လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ဖားကန့် ကျောင်းသူ သေဆုံးသည့် အမှု တရားလို အစိုးရဗိုလ်မှူး ၅၀ ကြိမ်မြောက်ရုံးချိန်းမှ ရောက်လာ

ကချင်ပြည်နယ် ဖားကန့်မြို့မှ ကိုးတန်းကျောင်းသူ သေဆုံးမှုအပေါ် စစ်ဆေးရန် တိုင်းတန်းခဲ့ရာမှ တရားစွဲခံထားရသူ ဦးဘရန်ရှောင်၏ တရားလို အစိုးရ စစ်တပ်၏ ဗိုလ်မှူး ဇာနည်မင်းပိုက်သည် တစ်နှစ်ကျော်ကြာ တရားရုံးသို့ တက်ရောက်ရန် ပျက်ကွက်ခဲ့ရာမှ ဇန်နဝါရီလ ၁၂ ရက်နေ့ ရုံးချိန်းသို့ ပြန်လည် တက်ရောက်ခဲ့သည်ဟု ဦးဘရန်ရှောင်က ပြောသည်။

တရားလို ဗိုလ်မှူး ဇာနည်မင်းပိုက်က ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့ ရုံးချိန်းသို့ တက်ရောက်ခဲ့ပြီးနောက် ဖားကန့်မြို့နယ် တရားရုံးက အကြိမ်ကြိမ် ဆင့်ခေါ်ခဲ့သော်လည်း တက်ရောက်လာခြင်း မရှိခဲ့ဘဲ တနလာၤနေ့  ၅၀ ကြိမ်မြောက် ရုံးချိန်းသို့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

“သူက တနလာၤနေ့ရုံးချိန်းမှာ လာတယ်။ ကျနော်တို့ဘက်က လိုအပ်တဲ့ အချက် ၆ ချက်လောက် သူ့ကို စစ်ဆေးမေးမြန်းတာတွေ လုပ်တယ်။ သူတို့ဘက်ကနေ ခိုင်လုံသော သက်သေအထောက်အထား ဘာမှ မရှိတဲ့ဟာတွေ ကျနော့် ရှေ့နေဘက်ကနေ စစ်ဆေးခဲ့တယ်” ဟု ဦးဘရန်ရှောင်က ပြောသည်။

ဇန်နဝါရီလ ၁၃ ရက်နေ့ ၅၁ ကြိမ်မြောက် ရုံးချိန်းတွင်မူ စွတ်စွဲခံထားရသူ ဦးဘရန်ရှောင်နှင့် တရားလိုပြ သက်သေများကို စစ်ဆေးခဲ့သည်ဟု သူက ပြောသည်။ လာမည့် ဖေဖော်ဝါရီလ ၂ ရက် ရုံးချိန်း ဦးဘရန်ရှောင်၏ တရားခံပြသက်သေများကို ပြန်လည် စစ်ဆေးသွားမည် ဖြစ်ကြောင်း သူက ဆိုသည်။

၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၃ ရက်က ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက် အုပ်စု(၁) ဆွတ်ငိုင်ယန်ကျေးရွာမှ အသက် ၁၄ နှစ်အရွယ် နဝမတန်းကျောင်းသူ မဂျာဆိုင်းအိန်အား ပစ်ခတ်ခဲ့မှုကို စုံစမ်းစစ်ဆေးပေးရန် ဖခင်ဖြစ်သူက သမ္မတ ဦးသိန်းစိန်ထံ တိုင်တန်းခဲ့မှုကို မမှန်မကန် တိုင်တန်းသည်ဟု ဆိုကာ အစိုးရ စစ်တပ်မှ ဗိုလ်မှူး ဇာနည်မင်းပိုက်က တရားလို ပြုလုပ်၍ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ဇန်နဝါရီလ ၁၃ ရက်နေ့ ၅၁ ကြိမ်မြောက် ရုံးချိန်းတွင်မူ စွတ်စွဲခံထားရသူ ဦးဘရန်ရှောင်နှင့် တရားလိုပြ သက်သေများကို စစ်ဆေးခဲ့သည်ဟု သူက ပြောသည်။

