နာမ့်ထွမ်ချောင်း ရွှေတူးဖော်မှုကြောင့် လယ်ယာမြေထိခိုက်မှာကို စိုးရိမ်

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်က ဒေသခံတွေ လယ်ယာစိုက်ပျိုးရေးအတွက် အဓိကအားထားနေရတဲ့ နာမ့်ထွမ်ချောင်းမှာ စက်ယန္တရားကြီးတွေနဲ့ ရွှေအလွန်အကျွံတူးဖော်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပူတာအိုမြို့လယ်ခေါင်နဲ့ ကျေးရွာအများအပြားကို ဖြတ်သန်းစီးဆင်းနေတဲ့ နာမ့်ထွမ်ချောင်းမှာ ပြီးခဲ့တဲ့ ဇွန်လလောက်ကစပြီး ဘတ်ဖိုးစက်ကြီးတွေအသုံးပြုပြီး အကြီးစားရွှေတူးဖော်မှုစတင်လာတာဖြစ်တယ်လို့ ပူတာအိုမြို့ခံ အမျိုးသားတစ်ဦး KNG ကို ပြောပါတယ်။
“နာမ့်ထွမ်ချောင်းအထက်ဘက်၊ ပူတာအို ခ.လ.ရ (၄၆) တပ်ရင်းအနီး၊ အောက်ပါအင်ကျေးရွာအထက်ဘက်မှာ ဘတ်ဖိုးတွေနဲ့ ရွှေတူးနေတာ။ အခုဆို လယ်တောအစပ်အထိ ရောက်လာပြီ။ နောက်ပိုင်း လယ်ကွက်တွေထဲအထိ ဆက်တူးမယ့်သဘောရှိတယ်။ အဲဒီတစ်ဝိုက်က လယ်သမားတွေက နာမ့်ထွမ်ချောင်းရေကိုပဲ အားကိုးပြီး စိုက်ပျိုးနေရတာ”လို့ ပြောပါတယ်။
လက်ရှိ ပူတာအို ခ.လ.ရ (၄၆) တပ်ရင်းအောက်ဘက်နဲ့ ပါအင်ကျေးရွာကြား နာမ့်ထွမ်ချောင်းတစ်လျှောက် ဘတ်ဖိုးစက် ၅ စီးထက်မနည်းနဲ့ ရွှေတူးနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ရွှေတူးဖော်နေတဲ့ နာမ့်ထွမ်ချောင်းရဲ့ အောက်ဘက်မှာတော့ ပူတာအိုမြို့ပေါ်က လုံးစွတ်၊ ကောင်ကထောင်၊ ပန်းလှိုင်၊ အောက်ချိုင့်၊ မြို့မ စတဲ့ရပ်ကွက်တွေအပြင် ဆန်ခေါင်၊ အောက်ပါအင် အပါအဝင် ကျေးရွာ ၅ ရွာက ပြည်သူတွေရဲ့ စပါးစိုက်ဧက ထောင်နဲ့ချီရှိတာကြောင့် အမြန်ဆုံး ရပ်တန့်ပေးသင့်တယ်လို့ ဆိုပါတယ်။

“ဒီနေရာမှာတော့ လုံးဝမတူးသင့်ဘူး ရွှေတူးနေတဲ့နေရာရဲ့ အောက်ဘက်မှာ လယ်ဧက ထောင်နဲ့ချီရှိတယ်။ စပါးစိုက်ထားတဲ့ လယ်တွေလည်း အများကြီးပဲ။ ဒီလိုဆက်တူးနေမယ်ဆိုရင် လယ်တွေ ပျက်စီးသွားမှာ သေချာတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မြန်မြန်တားဆီးသင့်တယ်”လို့ နောက်ထပ် မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။
အဆိုပါ ရွှေတူးဖော်မှုကို ပူတာအိုမြို့ပေါ်က လေယာဉ်ကွင်း၊ ကောင်ကထောင်နဲ့ လုံးစွတ်ရပ်ကွက်တွေက လုပ်ငန်းရှင်တွေ ဦးဆောင်လုပ်ကိုင်နေကြပြီး စစ်ကောင်စီရဲ့ ပူတာအိုမြို့အထိုင် ခ.လ.ရ (၄၆) တပ်ဗျူဟာကို ငွေကြေးပေးပြီး တူးဖော်နေတယ်လို့ ဆိုကြပါတယ်။
ဒါ့အပြင် ရွှေတူးဖော်နေတဲ့ နာမ့်ထွမ်ချောင်းဟာ ပူတာအိုမြို့နယ်တစ်ခုလုံးကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေတဲ့ နာမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံနဲ့ ရေကာတာ တည်ရှိတဲ့ချောင်းလည်း ဖြစ်ပါတယ်။
နာမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံက ပူတာအိုမြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာပေါင်း ၄၀ ကျော်ကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေတဲ့ ဒေသရဲ့ အဓိက လျှပ်စစ်ဓာတ်အားပေးစက်ရုံတစ်ခုလည်း ဖြစ်ပါတယ်။
ဒီချောင်းမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်လောက်ကတည်းကနေ ရွှေတူးဖော်မှု စတင်ခဲ့ပေမယ့် ခုလိုဘတ်ဖိုးစက်ကြီးတွေ အသုံးပြုပြီး အကြီးစားတူးဖော်မှုကိုတော့ ဒီနှစ်အတွင်းမှာသာ တိုးချဲ့တူးဖော်လာတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပူတာအိုဒေသမှာ ၂၀၂၃ ခုနှစ်လောက်က စပြီး စက်ယန္တရားအသေးစားတွေနဲ့ ရွှေတူးဖော်မှုတွေ စတင်ရှိလာခဲ့ပြီး ၂၀၂၄ နဲ့ ၂၀၂၅ ခုနှစ်တွေမှာတော့ စက်ယန္တရားကြီးတွေ အသုံးပြုပြီး ရပ်ကွက်၊ ကျေးရွာ၊ လယ်ယာမြေတွေနဲ့ မြစ်ချောင်းတွေအထိ အလွန်အကျွံ တူးဖော်လာကြောင်း ဒေသခံတွေက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်အတွင်း ပူတာအိုအပြင် တနိုင်း၊ မြစ်ကြီးနား၊ မိုးညှင်း၊ ရွှေကူနဲ့ မံစီမြို့နယ်တွေမှာလည်း အကြီးစားရွှေတူးဖော်မှုတွေ သိသိသာသာ မြင့်တက်လာပေမယ့် ပူတာအိုဒေသမှာတော့ လယ်ယာမြေတွေ၊ မြစ်ချောင်းတွေနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးတဲ့အထိ ဆိုးဆိုးရွားရွား ရွှေတူးဖော်နေတယ်လို့ ဒေသခံတွေက ထောက်ပြနေကြပါတယ်။
By – Zaw Zaw




