သတင်း

ဟူကောင်းဒေသခံများ ကိုယ်ပိုင်ကျေးရွာစားကျက်မြေ သတ်မှတ်

ကချင်ပြည်နယ် ဟူးဟောင့်ချိုင့်ဝှမ်းဒေသ လီဒိုလမ်းမပေါ်ရှိ ကျေးရွာ(၅)ခုသည် သိမ်းဆည်းခံခဲ့ရသော ၎င်းတို့၏ လယ်ယာမြေများကို ‘စားကျက်မြေ’ အဖြစ် ပြန်လည်သတ်မှတ်သည့် တတိယအကြိမ် လှုပ်ရှားမှု အစီအစဉ်ကို ပြုလုပ်ခဲ့ကြပါသည်။

ကျေးရွာ ၅ခု ဖြစ်သည့် ရှဒူးဇွပ်ကျေးရွာ၊ ဒွန်ဘန်ကျေးရွာ၊ လဝါးကျေးရွာ၊ မဂေါင်ကထောင်ကျေးရွာနှင့် ဒွန်ဘုံး ကျေးရွာတို့တွင် ကချင်လူမှုတိုးတက်ရေးအဖွဲ့(Mungchying Rawt Jat) မှ ဦးဆောင်ပြီး နိုဝင်ဘာလ ၁၇မှ ၁၈ရက်အထိ စားကျက်မြေ သတ်မှတ်သည့် လုပ်ငန်းကို လုပ်ဆောင်ခဲ့ကြောင်း MRJ တာဝန်ရှိသူ ဦး Lashi Aung Lawt ထံ မှ သိရပါသည်။

“အစိုးရက သိမ်းယူလိုက်တဲ့ ကျားထိန်းသိမ်းရေးနယ်မြေတွေက ဒေသခံပြည်သူတွေရဲ့ လယ်ယာမြေတွေဖြစ်တယ်။ ကျေးရွာတစ်ခုမှာက စားကျက်မြေရှိရမယ်။ သချိုင်းမြေရှိရမယ်ဖြစ်တယ်။ အများပိုင်မြေယာတွေရှိရမယ်။ ဒါပေမယ့် အခု ဒီကျေးရွာ ၂၅ရွာမှာက စားကျက်မြေဆိုတာလုံးဝမရှိဘူး။ ဆုံးရှုံးသွားတဲ့ လယ်ယာမြေတွေကို ပြန်ရရှိအောင် အဆင့်ဆင့် တောင်းဆိုခဲ့တယ်။ ဘာထူးခြားမှုမှ မရရှိခဲ့ဘူး။ အဲ့ကြောင့် ကျနော်တို့ရဲ့ ပြည်နယ်ဖြစ်တယ်။ ကျနော်တို့ရဲ့နယ်မြေဖြစ်တယ်။ ဘယ်သူမှ သတ်မှတ်ပေးစရာမလိုဘူး။ ကျနော်တို့မှာ လုပ်ပိုင်ခွင့်ရှိတယ်”ဟု ပြောဆိုသည်။

စားကျက်မြေအဖြစ် ဒွန်ဘန်ကျေးရွာတွင် (၁၁၁၅၃) ဧက၊ ဒွန်ဘုံးခကျေးရွာ (၁၅၉၉၈) ဧက ၊ ရှဒူးဇွပ်ကျေးရွာ (၁၃၅၉၇) ဧက ၊ မဂေါင်းတောင် (၁၅၉၉၈) ဧက ၊ လဝါးကျေးရွာ (၈၇၂၀) ဧက စသဖြင့် ကျေးရွာအသီးသီးတွင် သတ်မှတ်လိုက်ခြင်း ဖြစ်ပါသည်။

ဟူးဟောင့်ချိုင့်ဝှမ်းဒေသအတွင်း ကျေးရွာစုစုပေါင်း ၂၅ရွာရှိနေပြီး စားကျက်မြေအဖြစ်သတ်မှတ်ထားခြင်းမရှိသောကြောင့် ဒေသခံများကိုယ်တိုင် ၎င်းမြေယာများကို ပြန်လည်ရယူရန် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု သိရပါသည်။

ဒေသခံ ပြည်သူများအနေဖြင့် ဆုံးရှုံးသွားသည့် လယ်ယာမြေများကို ပြန်လည်ရရှိရန်အတွက် ၂၀၁၇ တွင်တစ်ကြိမ် မိမိတို့စားကျက်မြေကို သတ်မှတ်ခဲ့ပြီး၊ ၂၀၁၈ တွင်လည်း စားကျက်မြေ တရားဝင် သတ်မှတ်ပေးရန် နိုင်ငံတော်သမ္မတထံသို့ စာတင်ပြတောင်းဆိုခဲ့မှုပြုလုပ်ခဲ့သည်ဟု သိရသည်။

ဟူးဟောင့်ချိုင့်ဝှမ်းဒေသအတွင်းရှိ ဒေသခံပြည်သူများ၏ စာကျက်မြေများနှင့် လယ်ယာမြေများကို ၂၀၀၄ ခုနှစ် နောက်ပိုင်းကစပြီး နိုင်ငံတော်အစိုးရမှ ကျားထိန်းသိမ်းရေး နယ်မြေအဖြစ် သတ်မှတ်ခဲ့ပြီး၊ ၂၀၀၇ ခုနှစ် တွင် ယုဇနကုမ္ပဏီ ထပ်မံဝင်ရောက်လာခဲ့ပါသည်။

ထို့ကြောင့် လက်ရှိ ဟူးကောင်းဒေသ ကျေးရွာ ၂၅ရွာ၏ နယ်မြေ ၄၂၉၃၁၀၂.၉၆ ဧကခန့် သိမ်းဆည်းခံထားရကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်မှ သိရပါသည်။

Show More

Related Articles

Back to top button