မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်းသတင်းဆောင်းပါး

ကချင် ပြည်သူများကို သွေးစုပ်နေသော တရုတ် သစ်သျှူး ငှက်ပျော အန္တရယ်

ဝိုင်းမော်မြို့နယ် ဦးလဆန်အောင်ဝါ ဌာနေပြည်သူ့စစ်ဒေသ နမ်ခေါင် ရွာသားများ၏ အခက်ခဲ ငိုကြွေးသံများကို ကျွန်တော်တို့ အနေဖြင့် ယခုနှစ်ဆန်း ကတည်းကပင် စတင်ကြားခဲ့ရပါသည်။

ထို့ကြောင့် မတ်လ ၇ ရက်နေ့တွင် ကျွန်တော်တို့ သတင်းသမားအချို့သည် ဂွေထုဒေသ နမ်ခေါင်ကျေးရွာကို ရောက်သွားခဲ့ပါသည်။ အကြောင်းတိုက်စွာဖြင့် ထိုနေ့တွင် စိတ်မကောင်းစရာ မြင်ကွင်းများကို တွေ့ခဲ့ရသည်။

အဖြစ်အပျက်မှာ ကျွန်တော်တို့အဖွဲ့ ရွာကိုရောက်ပြီး ခနအကြာ ရွာနဘေး မီးလောင်သံ စတင်ကြားရပြီး ကောင်းကင် တစ်ခုလုံး မဲမှောင်သွားအောင် မီးလောင်နေသည်ကို တွေ့ရပါတော့သည်။ ထိုစဉ် ရွာသားများ၏ မျက်နှာမှာ မှိုင်တွေနေပြီး တစ်စုံတစ်ခုကို အားကိုးရာမဲ့နေကြောင်း ပေါ်လွင်နေသည်။

အခြေအနေအကြောင်းစုံ သိရှိရန် ဦးလုကာ အင်လော်နော်ဆမ် ကိုမေးမြန်းကြည့်ရာ “ကျနော်တို့စိုက်ပျိုးထားတဲ့ ကျွန်းသစ်၊ ပျဉ်းကတိုး ပင်တွေကို အခုလို မီးရှို့ပေးလိုက်တာပါ။ တရုတ် သစ်သျှူး ငှက်ပျော စိုက်ပျိုးဖို့ ကျွန်တော်တို့ထံက မြေနေရာ အတင်းလုယူထားတာပါ” ဟုပြောပြသည်။

ခုတ်ထွင် ရှင်းလင်းခံရသော မြေနေရာများသည် ဒေသခံ တောင်သူ ၂၅ ဦး၏ ခြံမြေဧက ၁၇၀ ကျော်၊ ကျွန်းသစ်ပင် ၈ သောင်းကျော် နှင့် အခြား သီးနှံပင်တို့ ပါဝင်ကြောင်း သိရပါသည်။

“ရွာသူ/သား အားလုံးနဲ့ စည်းဝေးတိုင်ပင်ပြီးမှ ပြောခဲ့သောစကား သူတို့ပြောခဲ့တာက လမ်းဖေါက်ဖို့ သက်သက်ပါ။ ငှက်ပျော စိုက်ခင်းဆိုတာကတော့ လုံးဝ မပြောခဲ့ပါဘူး။ မတ်လ ၇ ရက်နေ့ ဒီကနေ့ ဟာ မီးရှို့ခြင်းလည်း ခံရပါတယ်” ဟု ရွာ ဥက္ကဌ ဦးလဆာလခေါင်က ကျွန်တော်တို့အဖွဲ့ကို ထပ်မံ ပြောပြပါသည်။

နမ်ခေါင်ရွာသည် ဝိုင်းမော်မြို့နယ်၊ နောင်ချိန်းကျေးရွာ အုပ်စု တွင်ပါဝင်ပြီး ယခင်စစ်ဘေးကြောင့် ရွာပျက်ပျက်ခဲ့ရကာ ၁၉၉၀ ခုနှစ်မှ ပြန်လည် စုစည်းနေထိုင်လာသည့် ရွာဖြစ်ကြောင်း သိရပါသည်။ လက်ရှိ အိမ်ခြေ ၄၀ ခန့်ရှိပြီး အသက်မွေးဝမ်းကြောင်း အဖြစ် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိက လုပ်ကို်င်နေသည်ကို တွေ့ရသည်။

