ငြိမ်းချမ်းရေးဆွေးနွေးမှုသတင်း

အစိုးရမှ တရားလက်လွတ် လုပ်ဆောင်နေမှုများ ရပ်သင့်ဟု UNFC ပြော

ရှမ်းပြည်နယ်မြောက်ပိုင်း ကျေးရွာရှိ (KBC) မှ ကချင်ကျောင်းဆရာမ နှစ်ဦးအား အဓမ္မပြုကျင့်၍ သတ်ဖြတ်ခဲ့မှုသည် စစ်ရာဇဝတ်မှုဖြစ်၍ တရားလက်လွတ်ပြုမူခြင်းကို ရပ်စဲသင့်ကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က ပြောဆိုလိုက်သည်။

UNFC က အစိုးရ စစ်တပ်မှ ထိုးစစ်ဆင်မှုများ ရပ်တန့်ရန်နှင့် စစ်ရာဇဝတ်မှုများကို တရားလက်လွတ် ပြုမူနေခြင်းကို ချက်ခြင်း ရပ်စဲရန်၊ အမျိုးသားပညာရေး ဥပဒေအား ပြန်လည် ပြင်ဆင်ပေးရန် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သည့် ကျောင်းသားများကို သက်ဆိုင်ရာ အာဏာပိုင်များမှ ဖမ်းဆီးမှုများ ရှိလာမည်ကို စိုးရိမ်ကြောင်းများ အပါအဝင် လက်ရှိ ဖြစ်ပွားနေသော အခြေအနေများအပေါ် UNFC က ဇန်နဝါရီလ ၂၈ ရက်တွင် သဘောထားထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

“ဒါက စစ်ရာဇဝတ်မှုဖြစ်တယ်။ War Crime ဘောင်ထဲမှာ ဝင်တယ်လို့ ထင်တယ်။ ဒါကြောင့် စစ်ကို အကြောင်းပြပြီးတော့ ကျူးကျော်တာတွေ စစ်ရာဇဝတ်မှုက ပြင်းထန်တဲ့ အမှုဖြစ်တဲ့အတွက် ဒါတွေကို လက်လွတ် စပယ် အရေးယူခြင်းမရှိ။ စုံစမ်းခြင်းလည်း မရှိ။ ဒီလိုကျူးလွန်နေတာတွေ မလုပ်သင့်ဘူး” ဟု UNFC ၏ တွဲဘက် အထွေထွေ အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

ဇန်နဝါရီလ ၁၉ ရက်က အဆိုပါ ကချင်ကျောင်းဆရာမ နှစ်ဦးအား အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့မှုသည် ပဋိပက္ခကို အကြောင်းပြု၍ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ဆိုးရွားသည့် စစ်ရာဇဝတ်မှုများကို တရားလက်လွတ် ပြုမူနေခြင်းကို ချက်ခြင်း ရပ်စဲရမည်ဟု UNFC က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အစိုးရ၏ ဒီမိုကရေစီ နည်းမကျသော အမျိုးသားပညာရေးဥပဒေအား ပြန်လည် ပြင်ဆင်ပေးရန် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သည့် ကျောင်းသားထုအား သက်ဆိုင်ရာ အာဏာပိုင်များမှ အင်အားသုံးဖြိုခွင်းမည့် အရိပ်အယောင်များ တွေ့မြင်လာနေရသဖြင့် မိမိတို့ UNFC က စိုးရိမ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။

ထို့ပြင် ဇန်နဝါရီလ ၁၄ ရက်မှ စတင်၍ ကချင်ပြည်နယ် ဖားကန့်ဒေသတွင် အစိုးရ စစ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တို့အကြား ရှမ်းပြည်နယ်မြောက်ပိုင်းတွင် KIA အပါအဝင် TNLA ၊ SSPP တပ်ဖွဲ့တို့အကြား နေ့စဉ် ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲများဖြစ်ပေါ်နေပြီး တိုက်ပွဲများ ပိုမိုကျယ်ပြန်လာနိုင်ဖွယ်ရှိပြီး ဒေသတွင်း မတည်ငြိမ်မှုကို ပိုမိုဖြစ်ပေါ်စေနိုင်သည်ဟု ဆိုထားသည်။

