အမျိုးသမီးငယ်တွေပါမကျန် ပြည်သူ့စစ်က ပေါ်တာဆွဲဖမ်းဆီးနေ

ကချင်ပြည်နယ်၊ ပူတာအိုမြို့ပေါ်မှာ ပြည်သူ့စစ်အဖွဲ့က အမျိုးသမီးငယ်တွေပါမကျန် ပေါ်တာဆွဲဖမ်းဆီးနေပြီး စားသောက်ဆိုင်တွေအထိ ဝင်ရောက်ဖမ်းဆီးနေတယ်လို့ ဒေသခံတွေက KNG ကို ပြောပါတယ်။

ပူတာအိုမြို့ပေါ် ရပ်ကွက်တွေမှာ ဦးတန်ဂူးတန် ဦးဆောင်တဲ့ပြည်သူ့စစ်အဖွဲ့က စစ်မှုထမ်းဖို့ လူငယ်တွေကို လိုက်လံဖမ်းဆီးရာမှာ ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ်တွေကိုပါ ဖမ်းဆီးနေတယ်လို့ ပူတာအိုမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

“ကျွန်တော်ကြားမိတဲ့ အသိတွေထဲကတော့ သုံးယောက်ပါသွားပြီ။ ဆယ်ကျော်သက်တွေပဲ။ သုတ္ထန်ထဲမှာ နှစ်ယောက် ဖမ်းသွားတယ်။ တစ်ယောက်ကတော့ လုံးစွတ်ကနေ ပါသွားတာ၊ ဆိုင်ထိုင်နေတဲ့အချိန် ပါသွားတာ။ အဲဒါတွေက အသိတွေပဲ။ တခြားသူတွေလည်း အများကြီး ပါသွားတာရှိတယ်။ မိန်းကလေးတွေလည်း မထားဘူး၊ တွေ့တာနဲ့ ဖမ်းတယ် အခုက” လို့ အသက် ၄၀ အရွယ် သုတ္ထန်ရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ အောက်တိုဘာ ၁၈ ရက် ည ၇ နာရီခန့်မှာ လုံးစွတ်ရပ်ကွက်ရှိ စားသောက်ဆိုင်တစ်ဆိုင်ကနေ အမျိုးသမီးငယ်တစ်ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ 

နောက်ထပ် သုတ္ထန်ရပ်ကွက်က လူငယ်တွေ အပန်းဖြေလေ့ရှိတဲ့ ဒေသအခေါ် နှလုံးသားရေကန်မှာလည်း နေ့ခင်းဘက် ထိုင်နေတဲ့ အမျိုးသမီးငယ်နှစ်ဦးကို ဖမ်းဆီးသွားတယ်လို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“နှလုံးသားရေကန်မှာက လူငယ်တွေ ပုံမှန်လာနေကြပဲ။ လူလည်း နည်းနည်းပြတ်တဲ့နေရာဆိုတော့ နေ့ခင်းလည်း ဝင်ဖမ်းတယ်။ သုတ္ထန်ထဲက ကလေးမနှစ်ယောက်က နေ့ခင်း ရေကန်မှာ ထိုင်နေတဲ့အချိန် ဖမ်းသွားတာ။ လုံးဝ မလွှတ်ပေးတော့ဘူး” လို့ သူက ပြောပါတယ်။

KNG က စုံစမ်းသိရှိထားတဲ့ အချက်အလက်တွေအရ ဒီတစ်ပတ်အတွင်း ပူတာအိုမြို့ပေါ် ရပ်ကွက်တွေမှာ အမျိုးသမီးငယ် ၅ ဦးထက်မနည်း ပြည်သူ့စစ်အဖွဲ့ရဲ့ ဖမ်းဆီးခံရပြီဖြစ်ပါတယ်။

PSA

ဒါ့အပြင် ဖမ်းဆီးခံရသူတွေဟာ အသက် ၁၉ နှစ်ကနေ ၂၅ နှစ်အောက် အရွယ်တွေ ဖြစ်တယ်လို့ သိရပါတယ်။

ပူတာအိုနဲ့ မချမ်းဘော့မြို့ပေါ်တွေမှာ တန်ဂူးတန် ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့က ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်ကတည်းက လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတာပါ။

