သတင်း

ပျော်ရွှင် ဝမ်းနည်းမှုများနှင့် ၂၀၁၉ နှစ်ဟောင်း ကချင်သတင်းအကျဥ်းချုပ်

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကို ပျော်ရွှင်မှု၊ ဝမ်းနည်းမှုစတဲ့ ရသစုံနဲ့ ဖြတ်ကျော်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဆိုတော့ ပြီးခဲ့နှစ်က ကချင်ဒေသမှာ ဖြစ်ပျက်ခဲ့တဲ့ ထူးခြားဖြစ်စဉ် ၊ နိုင်ငံရေး၊ လူမှုရေး စတဲ့ကဏ္ဍစုံက သတင်းတွေကို အကျဉ်းချုပ် ပြန်လည်တင်ပြပေးလိုက်ပါတယ်။

၂၀၁၉ နှစ်သစ်မှာ ကချင်လူထုသာမက မြန်မာတစ်ပြည်လုံးကို လှုပ်ခါစေတဲ့သတင်းတစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒါကတော့ မြစ်ဆုံရေကာတာစီမံကိန်းကို ပြုလုပ်ဖို့ ဒေသခံတွေ၊ ဘာသာရေးအဖွဲ့အစည်းတွေ၊ လူမှုရေးအဖွဲ့အစည်းတွေ သဘောတူပေမဲ့ ပြည်ပရောက် လူတချို့ က ကန့်ကွက်နေလို့ အခုလိုဖြစ်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်ပဲ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ဒီထုတ်ပြန်ချက်ဟာ မှားယွင်းကြောင်းနဲ့ ဒေသခံတွေဟာ မြစ်ဆုံစီမံကိန်းကို အမြဲကန့်ကွက်မှာဖြစ်ကြောင်း ပြန်လည်ပြောဆိုခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ကချင်တစ်ပြည်နယ်လုံးပါဝင်တဲ့ မြစ်ဆုံရေကာတာ ဆန့်ကျင်တဲ့ဆန္ဒပြပွဲ မြစ်ကြီးနားမှာ ပြုလုပ်ခဲ့ပါတယ်။

ဒုတိယတစ်ခုကတော့ ဇန်နဝါရီလမှာပဲ ကချင်အမျိုးသားတွေရဲ့ နိုင်ငံရေးပန်းတိုင်ဟာ သီးခြားလွတ်လပ်တဲ့နိုင်ငံ ထူထောင်ရေးဖြစ်ကြောင်း ကချင်အမျိုးသားအစည်းအရုံး KNO က ဦးဆောင်ပြုလုပ်ပြီး ပြည်တွင်းပြည်ပ ကချင်လူထုကိုယ်စားလှယ်တွေပါဝင်တဲ့ အစည်းအဝေးကနေ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ အစိုးရတပ်တို့ တိုက်ပွဲဟာ ပြီးခဲ့တဲ့နှစ်က အလွန်နည်းပါးခဲ့ပါတယ်။ ဒါပေမဲ့ တပ်မတော်ဘက်က KIA တပ်စခန်းတချို့ကို သိမ်းပိုက်တဲ့တိုက်ပွဲတချို့တော့ ဖြစ်ပွားခဲ့ပါတယ်။

ထူးခြားမှုတစ်ခုကတော့ KIO/KIA ဟာ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဖြစ်တဲ့ တအာင်းတပ် TNLA ၊ ရက္ခိုင့်တပ် AA ၊ ကိုးကန့်တပ် MNDAA တို့နဲ့ ပူးတွဲ စစ်ရေးလှုပ်ရှားမှုမှာ ပါဝင်မှုမရှိခဲ့ပါဘူး။

သြဂုတ်လအတွင်း ဖြစ်ပွားခဲ့တဲ့ ပြင်ဦးလွင်၊ နောင်ချိုတိုက်ပွဲ၊ ကွတ်ခိုင်က အရပ်သားတချို့ သေဆုံးခဲ့တဲ့တိုက်ပွဲတွေမှာ ပါဝင်မှုမရှိခဲ့တာ တွေ့ရပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုမှာတော့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ၄ ဖွဲ့ဟာ အတူတူ ပါဝင်ခဲ့ပါတယ်။ ဧပြီလကုန်ပိုင်း မူဆယ်မှာ ပြုလုပ်တဲ့ အစိုးရဘက်က NRPC နဲ့ ဆွေးနွေးပွဲတစ်ခုအပြီးမှာ KIO/KIA ဟာ မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့အတူမဟုတ်ရင် Bilateral လက်မှတ်ရေးထိုးမှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

