတိုင်းတာအထိခွင့်ပြုထားလဲဆိုတာတော့ တိတိကျကျမသိရသေးပါဘူး။
မူလာချောင်းဟာ ခါကာဘိုရာဇီရေခဲတောင်ကနေ မြစ်ဖျားခံစီးဆင်းလာတဲ့ချောင်းဖြစ်သလို ပူတာအိုဒေသရဲ့ အထင်ကရဖြစ်ပြီး ပူတာအိုဒေသတစ်ခုလုံးတွက် ရေအရင်းအမြစ်အကောင်းဆုံးချောင်းတစ်ခုလည်းဖြစ်တယ်လို့သိရပါတယ်။
ဒါ့အပြင် ပူတာအိုမြို့၊ မချမ်းဘော့မြို့နယ်ရှိ မူလာချောင်းဟာ မလိခမြစ်ဖျားခံရာ ရေခဲတောင်ရေစီးသန်သောချောင်းဖြစ်ပြီး၊ ရေလယ်နတ်ကျွန်း၊ ကျောက်ဆောင်များနဲ့ သာယာလှပတဲ့ချောင်ဖြစ်သလို ပူတာအိုမြို့ပေါ်ရပ်ကွက်တွေနဲ့ မူလာရှီးဒီ၊ မူလာဒီ၊ရေချိုဒီအစရှိတဲ့ကျေးရွာနေပြည်သူတွေဟာ သောက်သုံးရေအတွက် အဓိကအားထားနေရတာဖြစ်ပါတယ်။
ခုလို ပူတာအိုဒေသရဲ့အထင်ကရချောင်းကို ထိန်းသိမ်းရမယ့်အစား ရွှေတူးဖော်မှုခွင့်ပြုနေတာဟာ အဆိုးရွားဆုံးလုပ်ရပ်တွေဖြစ်တယ်လို့ သဘာဝပတ်ဝန်းကျင်လေ့လာသူတစ်ဦး ခုလိုပြောပါတယ်။

“မူလာချောင်းက တကယ့်အထင်ကရချောင်းဖြစ်တယ် ရေကကြည်ပြီးအေးစိမ့်နေတာ တကယ်လှပတဲ့ချောင်းတွေဖြစ်တယ်။ ဒီလိုချောင်းတွေကို သက်ဆိုင်တဲ့သူတွေက ထိန်းသိမ်းရမယ့်တာဝန်ရှိတယ်။ ဒါပေမယ့် ခုလိုရွှေတူးခွင့်ပြုလာတာဆိုတာတော့ မဖြစ်သင့်တဲ့အရာတွေပါ။ ဒီချောင်း ပျက်စီးစပြုလာနေပြီ ဒါကိုဒေသခံတွေက ပိုပြီးကာကွယ်ထားသင့်တယ်”လို့ ပြောပါတယ်။
မူလာချောင်းဟာ လှပတဲ့ကျောက်စိုင်ကျောက်ခဲတွေနဲ့အတူ ငါးမျိုးစိတ်များစွာရှင်သန်နေထိုင်တဲ့ချောင်းဖြစ်ပြီး သမိုင်းဝင်အမွှေအနှစ်ချောင်းတစ်ခုဖြစ်သလို ချောင်းဘေးတစ်လျှောက် ရွာပေါင်းများစွာရဲ့အသက်သွေးကြောလည်းဖြစ်တယ်လို့ ဆိုကြပါတယ်။
ဒါကြောင့် မူလာချောင်းပေါ် လက်ရှိရွှေတူးဖော်နေမှုကိုထိထိရောက်ရောက်တားမြစ်သင့်ကြောင်း နောက်ထပ် ပူတာအိုမြို့ခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။
“မူလာချောင်းဆိုတာက ပူတာအိုရဲ့တကယ့် သမိုင်းဝင်အထင်ကရဟုတ်တယ် လုံးဝထိန်းသိမ်းသင့်တဲ့ချောင်းပါ နောက်ပြီး ပူတာအိုမြို့ပေါ်က အဲ့ဘက်နဲ့နီးတဲ့ရပ်ကွက်တွေ မူလာရှီးဒီတို့ကအစ နွေရာသီရေခမ်းတဲ့အချိန်ဆိုရင်အဲ့ချောင်းမှာ သုံးဘီးတွေနဲ့ရေသွားသွားခပ်ကြတာ ရေချိုးတာကအစအဲ့မှာပဲ အခုရွှေတူးနေတာကြားတော့တကယ်စိတ်မကောင်းဖြစ်ရတယ်”လို့ သူကပြောပါတယ်။