 စက်တင်ဘာလကနေ အောက်တိုဘာလဆန်းအထိ မြို့ပေါ်ရပ်ကွက်တွေ၊ ကျေးရွာတွေနဲ့ ရွှေမှော်တွေမှာ ရှိနေတဲ့ လူငယ်နဲ့ လူလတ်ပိုင်းအရွယ် အမျိုးသားတွေကို အဓိက ပစ်မှတ်ထား ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ ၁၀ ရက်ကနေ အောက်တိုဘာလဆန်းအထိ အမျိုးသား ၃၀၀ ထက်မနည်း ဖမ်းဆီးခံခဲ့ရပြီးနောက် လူငယ်နဲ့ လူလတ်ပိုင်းအရွယ် အမျိုးသားအများစုဟာ ကျေးရွာတွေနဲ့ တောတောင်တွေဘက်ကို တိမ်းရှောင်နေကြတာကြောင့် အခုလို အမျိုးသမီးတွေကိုပါ ပစ်မှတ်ထား ဖမ်းဆီးလာတာလို့ ဒေသခံတွေက သုံးသပ်ပါတယ်။

“ယောက်ျားလေးတွေက မရှိသလောက်ပဲ။ ရွာတွေဘက်နဲ့ တောထဲတောင်ထဲ ရှောင်နေကြတာ။ ပြီးတော့ အိမ်ထဲကနေ အိမ်ပြင်မထွက်ကြတော့ဘူး။ မိန်းကလေးတွေကျတော့ အစပိုင်း မဖမ်းတော့ မဖမ်းလောက်ဘူးလို့ ပေါ့ဆနေတဲ့အချိန် ထဖမ်းတော့တာ။ မနည်းဘူး ပါသွားပြီ မိန်းကလေးတွေကော” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ပြည်သူ့စစ်အဖွဲ့ဟာ အရင်က ညဘက်တွေမှာ အဓိက ဖမ်းဆီးခဲ့ပေမဲ့ အခုနောက်ပိုင်းမှာတော့ နေ့ခင်းဘက် လူရှင်းတဲ့နေရာတွေနဲ့ ညဘက် စားသောက်ဆိုင်တွေထဲအထိ ဝင်ရောက်ဖမ်းဆီးလာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

ဖမ်းဆီးခံထားရတဲ့ အမျိုးသမီးငယ်တွေကို ပူတာအိုမြို့ ဂျူဗလီရပ်ကွက်ရှိ ပြည်သူ့စစ်ဌာနချုပ်စခန်းမှာ ထိန်းသိမ်းထားပြီး မိဘတွေက တွေ့ခွင့်တောင်းပေမဲ့ ခွင့်မပြုဘူးလို့လည်း သိရပါတယ်။

ပူတာအိုဒေသမှာ ပြည်သူ့စစ်အဖွဲ့ရဲ့ ဖမ်းဆီးမှုနဲ့ ခြိမ်းခြောက်မှုတွေကနေ လွတ်မြောက်လိုသူတွေအနေနဲ့ မိမိတို့တပ်ဖွဲ့ဆီ ခိုလှုံနိုင်ကြောင်း ပူတာအိုဒေသအခြေစိုက် ကာခါဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPF) က အောက်တိုဘာ ၁၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဒေသခံတွေရဲ့ သုံးသပ်ချက်အရ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေဟာ KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ လာဟီဆင်၊ လန်ဆယ်နဲ့ လက်ရှိတိုက်ပွဲဖြစ်နေတဲ့ အမတ်ပေါ်ဒေသ၊ နယ်စပ်မှတ်တိုင် ၃၀ နဲ့ ၃၁ နေရာတွေကို ပြန်လည်ထိန်းချုပ်ဖို့ စစ်အင်အားနဲ့ ထောက်ပို့အင်အား လိုအပ်နေတာကြောင့် လူငယ်တွေကို ဖမ်းဆီးစုဆောင်းနေတယ်လို့ သိရပါတယ်။

By – Zaw Zaw

Show More

Leave a Reply

Back to top button