မြစ်ကြီးနားနဲ့မိုးညှင်းအကျဉ်းထောင်က နိုင်ကျဉ်း ၁၇ဦး လွတ်မြောက်

ကချင်ပြည်နယ်က မြစ်ကြီးနားအကျဉ်းထောင်နဲ့ မိုးညှင်းအကျဉ်းထောင်ကနေ နိုင်ငံရေးအကျဉ်းသား ၁၇ဦးထိ လွတ်မြောက်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ယက်(PPNM) အဖွဲ့ကနေ သိရပါတယ်။

စစ်ကောင်စီခေါင်းဆောင်ဟောင်း မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ ဧပြီလ ၁၇ရက်၊ မြန်မာသက္ကရာဇ် နှစ်ဆန်း ၁ရက်နေ့မှာ အချုပ်ထောင်ကျနေသူတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့တာလည်း ဖြစ်ပါတယ်။

လွတ်ငြိမ်းချမ်းသာခွင့်နဲ လွတ်မြောက်ခဲ့သူတွေထဲမှာမှ ကချင်ပြည်နယ် မြစ်ကြီးနားအကျဉ်းထောင်ကတော့ နိုင်ငံရေးအကျဉ်းသား အမျိုးသား ၃ဦးနဲ့ အမျိုးသမီး ၁ဦး၊ မိုးညှင်း အကျဉ်းထောင်ကတော့ နိုင်ငံရေး အကျဉ်းသား အမျိုးသား ၃ဦးနဲ့ အမျိုးသမီး၁၀ဦး လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။

တခြားအမှုတွေနဲ့ လွတ်မြောက်လာသူတွေကတော့  မြစ်ကြီးနား အကျဉ်းထောင်ကတော့ ၆၆ဦးနဲ့ မိုးညှင်းအကျဉ်းထောင်ကတော့ ၂၉ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း ပူတာအို အကျဉ်းထောင်နဲ့ ဖားကန့်အကျဉ်းထောင်က ဘယ်သူတွေ လွတ်မြောက်ခဲ့လဲဆိုတာနဲ့ ပက်သက်ပြီးတော့ သေချာ မသိရှိလိုက်ရဘူးလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ယက်(PPNM) အဖွဲ့က အမျိုးသမီးတစ်ဦးက ခုလိုပြောပြပါတယ်။

“ဖားကန့်ထောင်နဲ့ ပူတာအိုထောင်ဘက်ကတော့ ကျွန်တော်တို့ လက်လှမ်းမမှီတဲ့အတွက် စုံစမ်းလို့ မရရှိခဲ့ဘူး ဖြစ်ပါတယ်။ ကချင်ပြည်နယ် ဘက်မှာဆိုရင်တော့ မြစ်ကြီးနားထောင်နဲ့ မိုးညှင်းထောင်တို့မှာတော့ စုံစမ်းစစ်ဆေးပြီးတော့မှ အတည်ပြုချက်ထုတ်ပြီးတော့ အခြားအကျဉ်းထောင်တွေ အပါအဝင် ၄၄ထောင်ကို ဧပြီလ ၁၈ရက်နေ့မှာဘဲ နောက်ဆုံးထုတ်ပြန်ချက် လုပ်ပြီးတော့မှ ထုတ်ပြန်ထားပါတယ်”လို့ ဆိုပါတယ်။

PSA

မိုးညှင်းဒေသခံတွေရဲ့ ပြောပြချက်အရတော့ မိုးညှင်းအကျဉ်းထောင်က ပြန်လည် လွတ်မြောက်လာသူတွေထဲမှာ မူးယစ်ဆေးဝါးမှု၊ လူသတ်မှု၊ ရိုက်နှက်မှုတို့ကြောင့် ထောင်ကျနေသူတွေ အများဆုံး လွတ်မြောက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ယက်(PPNM) အဖွဲ့ရဲ့ ဖော်ပြချက်အရ စစ်ကောင်စီ ဥက္ကဟောင်း မင်းအောင်လှိုင်ကနေပြီးတော့ လူပေါင်း ၄,၃၃၅ ဦး လွှတ်ပေးမယ်လို့ ပြောကြားခဲ့ပေမယ့်လည်း လက်တွေ့မှာတော့ ၁,၆၈၆ဦးသာ အမှန်တကယ် လွတ်မြောက်လာခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီထဲမှာမှ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား (နိုင်ကျဉ်း) အရေအတွက်ကတော့  ၂၉၂ ဦးသာ ရှိတယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။

ဒါ့ပြင် အဲဒီနေ့မှာဘဲ ပြည်သူလူထုက တရားဝင် ရွေးကောက်တင်မြှောက်ထားတဲ့  နိုင်ငံတော်သမ္မတဦးဝင်းမြင့်အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေပြီးတော့  ရွေးကောက်တင်မြှောက်ခံ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာတင်မင်းထွဋ်၊ မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ ရှင်ဒေဝီတို့ လွတ်မြောက်ခဲ့ပေမယ့်လည်း နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ပြန်လည် လွတ်ပေးခဲ့ခြင်း မရှိဘဲ နေအိမ်အကျယ်ချုပ် ပြောင်းရွေ့လိုက်ပြီ ဖြစ်တယ်လို့  သတင်းတွေ ထွက်ပေါ်နေပေမယ့်လည်း သေချာအတည်ပြုနိုင်ခြင်းတော့ မရှိသေးတာဘဲ ဖြစ်ပါတယ်။

By – Hope

Show More

Leave a Reply

Back to top button