ငြိမ်းချမ်းရေးဆွေးနွေးမှုသတင်း

ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ဆိုင်ရာ သဘောတူညီချက် လက်မှတ်ထိုးမည်ဟု UNFC ပြော

လာမည့် ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့တွင် ကျရောက်သော (၆၈) နှစ်မြောက် ပြည်ထောင်စုနေ့တွင် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ကတိကဝတ်အဖြစ် သဘောတူညီချက် လက်မှတ်ရေးထိုးရန် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က ဇန်နဝါရီလ ၂၉ ရက်တွင် ပြောဆိုလိုက်သည်။

ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော အမျိုးသား ပြည်နယ်များကို အခြေခံ၍ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ရေးကို ဦးထိပ်ပန်ဆင်ကာ “ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ သဘောတူညီချက်တရပ်” ကို ကတိကဝတ်ပြု ပါဝင်လက်မှတ်ရေးထိုးသွားကြရန် အလုံးစုံဆန္ဒပြုအပ်ပါသည်” ဟု အဆိုပြုလိုက်ခြင်း ဖြစ်သည်။

“ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို သမ္မတကြီးက ရေဒီယို မိန့်ခွန်းမှာ ပြောလည်း ပြောပြီးပြီ၊ အခုက ရေဒီယိုမှာ မပြောနဲ့တော့ စာချုပ်ပေါ်မှာ ချရေးပြီးတော့ နှစ်ဖက် သဘောတူတယ်။ တိုင်းရင်းသား ခေါင်းဆောင်တွေ ကလည်း ခွဲထွက်မဲ့လူတို့၊ လွတ်လပ်ရေးကြေငြာမဲ့ လူ မရှိဘူးပေါ့။ အပြန်အလှန် ကတိပြုပြီးတော့ ပြည်ထောင်စု တည်ဆောက်ကြမယ်ဆိုတဲ့ ကတိကို ပြည်ထောင်စုနေ့မှာ ရရင် ကောင်းတယ်။ ဒါကို အဆိုပြုတာပါ” ဟု UNFC မှ အထွေထွေအတွင်းရေးမှူး (၁)က ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

ယင်းသဘောတူညီချက်ကို လက်မှတ်ရေးထိုးခြင်းအားဖြင့် သမ္မတ ဦးသိန်းစိန်နှင့် တိုင်းရင်းသား ခေါင်းဆောင်များ၏ အပြန်အလှန် ယုံကြည်မှုကို ပိုမိုခိုင်မာစေပြီး တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကိုလည်း နှောင့်နှေးကြန့်ကြာမှု မရှိစေပဲ အဆုံးသတ်နိုင်ရေးကို ကြိုးပမ်းရာရောက်မည်ဟု ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့က သမ္မတ ဦးသိန်းစိန်၏ ရေဒီယိုမိန့်ခွန်းတွင် “ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့ နိုင်ငံရေးသဘောတူညီချက်ကို ခိုင်မာစွာ ရရှိထားပြီး ဖြစ်ပါတယ်” ဟု အသိပေးခဲ့သည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတို့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးရန်အတွက် နှစ်ဖက် သဘောတူညီချက်များ ဆွေးနွေးရန် ကျန်နေသေးခြင်းနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့နှင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခြင်းကြောင့် ဖြစ်သည်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

နှစ်ဖက် ဆွေးနွေးညှိနှိုင်းရန် ကျန်နေသည့်အချက်များသည် လိုင်ဇာ ဗိုလ်လောင်းများ သေဆုံးမှုအပေါ် ဆွေးနွေးရန်၊ နှစ်ဖက် လိုက်နာရမည့် ကျင့်ဝတ် စည်းကမ်းနှင့် နှစ်ဖက်ပူးတွဲစောင့်ကြည့် ကြီးကြပ်ရေး ကော်မတီ ဖွဲ့စည်းရန်တို့ အပါအဝင် အချက် (၅) ချက်ခန့် ကျန်ရှိနေခြင်း ဖြစ်သည်။

သမ္မတ ဦးသိန်းစိန်က ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးရန် ဖိတ်ကြားထားသည်ဟု ကြားသိရသဖြင့် တိုင်းရင်းသား ခေါင်းဆောင်များလည်း ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး လိုလားသဖြင့် အားလုံး တက်ရောက်ရန် မျော်လင့်ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့ ဗိုလ်ရှုသဘင် အခမ်းအနားတွင် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၂ ဖွဲ့သာ ဖိတ်ကြားခဲ့ကာ ဇန်နဝါရီလ ၅ ရက်တွင် ထိုအဖွဲ့အစည်း ၁၂ ဖွဲ့မှ ကိုယ်စားလှယ်များနှင့် သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံဆွေးနွေးခဲ့သည်။

UNFC ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၂ ဖွဲ့ဖြင့် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလက စတင်ဖွဲ့စည်း ခဲ့သည်။ ၂၀၁၄ ခုနှစ် စက်တင်ဘာလက ကျင်းပသော ညီလာခံတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) က အဖွဲ့ဝင်အဖြစ်မှ ယာယီရပ်ဆိုင်းထားသည်။ ယင်းညီလာခံတွင် မြန်မာနိုင်ငံ အမျိုးသားမဟာမိတ်တပ်မတော် MNDAA (ကိုးကန့်အဖွဲ့) အဖွဲ့က အဖွဲ့ဝင် ဖြစ်လာသည်။

Show More

Related Articles

Back to top button