သမီးဖြစ်သူ သေဆုံးမှုကို အရေးယူပေးရန် သမ္မတ ဦးသိန်းစိန်၊ တရားဥပဒေစိုးမိုးရေးနှင့် အေးချမ်း တည်ငြိမ်ရေးကော်မရှင် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် တို့ထံ ဖခင်ဖြစ်သူဦးဘရန်ရှောင်က ၂၀၁၂ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့က တိုင်ကြားစာပို့ခဲ့ခြင်း ဖြစ်သည်။

မဂျာဆိုင်းအိန်ကို အစိုးရ စစ်တပ်က ပစ်သတ်ခဲ့သည်ဟု တိုင်တန်းခဲ့သည်ကို အစိုးရ စစ်တပ်က ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) က အဝေးထိန်းစက်ဖြင့် မိုင်းခွဲမှုတွင် သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု တရားလိုဘက်မှ ထွက်ဆိုထားသည်ဟု ဦးဘရန်ရှောင်က ပြောသည်။

အစိုးရ စစ်တပ်၏ စွတ်စွဲမှုအပေါ် ဦးဘရန်ရှောင်ကို တရားရုံးက လက်မခံသင့်ဘဲ သူ့အား ပြင်ဆင်ပေးပါရန် ဦးဘရန်ရှောင်က ပြည်ထောင်စု လွှတ်တော်အထိ လျှောက်လဲခဲ့သော်လည်း ပယ်ချခဲ့သဖြင့် ယနေ့ထိ ဖားကန့်မြို့နယ် တရားရုံးတွင် တရားရင်ဆိုင်နေရခြင်း ဖြစ်သည်ဟု ဦးဘရန်ရှောင်က ပြောသည်။ တရားရုံး အမိန့်ချမှု အပေါ်မူတည်၍ အထက်သို့ အဆင့်ဆင့် ဆက်လက် တိုင်ကြားသွားမည် ဖြစ်ကြောင်း သူက ပြောဆိုသည်။

“ကျနော့်ကို မတရား အမိန့်ချမလား။ ပြန်လွှတ်မလားဆိုတဲ့အပေါ်မှာ ဆက်ပြီး အထက်ကို တက်မှာဘဲ။ ကျနော့်ကို အနိုင်ကျင့်တာပါ။ မနှစ်က သူတို့ ပြောတာလည်း ဘာမှ ခိုင်လုံတဲ့ သက်သေအထောက်အထား မရှိဘူး။ အခု အခြေအနေအရဆိုရင် ၈၀ ရာခိုင်နှုန်းလောက်ကတော့ ကျနော်တု့ိဘက်က အနိုင်ရမယ်” ဟု ဦးဘရန်ရှောင်က ပြောသည်။

လာမည့် ဖေဖော်ဝါရီလ ၂ ရက် ၅၂ ကြိမ်မြောက် ရုံးချိန်းတွင် ဦးဘရန်ရှောင်၏ တရားခံပြသက်သေများကို စစ်ဆေးသွားမည် ဖြစ်ကြောင်း သူက ဆိုသည်။

ဦးဘရန်ရှောင်အား စစ်တပ်က တရားစွဲဆိုထားမှုကို ရုပ်သိမ်းပေးရန် အရှေ့တောင်အာရှတွင် လူ့အခွင့်အရေးချိုးဖောက်မှုများကို အကာအကွယ်ပေးနေသည့် Fortify Rights အဖွဲ့ အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းများက သမ္မတ ဦးသိန်းစိန်ထံ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်က အိတ်ဖွင့်ပေးစာ ပေးပို့၍ တောင်းဆိုထားသည်။

Show More

Related Articles

Back to top button