ဗျူဟာတပ်စခန်း

  • Apr- 2024 -
    1 April
    သတင်း

    နှစ်ပေါင်း ၆၀ ကျော်ရှိတဲ့ စိန်လုံဘွမ့်(Sinlum Bum)ဗျူဟာတပ်စခန်းကြီးကို KIA သိမ်းပိုက်

    ဗန်းမော် – လွယ်ဂျယ်လမ်းမပေါ်မှာရှိတဲ့ စိန်လုံဘွမ့်(Sinlum Bum) စစ်တပ်ဗျူဟာကုန်းကြီးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်တွေက ဧပြီလ ၁ ရက်နေ့ ဒီကနေ့ မနက်ပိုင်း ၇ နာရီလောက်မှာ သိမ်းပိုက်လိုက်ပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ မတ်လ ၃၁ ရက်နေ့မှာ KIA ပူးပေါင်းတပ်တွေကထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတော့ ဒီကနေ့မှာ သိမ်းပိုက်လိုက်တာဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်နဲ့နီးစပ်တဲ့ လွယ်ဂျယ်ဒေသခံအမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။ “တပ်စခန်းထဲကိုဝင်နိုင်တာက မနေ့ည ကတည်းဖြစ်တယ်။ ဒါပေမယ့် မိုးချုပ်သွားတော့ ဒီကနေ့ မနက်ပိုင်းမှာပဲ အပြီးသတ်ရှင်းလင်းလိုက်တာ။ အခုက စခန်းထဲက စက်လက်နက်တွေသယ်ယူနေကြတယ်။ တိုက်ပွဲမှာက စစ်တပ်ဘက်က တော်တော်ထိသွားကြတယ်လို့ပြောပါတယ်။ မနေ့ညဆို KIA တပ်တွေက ရုပ်အလောင်းတွေနဲ့ အိမ်ကြတယ်တဲ့။ တစ်ချို့စစ်သားတွေက အကုန်ထွက်ပြေးသွားကြတယ်”လို့ပြောပါတယ်။ စိန်လုံတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများပြီး KIA ဘက်ကလည်း စက်လက်နက်ခဲယမ်းအများအပြားကိုသိမ်းဆည်းရရှိနိုင်ခဲ့တယ်လို့ဆိုပါတယ်။ စိန်လုံစစ်ကောင်စီတပ်စခန်းဟာ ဗန်းမော် – လွယ်ဂျယ်လမ်းမကြီးပေါ်မှာ အကြီးဆုံးဗျူဟာတပ်စခန်းတစ်ခုဖြစ်ပြီး စစ်အင်အား ၂၀၀ ဝန်းကျင်လောက်အထိ နှစ်ပေါင်း ၆၀ ကျော်ခန့် အထိုင်ချထားတဲ့တပ်စခန်းဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် စိန်လုံတပ်စခန်းက ဗန်းမော် – လွယ်ဂျယ်လမ်းအတွက် စစ်တပ်ရဲ့ ဗျူဟာမြောက်တပ်စခန်းဖြစ်တယ်သလို KIA လိုင်ဇာရဲ့ ဒုတိယမြို့တော်လို့တင်စားခေါ်ဝေါ်ကြတဲ့ မိုင်ဂျာယန်ဘက်ကိုလည်း လက်နက်ကြီးပစ်ခတ်ခြိမ်းခြောက်နေတဲ့ တပ်စခန်းဖြစ်တယ်လို့ သူက ဆက်ဆိုပါတယ်။ “KIA ရဲ့ အရှေ့ပိုင်းတိုင်းဌာနဘက်ဆိုရင် ဒီထက်ကြီးတဲ့ တပ်စခန်းကမရှိတော့ဘူး။ ဒါကြောင့် ဒီတပ်စခန်းက ဒီတကြောမှာ လက်နက်ကြီးထားပြီး ပစ်ခတ်နေတဲ့ တပ်စခန်းဖြစ်တာကြောင့် အရမ်းအရေးကြီးတဲ့ တပ်စခန်းဖြစ်တယ်။ ဒီတပ်စခန်းကနေ ခြိမ်းခြောက်နေတာက မိုင်ဂျာယန်ကိုတော့ အချိန်မရွေးပစ်ခတ်လို့ရတဲ့ နေရာဖြစ်တယ်”လို့ပြောပါတယ်။ KIA ပူးပေါင်းတပ်တွေက ဗန်းမော် – လွယ်ဂျယ်လမ်းမတစ်ကြောမှာရှိတဲ့ စစ်ကောင်စီတပ်စခန်း အကြီးအငယ် အားလုံးကို မတ်လ ၂၇ ရက်နေ့မှာ ဝိုင်းရံပိတ်ဆို့တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်စခန်း ၁၀ ခုကျော် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ လွယ်ဂျယ် နဲ့ စိန်လုံဘွမ့် အနီးတဝိုက် KIA တပ်တွေ သိမ်းပိုက်ထားတဲ့ တပ်စခန်းတွေက ယော်ယုံဘွမ့်၊ ဖလန်းဘွမ့်(မဒါဘွမ့်)၊ လော့မွန်၊ ဘန်ယော်ဘွမ့်၊ ရှန်သိုင်းဘွမ့်၊ လော့ဒန် နဲ့ ရှေ့တန်းစခန်းငယ် စုစုပေါင်း ၁၁ လောက်ကို သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ လွယ်ဂျယ်အနီးတဝိုက်မှာ လွယ်ဂျယ်မြို့တွင်းတပ် တစ်ခုသာကျန်ရှိနေတာဖြစ်ပြီး KIA က မြို့တပ်ကို တိုက်ခိုက်ဖို့ မတ်လ ၂၈၊ ၂၉ ရက်နေ့မှာ ပြင်ဆင်နေပေမယ့် တရုတ်အစိုးရတားမြစ်နေတာကြောင့် ယနေ့အထိ သိမ်းဆည်းနိုင်ခြင်းမရှိသေးတာလည်းဖြစ်ပါတယ်။ တရုတ်နယ်စပ် ကုန်သွယ်ရေးဇုန်ဖြစ်တဲ့ လွယ်ဂျယ်မြို့ကို KIA တပ်တွေက သိမ်းပိုက်ဖို့အတွက် မတ်လ ၂၈ ကနေ ယနေ့ ဧပြီလ ၁ ရက်နေ့အထိ ဝိုင်းရံပိတ်ဆို့ထားဆဲဖြစ်ပြီး လွယ်ဂျယ်ဒေသတွေကိုလည်း ယာယီတိမ်းရှောင်ထားဖို့ KIA ဘက်ကနေ ညွှန်ကြားထားရှိတယ်လို့ သိရပါတယ်။ တဖက်မှာ စစ်ကောင်စီတပ်တွေက စိန်လုံတပ်စခန်းအပါ လွယ်ဂျယ်အနီးတဝိုက်မှာရှိတဲ့ တပ်စခန်းအားလုံးကို လက်လွတ်လိုက်ရတာဖြစ်ပြီး လွယ်ဂျယ်မြို့တွင်းတပ် တစ်ခုသာကျန်ရှိနေတာကြောင့် လွယ်ဂျယ်အနီးတဝိုက် စစ်လေယာဉ်နဲ့ အဆက်မပြတ်လာရောက်ဗုံကြဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
Back to top button