သို့သော်လည်း ဂွေထုဒေသ ဌာနေပြည်သူ့စစ်မှ ဗိုလ်ကြီး လဂေါင်ယော် က ကျေးရွာချင်းဆက် လမ်းဖေါက်ပေးမည်ဟု ရွာသားများကို စည်းရုံးလက်မှတ်ထိုးစေခဲ့ကြောင်း ပြောပြသည်။ ငှက်ပျောပင်စိုက်ပျိုးမယ့်အကြောင်း ပြောဆိုခြင်း မရှိခဲ့ဟု သိရပါသည်။

ထို့နောက် ရွာသားများနှင့် တစ်စုံတရာ ဆွေးနွေးညှိနှိုင်းခြင်းမပြုဘဲ ဇန်နဝါရီ ၅ ရက်နေ့မှ စတင်ကာ ‘ရှိန်းတာ ကုမ္ပဏီ’ မှ ဦးမောင်အိုက် တာဝန်ခံပြီး နမ်ခေါင်ရွာသားများ၏ သစ်တော ကျွန်းသစ် ဧရိယာများကို စတင်ခုတ်ထွင်ခဲ့ ကြောင်း ပြောပြပါသည်။

ရွာသားများ ကန့်ကွက်နေသည့်ကြား ည အချိန် ကျွန်းသစ်ပင်များ ခုတ်ခဲ့သည်ဟု ပြောပြသည်။

နမ်ခေါင်ရွာကို ရောက်ရှိချိန် နေ့လည်စာအဖြစ် ကချင်ရိုးရာ ဖက်ထမင်းကို ကျွန်တော်တို့ အတူစား နေကြစဉ် ရွာလူကြီးတစ်ဦးက ‘ဒီလိုသဘာဝ ဖက်ရွက် တွေဆိုတာ နောက်ဆို ရှိတော့မှာ မဟုတ်ဘူး။ ငှက်ပျောပင်ကြီးပဲ စိုက်လိုက်တဲ့အတွက် အကုန်ပျက်စီးမှာဘဲ’ ဟု ရင်ဖွင့်ခဲ့ပါသည်။

အမှန်ပင် နမ်ခေါင်ရွာ၏ သဘာဝထွက် ဟင်သီးဟင်းရွက်နှင့် မွေးတိရစ္ဆာန်များမှာ တရုတ်သစ်သျှူးငှက်ပျောပင်များကြား ဆက်လက်ရှင်သန်ဖို့ မဖြစ်နိုင်တော့ပါ။

ငှက်ပျောပင်စိုက်ပျိုးရာတွင် အသုံးပြုသည့် ဓာတု ဆေးဝါးများသည် ဒေသ မြစ်ချောင်းများတွင် စီးမျှော်ပြီး ထိုဒေသရှိ မွေးတိရစ္ဆာန်များ သေကြေနေသည့် မြင်ကွင်းကို အားလုံး မြင်တွေ့နေရသောကြောင့် ဖြစ်ပါသည်။

“ထင်းခွေ ဖို့နေရာ၊ ရေခပ်သောက်ဖို့ ချောင်း၊ စားသုံးဖို့ ဟင်းသီးဟင်းရွက်တွေ ပြီးတော့ တောင်ယာခုတ်ဖို့ နေရာ တစ်ခုမှ မရှိတော့ဘူး။ ကျမတို့ မြေနေရာ ပြန်ရချင်တယ်။ မွေးတိရစ္ဆာန် မရှိရင် နေလို့ မရပါဘူး။ ကျမတို့ကို မောင်းထုတ်နေတဲ့ သဘောပေါက်နေတယ်။ ဘာမှ မရှိရင် ဘယ်လိုနေရမလဲလို့ ဟိုတလော လဆန်အောင်ဝါ တို့နှင့် တွေ့တဲ့အချိန်တော့ ပြောလိုက်ပြီ” ဟု ဒေါ်လဘန်ကော့နန် က ပြောပြသည်။

လယ်ယာထက် တောင်ယာ လုပ်ငန်းပိုမို အားထားလုပ်ကို်င်နေသော နမ်ခေါင်ရွာသားတို့ အဖို့ ယခုလို မြေနေရာ အတင်းသိမ်းယူခံရခြင်းကြောင့် သူတို့ ဘာဆက်လုပ်မည်ကိုပင် မသိရဘဲ အခက်အခဲ တွေ့နေရကြောင်း ပြောပြသည်။

