သတင်း

KIA ထိန်းသိမ်းထားသော အစိုးရအဖွဲ့ဝင် ၃ ဦးကို လွှဲပြောင်းပေးမည်

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ဖမ်းဆီးထားသော အစိုးရ ရဲတပ်ဖွဲ့ ၃ ဦးကို မနက်ဖြန် ဇန်နဝါရီလန ၁၈ ရက်တွင် ဖားကန့်မြို့နယ် အစိုးရအဖွဲ့ထံ လွှဲပြောင်းပေးမည် ဖြစ်ကြောင်း ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PGC) မှ ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

ကချင်ပြည်နယ် အစိုးရအဖွဲ့မှ KIA မှ ဖားကန့်မြို့နယ် အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးရန် PCG မှ ဦးလမိုင်ဂွမ်ဂျာ ဦးဆောင်သော ကိုယ်စားလှယ်များ မနက်ဖြန် ၈ နာရီတွင် ဖားကန့်မြို့သို့ သွားရောက်၍ လွှဲပြောင်းပေးမည် ဖြစ်သည်။

“ဒီနေ့က အစိုးရ ရဲတပ်ဖွဲ့ သုံးဦးကို လွှတ်ပေးဖို့ ကေအိုင်အို ဗဟိုဌာနချုပ်ကနေ ညွန်ကြားလာပြီ။ ဒါကြောင့် ကျနော်တို့ PCG က မနက်ဖြန် ဖားကန့်ကို တက်ပြီးတော့ ဖားကန့် အစိုးရကို သွားလွှဲပေးဖို့ ပြင်ဆင်နေပါတယ်” ဟု သူက ပြောသည်။

ဇန်ဝါရီလ ၁၄ ရက်က ကချင်ပြည်နယ် အစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကမန်းဒူနော်၏ လမ်းကြေင်းတွင် လိုက်ပါသွားသည့် လုံခြုံရေးတပ်ဖွဲ့မှ ဒုရဲအုပ်မြင့်စိုး အပါအဝင် ၃ ဦးကို KIA တပ်ဖွဲ့ပြည်သူ့စစ် တပ်ဖွဲ့များက ဝှေလုံကျေးရွာ အနီးတွင် ဖမ်းဆီးခဲ့ရာ ဇန်နဝါရီလ ၁၈ ရက်မှာ ပြန်လည် လွှဲပြောင်းပေးမည် ဖြစ်သည်။

ထိုရဲသုံးဦးကို ဖမ်းဆီးခဲ့ပြီးနောက်တစ်နေ့မှာဘဲ တိုက်ပွဲများ ပြင်းထန်နေခြင်းကို KIA ၏ ပဋိပက္ခ ညှိနိုင်းရေးအဖွဲ့က အစိုးရ၏ ပဋိပက္ခ ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး သန်းအောင်ထံ ဇန်နဝါရီလ ၁၅ ရက်က စာပေးပို့ခဲ့သည်။ ထိုစာတွင် တပ်ရင်း ၆ ဌာနချုပ်အား ထိုးစစ်ဆင်တိုက်ခိုက်နေမှုကို အလျှင်အမြန် ရပ်တန့်ပြီး အပြန်အလှန် ဆက်သွယ်ညှိနှိုင်းအဖြေရှာရန်အတွက် တိုက်တွန်းထားသည်။

KIA တပ်ရင်း ၆ နှင့် အစိုးရ စစ်တပ်တို့ ညနေ(၈ နာရီ)ခန့်ထိ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ပြီး အောင်ဘာလေ ကျေးရွာသား ၁၀၀၀ ခန့်ကိုလည်း ပိတ်မိနေဆဲ ဖြစ်သည်ဟု ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

၎င်းရွာသားများအား ကယ်ဆယ်ရန် ဖားကန့်မှ ဘာသာရေးအဖွဲ့အစည်းများက ကား ၁၅၀ ခန့်ဖြင့် သွားရောက်ခဲ့သော်လည်း ယနေ့ ညနေပိုင်းထိ ဆန်ခါတွင် အစိုးရ စစ်တပ်က ဖြတ်သန်းခွင့် မပြုသဖြင့် ရွာသားများအား ကယ်ဆယ်နိုင်ခြင်း မရှိသေးကြောင်း သူက ဆိုသည်။

ဖားကန့်မြို့နယ်အတွင်း KIA တပ်ရင်း ၆ နှင့် အစိုးရ၏တပ်ဖွဲ့တို့အကြား သုံးရက်ကြာ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေချိန်မှာဘဲ ဇန်နဝါရီလ ၁၅ ရက်ကလည်း ပူတာအိုမြို့နယ်အတွင်းရှိ KIA ၏ တပ်မဟာ ၁ လက်အောက်ခံ တပ်ရင်း ၇ ဒေသတွင်လည်း တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု KIO ၏ The Kachinnet အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

KIA တပ်ရင်း ၇ ဒေသ အခြေချထားသော KIA ၏ ပြည်သူ့စစ်တပ်ဖွဲ့နှင့် အစိုးရ၏ တပ်ရင်း ခလရ ၄၇ နှင့် ၁၃၇ ပူးပေါင်းတပ်ဖွဲ့ အင်အား ၈၀ ခန့် ထိုးစစ်ဆပ်တိုက်ခိုက်ခဲ့သဖြင့် KIA ၏ ကိမ်း (Krim post) ရှေ့တန်းစခန်းကို ဆုတ်ခွာပေးလိုက်ရသည်ဟု ဆက်လက် ဖော်ပြထားသည်။ ပူတာအိုဒေသတွင် KIA တပ်နှင့် အစိုးရ တပ်ဖွဲ့နှင့် တိုက်ပွဲ ဖြစ်ပွားနေသည်ဟု ကြားသိရသော်လည်း အသေးစိတ်မသိရသေးကြောင်း PCG မှ ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

Show More

Related Articles

Back to top button