လက်ရှိ ရွှေတူးဖော်မှုကြောင့် မူလာချောင်းရေနှောက်တာတွေလည်းစတင်ဖြစ်ပေါ်နေသလို ဒေသခံတွေရဲ့ ထင်းခြံနဲ့ အိမ်ခြံမြေတစ်ချို့ပါဝင်နေတယ်လို့ သူကဆက်ပြောပါတယ်။
ဒါကြောင့် မူလာချောင်းပေါ်ရွှေတူးဖော်ခွင့် ဆက်ခွင့်ပြုထားမယ်ဆိုပါက ရေရှည်မှာ သဘာဝပတ်ဝန်းကျင်ပျက်စီးတာ၊လှပတဲ့အထင်ကရချောင်းဖျက်ဆီးခံရပြီး ဒေသခံတွေရဲ့စိုက်ပျိုးမြေတွေအားလုံးဆုံးရှုံးရမယ့်အခြေနေမှာဖြစ်နေတယ်လို့ မူလာရှီးဒီးရွာက အမျိုးသမီးတစ်ဦးပြောပါတယ်။
“ဒီပုံစံအတိုင်းဆို နောက်ကျရင်လည်း ရေတောင်သောက်လို့ရတော့မလားမသိဘူး။ ကျမတို့ဒီချောင်းကငါးတွေလည်းအရမ်းပေါပြီး အားလုံးက ဒီချောင်းရေကိုအားကိုးကြတာလေ။ ကြားဖူးတာက ရွှေတူးရင် အဲကပြဒါးတွေပါလို့ရေတွေသောက်မရတော့ဘူးပြောတာလည်းကြားဖူးတယ်။ဒီချောင်းလည်း ဒီလိုဖြစ်မှာစိုးရိမ်တယ်”လို့ ပြောပါတယ်။
ဒါကြောင့် သက်ဆိုင်ရာတဲ့တာဝန်ရှိသူတွေအနေနဲ့ ဒီရွှေတူးဖော်မှုကို ရပ်နားခိုင်းဖို့တောင်းဆိုနေကြပါတယ်။
ပူတာအိုခရိုင်ထဲမှာ စစ်အာဏာမသိမ်းမှီက လက်လုပ်လက်စားနဲ့တနိုင်တပိုင်ရွှေတူးဖော်မှုအနည်းငယ်သာရှိခဲ့ပေမယ့် စစ်အာဏာသိမ်းနောက်ပိုင်းမှာတော့ စက်ယန္တရားကြီးတွေနဲ့ တရားမဝင်ရွှေတူးဖော်မှုတွေဟာတစ်နေ့တစ်ခြားပိုမိုဆိုးရွားလာခဲ့ပါတယ်။
စစ်အာကာသိမ်းငါးနှစ်ကျော်အတွင်းမှာတော့ ပူတာအိုမြို့နယ်ထဲက လုံရှာနယ်၊ဖက်မာ၊ မူလာရှီးဒီ၊မကပ်မုံစ၊နောင်ခိုင်၊ဆန်ကောင်၊နမ့်ခန်း တဲ့ကျေးရွာတွေနဲ့ မချမ်းဘော့မြို့နယ်ထဲက မလိခ မြစ်ကြောင်းတစ်ချောင်တွေအပြင် ဆွမ်ပရာဘွမ်မြို့နယ်ထဲအထိပါ ကြီးကြီးမားမားရွှေတူးဖော်မှုတွေများပြားလာနေတာဖြစ်ပါတယ်။
တချို့ကျေးရွာတွေမှာတော့ လယ်ယာမြေ၊အိမ်ခြံမြေနဲ့ ကျေးရွာတွေကိုဖြတ်သန်းစီးဆင်းနေတဲ့ ချောင်းရေတွေတိမ်ကောပျောက်ကွယ်သွားတဲ့အထိကို ရွှေတူးဖော်နေကြတာဖြစ်ပါတယ်။
By – Zaw Zaw




