သတင်း

ဖားကန်သို့ အစိုးတပ်နှင့် KIA တိုက်ပွဲများ ပြင်းထန်နေ

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ၏ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်နှင့် အစိုးရ စစ်တပ်တို့ ဇန်နဝါရီလ ၁၅ ရက် နံနက် ၆ နာရီမှစတင်၍ တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေသည်ဟု KIA တပ်ရင်း ၆ မှ ဗိုလ်မှူး တန်ဆန့်က ပြောသည်။

“တိုက်ပွဲက ဒီမနက် ၆ နာရီခွဲကနေစဖြစ်တာ။ အောင်ဘာလေရွာဘက် ဝင်လာလို့ တိုက်ပွဲ ဖြစ်တာလား၊ အားလုံး ၃၀၀ လောက်ရှိမယ်။ ကျနော်တို့က ဒီမနက်ကနေ ခုထိခုခံတိုက်ခိုက်နေပါတယ်။ လက်နက်ကြီး ၈၁ နဲ့ ၁၀၅ မမလည်း ပစ်တယ်။ ၈၁ က ပစ်တာ ပိုများတယ်။ (ဥရုချောင်း) ဟိုဘက်ကမ်း ဂင်စီကနေ ဒီဘက်ကို ပစ်တာ။ ၁၀၅ မမနဲ့ ဆန်ခါဗျူဟာကုန်းကနေလည်း ပစ်တယ်” ဟု ဗိုလ်မှူးတန်ဆန့်က ပြောသည်။

အစိုးရ၏ တပ်မ ၆၆ လက်အောက်ခံ တပ်ရင်း ခမရ (၁) အပါအဝင် တပ်ရင်း ၃ ရင်းမှ အင်အား ၃၀၀ ခန့်သည် ထိုးစစ် ဆင်လာသဖြင့် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ အစိုးရ စစ်တပ်ဘက်မှ ၈၁ မမနှင့် ၁၀၅ မမ လက်နက်ကြီးများဖြင့် အကြိမ်ပေါင်း ၆၀ ခန့်ထိ ပစ်ခတ်ခဲ့သည်ဟု သူက ပြောသည်။

နှစ်ဖက် တိုက်ပွဲများ ပြင်းထန်နေဆဲ ဖြစ်ပြီး လက်ရှိ အောင်ဘာလေကျေးရွာသားများ၊ ကျောင်းသားများ အပါအဝင် ၁၀၀၀ ခန့် ပိတ်မိနေသည်ဟု ဒေသခံများနှင့် ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက် (KDNG) တာဝန်ခံ ကိုစာဂျီးက ကချင်သတင်းဌာနသို့ ပြောသည်။

အဆိုပါ ပိတ်မိနေသော ရွာသားများအား ကျေးရွာရှိ ဘုရားကျောင်းတွင် ခိုအောင်းနေပြီး ဖားကန့်မြို့ပေါ်မှ ရပ်မိရပ်ဖများ၊ ဘာသာရေးခေါင်းဆောင်များက ခေါ်ယူရန် သွားရောက်ခဲ့သော်လည်း အစိုးရ စစ်တပ်က ဖြတ်သန်းခွင့် တားမြစ်ထားသဖြင့် ရွာသားများ ထွက်ခွာခွင့်မရဘဲ စိုးရိမ်ရမည့် အနေအထား ရှိနေသည်ဟု သူက ပြောသည်။

“လမ်းကြောတလျှောက်မှာ စစ်သားတွေ ချထားတယ်။ သန်းခေါင်းကျေးရွာက လူတွေလည်း ဖားကန့်ဘက် ဆင်းလာလို့ မရဘူး။ အားလုံး ပိတ်ထားတယ်။ အဲဒီရွာပတ်ဝန်းကျင်မှာ စစ်တပ်က ဝန်းရံထားလိုက်တယ်။ အခုက အမြောက်နဲ့လှမ်းထုနေတယ်။ ကျောင်းသားတွေ ပညာရေးအတွက်က ဆုံးရှုံးမယ်။ သေနတ်သံ၊ ဗုံးသံ အောက်မှာ အန္တရယ်ကြီးမားတဲ့ နေရာမှာ ရောက်နေပြီ” ဟု သူက ဆက်ပြောသည်။