ထို့ကြောင့် ၎င်းတို့၏ မြေနေရာ ပြန်လည် ရရှိရန်နှင့် ဆုံးရှုံးသွားသော ကျွန်းသစ်ပင်နှင့် အခြား သီးနှံပင်များအတွက် လျှော်ကြေးရရှိရန် ကချင်ပြည်နယ်အစိုးရ သိမ်းဆည်းခံလယ်ယာမြေနှင့် အခြားမြေများ စုံစမ်းစစ်ဆေးရေး ကော်မတီ ဥက္ကဌထံကို ရွာသားများ မတ်လ ၅ ရက်နေ့က စာတင်ထားသည်ကို တွေ့ရသည်။

ကျွန်တော်တို့ နမ်ခေါင်ရွာကို ရောက်ရှိချိန်မှ တောင်ယာတစ်ခုလုံး မီးလောင်နေသည်ကို သွားရောက်ကြည့်ရှု့ခဲ့သည့် တစ်လျှောက် ဌာနေ ပြည်သူ့စစ်မှ တာဝန်ကျ စစ်သား ၂ ဦး လိုက်ပါခဲ့သည်။

ထို့နောက် ညနေပိုင်း ကျွန်တော်တို့ အပြန်လမ်း စစ်ဆေးရေးဂိတ်တွင် ဌာနေပြည်သူ့စစ်အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရွာသားများနှင့် ၎င်းတို့ ၏ သဘောတူညီချက်များကို ပြောပြခဲ့ပါသည်။

သဘောတူ လက်မှတ်ရေးထိုးခဲ့သော စာထဲတွင် “နမ်ခေါင်ကျေးရွာပိုင် မြေဧက ၅၃၇ ကို ကျေးရွာ ရပ်မိရပ်ဖများ နှင့် ရွာလူကြီးများ မှ စီမံဆောင်ရွက်သော ကိစ္စအဝ ဝ ကို လုံးဝ ကန့်ကွက်မှုမရှိ သဘောတူကြောင်း” ပါဝင်သည့်စာကို တွေ့ခဲ့ရပါသည်။

ရွာသားများကတော့ ရွာချင်းဆက်လမ်းဖောက်လုပ်ရန်သာ သဘောတူပြီး ငှက်ပျောပင် စိုက်ပျိုးမယ့်ကိစ္စ မသိခဲ့ကြောင်း ပြောကြပါသည်။

နာရီဝက်အကြာ ပြောဆိုကြပြီးနောက် ကျွန်တော်တို့အဖွဲ့များကလည်း ကောင်းမွန်စွာ အိမ် ပြန်ခွင့် ရခဲ့ပါသည်။

ထို့နောက် မတ်လ ၁၂ ရက်နေ့တွင် ဌာနေပြည်သူ့စစ်အဖွဲ့မှ ဗိုလ်ကြီး Hkawn Tawng ဦးဆောင်သည့်အဖွဲ့နှင့် နမ်ခေါင်ရွာသားများသည် နောင်းချိန်း ကျေးရွာ အုပ်ချုပ်ရေး ရုံးတွင် ပြန်လည် တွေ့ဆုံဆွေးနွေး ကြသော်လည်း အဆင်မပြေကြောင်း သိရပါသည်။

အချုပ်အားဖြင့် ဆိုရပါသော် အချိန်ကြာ ပြုစုပျိုးထောင်ခဲ့သည့် ရင်းနှီးမြုပ်နှံမှု များ အမှန်တကယ် ဆုံးရှုံးနစ်နာခဲ့ရသော နမ်ခေါင်ရွာသားများသည် ၄င်းတို့ အတွက် ထိုက်တန်သော လျှော်ကြေးကို မျှော်လင့်နေကြပါသည်။

နမ်ခေါင်ရွာတွင်သာမက ဂွေထုဒေသ တစ်ခွင် ငှက်ပျော စိုက်ပျိုးရေး ကုမ္ပဏီကြောင့် ဒေသခံများ စိုရိမ် ဝမ်းနည်းနေရသည်ကို ကြားနေဆဲ ဖြစ်ပါသည်။

အလားတူ ဝိုင်းမော်မြို့နယ် နှင့် မြစ်ကြီးနားမြို့နယ် ဧရာဝတီ မြစ်ကမ်းတစ်လျှောက် ကျေးရွာများတွင်လည်း အဆိုပါ ဖြစ်စဉ်ကဲ့သို့ ဖြစ်ပျက်နေသည်ကို တွေ့မြင်နေရပါသည်။

အစိုးရအနေဖြင့်လည်း အဆိုပါ မြေယာ ပြဿာနာများကို အမြန်ဆုံး ပြေလည်အောင် ဖြေရှင်းပေးရန် လိုအပ်လှပါသည်။

Show More

Related Articles

Back to top button