လက်ရှိ TNLA နှင့် ကချင်ပြည်နယ် ဖားကန့်ဒေသရှိ KIA တပ်ဖွဲ့တို့၏ သက်ဆိုင်ရာ တပ်မှူးများ၏ ပြောဆိုမှုအရ လက်ရှိ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး အစိုးရ စစ်အင်အား တိုးမြင့်မှုများ ရှိသဖြင့် တိုက်ပွဲ ပိုမိုပြင်းထန်လာဖွယ်ရှိသည်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်က ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာ ဗိုလ်သင်တန်းကျောင်းတွင် အစိုးရ စစ်တပ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးဖြင့် သေဆုံးခဲ့သော ဗိုလ်လောင်း ၂၃ ဦးနှင့် သင်တန်းသား ၂၀ ကျော် ဒဏ်ရာရရှိခဲ့မှုနှင့် ပတ်သက်၍ အစိုးရမှ တရားဝင် ရှင်းလင်းမှု ယနေ့ထိ မရှိသေးသဖြင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆက်လက် ဆွေးနွေးညှိနှိုင်းရန် လိုအပ်သည့် အချက်တစ်ခု ဖြစ်နေသဖြင့် အစိုးရက တစ်စုံတစ်ရာ ပြောဆိုရန် သူက ပြောသည်။

“ဒီလို စစ်ရာဇဝတ်မှုတွေ၊ ဒီလို ပဋိပက္ခတွေ တိုးချဲ့လာတာတွေ၊ စစ်အင်အားတိုးလာတာတွေ၊ အဲဒီလို လုပ်နေတဲ့ဟာက တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် ချုပ်တဲ့နေရာမှာ အခက်အခဲ ဖြစ်နေတာပေါ့။ အပစ်အခတ် ရပ်စဲရေးဖို့ အပစ်အခတ် မရှိအောင် တပ်တွေ ခွာထားရမယ်။ လှုပ်ရှားမှုတွေ ငြိမ်ထားရမယ်။ ဒီလို တခုခုလုပ်မှ အပစ်အခတ် ရပ်စဲမှု သက်သေပြရာရောက်တာပေါ့။ ဒီလို အပစ်အခတ် ရပ်စဲတဲ့ အသွင်သဏ္ဍန်မျိုးကို လုပ်ထားပြီးတော့မှ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးတယ်ဆို နည်းနည်းလေး အဓိပ္မါယ်ရှိတယ်” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

ထို့ကြောင့် အစိုးရ စစ်တပ်၏ ထိုးစစ်ဆင်မှုများအား ချက်ချင်းရပ်တန့်၍ ငြိမ်းချမ်းစွာ တွေ့ဆုံညှိနှိုင်း ဖြေရှင်းခြင်း၊ စစ်ရာဇဝတ်မှုကျူးလွန်သူများအား အရေးယူဆောင်ရွက်နိုင်ရေး ဖြစ်ရပ်မှန်တို့အား အမြန်ဆုံး ဖော်ထုတ်ခြင်းနှင့် ကျောင်းသားထု၏ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုကို အင်အားသုံး ဖြေရှင်းခြင်း မပြုဘဲ စေ့စပ်ညှိနှိုင်းမှုနည်းလမ်းဖြင့် ဖြေရှင်းခြင်းတို့အားဖြင့် သမ္မတ ဦးသိန်းစိန်အစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်သည် မှန်ကန်မှုရှိကြောင်း ပွင့်လင်းမြင်သာမှုရှိရှိ သက်သေပြရန် အလေးအနက် တောင်းဆိုတိုက်တွန်းလိုက်သည်။

လက်ရှိ အခြေအနေများကြောင့် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် အခက်အခဲများ ရှိနေသည်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာ ပြောသည်။

အဆိုပါ ဖြစ်စဉ်များအပေါ် UNFC က အနှုတ်လက္ခဏာဆောင်နေသည်ဟု သုံးသပ်ပြီး ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်မှုနှင့် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းပေါ်မှ သွေဖီသွားနိုင်သည့် လက္ခဏာရပ်များဟု ရှုမြင်ကြောင်း UNFC က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Show More

Related Articles

Back to top button