မွန်းလွဲ ၂ နာရီထိ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကာ အောင်ဘာလေကျေးရွာ ခေါ် သန်းခေါင်းကျေးရွာတွင် အိမ်ခြေ ၄၀၀ ကျော်ရှိပြီး ဒေသခံ ၁၀၀၀ ခန့်သည် ကျောင်းသူကျောင်းသား ၂၀၀ နှင့် ဆရာ၊ ဆရာမ ၂၁ ဦးလည်း ပိတ်မိနေသဖြင့် စိုးရိမ်ရမည့် အခြေအနေတွင် ရှိနေသည်ဟု သူက ပြောသည်။

ဇန်ဝါရီလ ၁၄ ရက်က မိုးကောင်း-ကားမိုင်း-ဖားကန့် လမ်းကြောင်းတွင် စစ်ဆေးကြည့်ရှုနေသည့် ကချင်ပြည်နယ် အစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကမန်းဒူနော်နှင့်အတူ လိုက်ပါသွားခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ သုံးဦးအား ဖားကန့်မြို့နယ် ဟွေလုံကျေးရွာအနီးတွင် KIA တပ်ဖွဲ့များ ထိန်းသိမ်းခဲ့သည်။

KIA နှင့် ရဲတပ်ဖွဲ့များ ထိပ်တိုက်တွေ့ဆုံခဲ့သဖြင့် ထိန်းသိမ်းထားခြင်း ဖြစ်ပြီး ၎င်းတို့ကို ဇန်နဝါရီလ ၁၅ ရက်တွင် ပြန်လည် လွှတ်ပေးမည်ဟု ကချင်ပြည်နယ် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် ဖားကန့် တပ်မမှူးများသို့ အကြောင်းကြားခဲ့ပြီး ဖြစ်ကြေင်း၊ သို့သော် အစိုးရ စစ်တပ်က ထိုးစစ်ဆင်လာသဖြင့် ယခုထိ တိုက်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်သည်ဟု ဗိုလ်မှူးတန်ဆန့်က ပြောသည်။

လက်ရှိ အစိုးရ လုံခြုံရေးတပ်ဖွဲ့ (၃)ဦးကို ဖားကန့်မြို့နယ် ဂွေခါရှိ KIA ၏ တပ်ရင်း ၆ လက်အောက်ခံ ပြည်သူ့ စစ်တပ်ဖွဲ့များနှင့်အတူ ထိန်းသိမ်းထားပြီး KIA ဗဟိုမှ ညွန်ကြားချက်ရပါက ပြန်လည် လွှတ်ပေးလိုက်မည် ဖြစ်သော်လည်း လက်ရှိ တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု သူက ဆိုသည်။

KIA က ဖမ်းဆီးထားသည့် ရဲ (၃)ဦးကို ပြန်လည် လွှတ်ပေးရန် KIO ၏ နည်းပညာအထောက်အကူပြုအဖွဲ့နှင့် ပဋိပက္ခ ညှိနှိုင်းရေးရုံးကို အကြောင်းကြားထားပြီး နယ်မြေခံ တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေသည်ဟု အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၁၄ ရက်က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၁၄ က ဖားကန့် တပ်မ ၆၆ တပ်မမှူးက KIA ၏ တပ်ရင်း ၆ နေရာမှ ဆုတ်ခွာပေးရန် အကြိမ်ကြိမ် ပြောဆိုခဲ့သော်လည်း KIA ဘက်မှ ဆုတ်ခွာပေးခြင်းမရှိဘဲ စစ်ရေးတင်မာမှုများ ရှိခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်ဆိုင်းရေး လက်မှတ်ရေးထိုးရန် လာမည့် ဖေဖော်ဝါရီလ  ၁၂ ရက် ပြည်ထောင်စုနေ့တွင် လက်မှတ်ရေးထိုးရန် နေပြည်တော်ရောက် တိုင်းရင်းသား လက်နက်ကိုင် ၁၂ ဖွဲ့နှင့် တွေ့ဆုံစဉ် သမ္မတ ဦးသိန်းစိန်က ဇန်နဝါရီလ ၅ ရက်က တိုက်တွန်းခဲ့သည်။

Show More

Related Articles

Back to top button