သတင်း

အစိုးစစ်တပ်မှ ကချင်လူငယ် ၃ ဦးအား မီးရှို့သတ်ထား

ရှမ်းပြည်နယ် မူဆယ်မြို့နယ် မလွန်ဘန်းခါးကျေးရွာသား သုံးဦး အပါအဝင် ရွာသားလေးဦးကို အစိုးရ စစ်တပ်က ဖမ်းဆီးသွားခဲ့ပြီးနောက် ခုနှစ်ရက်ကြာ ပျောက်ဆုံးခဲ့ရာမှ မီးရှို့သေဆုံးနေသည့် အလောင်းကို ဇန်နဝါရီလ ၃၁ ရက်က တွေ့ရှိခဲ့သည်ဟု မလွန်ဘွမ်ခါး (Malun Bum Hka) ကျေးရွာရှိ ဆရာဂျာခွန်းအောင်က ပြောသည်။

မူဆယ်-နမ်ဖတ်ခါကားလမ်းပေါ်ရှိ မလွန်ဘွမ်ခါး (Malun Bum Hka) ကျေးရွာမှ မောင် မဟောလဂျာ (၂၁ နှစ်)၊ မောင် လထော်ခွန်ဖုန်း (၁၈ နှစ်)၊ ဟူဖြတ်ကျေးရွာမှ မောင် မရန်ယောဟန် (၂၀နှစ်)၊ ဦးဒွဲရိန် (Slg. Doi Ring) တို့ လေးဦး၏ အလောင်းအား မီးရှုံ့သေဆုံးနေမှုကို ဖေဖော်ဝါရီလ ၁ ရက်က သင်္ဂြိုဟ်လိုက်ခြင်း ဖြစ်သည်။

သေဆုံးသူများ လေးဦးထဲမှ မလွန်ဘွမ်ခါး (Malun Bum Hka) ကျေးရွာသား မောင် လထော်ခွန်ဖုန်း (Shd. Lahtaw Hkun Hpung)၊ မောင် မဟောလဂျာ (Shd. Mahkaw La Ja)၊ မောင် မရန်ယောဟန် (Shd. Maran Yaw Han) တို့ သုံးဦးကို ပြီးခဲ့သည့် ဇန်နဝါရီလ ၂၅ ရက်က အစိုးရ စစ်တပ်က ဖမ်းဆီးခဲ့ပြီး ကျေးရွာသားများ ပြန်လည် ရှာဖွေခဲ့ရာမှ တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု ဆရာဂျာခွန်းအောင် (Sara Ja Hkun Awng) က ပြောသည်။

“သူတို့က ရွာကနေ ထွက်လာတဲ့အချိန် စစ်ကြောင်းနဲ့တွေ့ပြီး ဖမ်းသွားတယ်။ ရွာသားတွေ တိုက်ပွဲငြိမ်တဲ့ နောက်ပိုင်း ပျောက်သွားတဲ့ လူတွေကို သွားရှာတဲ့အခါ မီးရှို့သတ်ထားတာ တွေ့လို့ ရွာသားတွေနဲ့ ဆရာတွေကို ပြန်သွား ခေါ်ပြီးတော့ မနေ့က သူတို့သေဆုံးနေတဲ့ လောခွမ်ဘွမ် (Law Hkum Bum) မှာ သွားသဂြိုလ်လိုက်တယ်” ဟု သူက ပြောသည်။

မောင် လထော်ခွန်ဖုန်း၊ မောင် မဟောလဂျာ၊ မောင် မရန်ယောဟန် တို့သည် ၎င်းတို့ ကျေးရွာမှအနီးရှိ မီးသွေးဖုတ်ဖိုသို့ အလုပ်လုပ်ရန် သွားရာမှ လမ်းတွင် အစိုးရ စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ပြီး ၎င်းတို့သုံးဦးနှင့်အတူ လိုက်ပါသွားခဲ့သော ကိုမရန်လဒွဲ (Maran La Doi) သည် အစိုးရ တပ်မတော် စစ်ကြောင်းနှင့် တွေ့ဆုံ၍ ဖမ်းဆီးမှုမှ ထွက်ပြေး လွတ်မြောက်လာခဲ့သည်ဟု မလွန်ဘွမ်ခါး (Malun Bum Hka) ကျေးရွာမှ မဘောက်ဆန့် (Shy. Bawk San) က ကချင်သတင်းဌာနသို့ ပြောသည်။

“သူတို့ကို ဇန်နဝါရီလ ၂၅ ရက်နေ့ ညနေ ၃ နာရီလောက်မှာ ဖမ်းသွားတယ်။ အစိုးရ စစ်တပ်က ဖမ်းသွားတယ်ဆိုတာ သိရတယ်။ ခွန်ဖုန်းရဲ့ သူငယ်ချင်း လဒွဲက ထွက်ပြေးလို့ ပြန်လွတ်လာတယ်။ သူက ဒူးမှာ သေနတ် ချပ်ထိ သွားတယ်” ဟု သူက ပြောသည်။

ထို မလွန်ဘွမ်ခါး (Malun Bum Hka) ကျေးရွာသား ၄ ဦး၏ မီးရှို့ သေဆုံး၍ ဒေသခံများ ပြန်လည် မြှုပ်နှံသည့် ဓါတ်ပုံများကို အင်တာနက် လူမှုကွန်ယက်တွင်လည်း ပြန့်နှံ့နေသည်ကို တွေ့ရသည်။

သူတို့ သုံးဦး အမှုနှင့်ပတ်သက်၍ မည်သို့ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေမှု ရှိမရှိ မေးမြန်းခဲ့သော်လည်း အဆိုပါ အမှုနှင့်ပတ်သက်၍ မသိကြောင်း မူဆယ်မြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြန်လည် ဖြေကြားခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရလ ၁၉ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း ပန်ဆိုင်း (ကြူကုတ်)မြို့နယ် နမ့်တောင်းကျေးရွာအုပ်စု၊ ကောင်းခါးကျေးရွာတွင် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)မှ စေတနာ့ဝန်ထမ်း ကျောင်းဆရာမ နှစ်ဦး အဓမ္မပြုကျင့်၍ သတ်ဖြတ်ခံခဲ့ရသည်။

ဇန်နဝါရီလ ၂၅ ရက်က အစိုးရနှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ၏ တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၉ ၏ တပ်ခွဲ ၂ တပ်ဖွဲ့တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အစိုးရဘက်မှ အင်အားတိုးမြင့် ထိုးစစ်ဆင်လာ သဖြင့် အဆိုပါ KIA ၏ ရင်း ၉ တပ်ခွဲ ၂ ရှေ့ဆန်းစခန်း လောခွမ်ဘွမ် ဒိန်ဆာ (Law Hkum Bum Dingsa) မှ ဆုတ်ခွာ ပေးလိုက်ရသည်ဟု KIA တပ်မဟာ ၄ အရာရှိက ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် မူဆယ်မြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်အတွင်း KIA နှင့် အစိုးရ စစ်တပ်တို့ ဇန်နဝါရီလ ၃၁ ရက်ထိ တိုက်ပွဲများ နေ့စဉ် ဆိုသလို တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး လက်ရှိတွင်လည်း အစိုးရ စစ်တပ်များနှင့် နီးနီးကပ်ကပ် ရှိနေသဖြင့် KIA တပ်ရင်း ၉၊ ၃၆ နှင့် ၃၈ နယ်မြေအတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားမည့် အခြေအနေ ရှိနေသည်ဟု သူက ပြောသည်။

Show More

Related Articles

Back to top button