သတင်း

ကချင်စစ်ရှောင်အမျိုးသမီးများ၏ လက်မှုထုတ်ကုန် ပြသရောင်းချ

ကချင်စစ်ရှောင်စခန်းမှ အမျိုးသမီးများ၏ လူသိနည်း လက်မှုထုတ်ကုန်ပစ္စည်းများ ဈေးကွက်သို့ ထိုးဖောက်နိုင်စေရန် ရည်ရွယ်သည့် လက်မှုထုတ်ကုန်ရောင်းပွဲတစ်ခု မြစ်ကြီးနားမှာ မနောကွင်းမဂျွယ်ခန်းမ နိုဝင်ဘာ ၅ ရက်နေ့ ပြုလုပ်ခဲ့ပါသည်။

အစိုးရနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်ရာ နယ်မြေအသီးသီးရှိ စစ်ရှောင်အမျိုးသမီးများ၏ အသေးစား လက်မှုထုတ်ကုန်ပစ္စည်းများကို လာရောက်ပြသရောင်းချနိုင်ရန် ထွယ်ဂျဲန်ဒါဖွဲ့ဖြိုးရေးဖောင်ဒေးရှင်းက ဦးဆောင်ခဲ့သည်ဟု သိရပါသည်။

“ကချင်ပြည်နယ်က စစ်ဘေးရှောင်အမျိုးသမီးတွေ အသက်မွေးဝမ်းကျောင်းလုပ်ငန်းမရှိတဲ့အတွက် အနိုင်ကျင့်ခံနေရတယ်။ တရုတ်ပြည်ဘက်သို့ လူကုန်ကုန်ကူးခံရတဲ့ အခက်အခက်တွေနဲ့ ကြုံတွေ့နေရတယ်။ ခုလိုမဖြစ်ရအောင် သူတို့ရဲ့ထုတ်ကုန် ပစ္စည်းလေးတွေကို ပြန်ရောင်းပြီး အမြတ်ရမှ သူတို့ရဲ့ဝမ်းရေးအတွက် အဆင်ပြေလာမယ်။” ဟု ထွယ်ဂျဲဒါအဖွဲ့မှ ဒေါ်နန်ပူ ပြောပါသည်။

ယင်း ပြပွဲတွင် စစ်ရှောင်အမျိုးသမီးများ ပြုလုပ်သည့် ကချင်ရိုးရာ အိတ်အမျိုးမျိုး ၊ ဝါးဖြင့်ပြုလုပ်ထားသည့် အသုံးအဆောင်များ ၊ ဆပ်ပြာရည်နှင့် စားသုံးကုန် စသည့် အမျိုးပေါင်း (၄၀) ခန့်ကို ပြသရောင်းချခဲ့ကြောင်းသိရပါသည်။

“အဒေါ်ဒီမှာ ရောင်းတာက မြေပဲယို ၊ ပဲနို့မှုန့် ၊အာလူးကြော် ၊ငှက်ပျောကြော် ရောင်းတာ အခုဆို ၃ နှစ်ရှိသွားပြီ။ အခက်အခဲကတော့ လုပ်ထားတဲ့ မုန့်တွေကို ရောင်းဖို့ ဈေးကွက်တွေ လိုနေတာပေါ့။ အခုက မုန့်အထုပ်ရေ ၁၀၀ အောက်လောက် ၅၀ ထုပ် ၊၂၅ ထုပ် လောက်ပဲပို့ နိုင်တယ်။ ဖြစ်နိုင်ရင် တစ်ခါတည်း အထုပ် ၅၀၀ လောက်ကို ဖောက်သည်ယူပေးနိုင်တဲ့ ဈေးကွက်လေးတွေများရှိခဲ့ရင် ကျမရဲ့မိသားစုတွေအတွက် မီးဖိုချောင်မှာလိုအပ်နေတဲ့ ဆန် ဆီ ဆားဝယ်ဖို့ စိတ်မညစ်ရတော့ဘူး လို့တွေးမိတယ်။” ဟု တပ်ကုန်းစစ်ရှောင်စခန်းမှ ပြပွဲသို့လာရောက်ရောင်းခဲ့သူ ဒေါ်ခေါင်နန်း က ဆိုသည်။

လက်မှု ထုတ်ကုန်ပစ္စည်းပြသရောင်းချပွဲ နှင့် ဈေးကွက်မိတ်ဆက်သည့် အခမ်းအနားတွင် NGO နှင့် CSO အဖွဲ့အစည်းများ ၊ အစိုးရဌာနများ
လာရောက်ပါဝင်သည်ကို တွေ့ရပါသည်။

“ကျမတို့ အစိုးရဘက်ကနေ ထာက်ပံ့ပေးနေတဲ့ လက်ယက်ကန်းသင်တန်းကို စစ်ရှောင်တွေလာတက်တာများတယ်။ ၂၀၁၅ ကနေဆို အခုလက်ရှိ ၅ နှစ်အတွင်းမှာ ၁ နှစ်ကို လူဦးရေ ၂၀၀လောက်မွေးထုတ်ပေးတယ်။ ခန့်မှန်းခြေအနေနဲ့ ၅ နှစ်အတွင်းမှာ စစ်ရှောင် ၆၀၀ လောက်ရှိမယ်။ ဒေသခံတွေက ၄၀၀ လောက်ရှိမယ်။” ဟု ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ယက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းမှ ကျေင်းအုပ်ကြီး ဒေါ်မြင့်ဆွေဝင်းက ပြောဆိုထားသည်။

ကချင်ပြည်နယ် တိုက်ပွဲကြား စစ်ရှောင်စခန်းမှ အမျိုးသမီးများသည် အလုပ်အကိုင်အခွင့်အလမ်းနည်းပါးနေသောကြောင့် တစ်ဖက်တရုတ်နိုင်ငံသို့ လူကုန်ကူးခံရသည့် အရေအတွက်မှာ များပြားနေဆဲ ဖြစ်ကြောင်း သိရပါသည်။

Show More

Related Articles

Back to top button