ပြီးတော့ ၈ နှစ်ကြာ စစ်ဘေးရှောင်ခဲ့တဲ့ ကချင်လူထုထဲက အိမ်ထောင်စု ၁၇ စုကတော့ ပထမအကြိမ် နေရပ်ပြန်ခဲ့ပါတယ်။ သူတို့ကို တပ်မတော်အစီအစဉ်နဲ့ လိုက်ပို့ခဲ့ပါတယ်။ အဲဒီနောက် ဖေဖော်ဝါရီလမှာ တစ်ကြိမ် စသဖြင့် ၃ ကြိမ်ပို့ဆောင်ကာ အခုနောက်ဆုံးထိတော့ နမ့်ဆန်ယန်မှာ အိမ်ထောင်စု ၉၈ စုနဲ့ လူဦးရေ ၅၀၀ ကျော်ရှိနေပါပြီ။

ဒါပေမဲ့လည်း ဒါဟာ လုံခြုံပြီး ဂုဏ်သိက္ခာရှိတဲ့ နေရပ်ပြန်မှု အစီအစဉ်မဟုတ်ကြောင်း နမ့်ဆန်ယန်ဒေသခံတွေရဲ့ အိမ်ပြန်တာကို ဝေဖန်မှု အများအပြား ဖြစ်ခဲ့ပါတယ်။ အခု ၂၀၂၀ မှာတော့ ကျေးရွာ ၁၀ ခုက စစ်ဘေးရှောင် လူဦးရေ ၃,၀၀၀ ကျော်ကို နေရပ်ပြန်ပို့ဖို့ ကချင်လူသားချင်းစာနာထောက်ထားမှုအဖွဲ့ KHCC က ကြိုးစားနေပါတယ်။

တိုက်ပွဲအတွင်းပိတ်မိပြည်သူတွေ လွတ်မြောက်ရေး ဆန္ဒပြပွဲ ဦးဆောင်ခဲ့တာကြောင့် ထောင်ဒဏ် ၆ လ ချမှတ်ခံရတဲ့ ဦးလွမ်းဇောင်၊ ဦးဇော်ဂျတ်နဲ့ ဒေါ်နန်ပူတို့ ၃ ဦးကို ‘MUSHE’ ဆိုတဲ့ ဂုဏ်ပြုဆု ကချင်လူထုက ပေးအပ်ခဲ့ပါတယ်။ သူတို့ ၃ ဦးစလုံး ဧပြီလမှာ လွတ်မြောက်လာခဲ့ပါတယ်။

နောက်ထပ်တစ်ခုက ကချင်စစ်ဘေး ၈ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် လမ်းဘေးတေးသရုပ်ဖော်မှုကို ဦးဆောင်ခဲ့တဲ့ ကိုပေါလု နဲ့ မဆိုင်းနူးပန်တို့ ၂ ဦးကို ငြိမ်းစုစီ ပုဒ်မ ၁၉ နဲ့ မြစ်ကြီးနားမြို့နယ်တရားရုံးက ထောင်ဒဏ် ၁၅ ရက်စီ စက်တင်ဘာလမှာ ချမှတ်ခဲ့ပါတယ်။ အဲဒီလို စီရင်ချက်ချမှတ်မှုဟာ တရားမျှတမှုမရှိဘူးလို့ဆိုပြီး တရားသူကြီးကို ချိန်ခွင်ပျက်ပေးတဲ့ ကိုပေါလု ကို ထောင်ဒဏ် ၃ လ ထပ်မံ ချမှတ်ခဲ့ပါတယ်။ သူတို့ ၂ ဦးဟာ ၂၀၁၉ ခုနှစ်အတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုကို ကာကွယ်သူအဖြစ် Pen Myanmar က ဂုဏ်ပြုချီးမြှင့်ခဲ့ပါတယ်။

နိုင်ငံရေးပါတီဘက်မှာတော့ Kachin Democratic Party (KDP), Kachin State Democracy Party (KSDP), Unity and Development Party for Kachin State (UDPKS) ပါတီ ၃ ခု တရားဝင်ပေါင်းစည်းပြီး ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) အဖြစ် ပါတီမှတ်ပုံတင်ကို ဇွန်လမှာ ရရှိခဲ့ပါတယ်။ ပါတီသစ်မိတ်ဆက်ပွဲကို ဇူလိုင်လက မြစ်ကြီးနား မဂျွယ်ခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။

ဒီဇင်ဘာလမှာတော့ KSPP ပေါင်းစည်းပါတီမှာ ပြည်ထောင်စုတိုင်းရင်းသားများဖက်ဒရယ်ဒီမိုကရေစီပါတီ (UNFDP)လည်း ပါဝင်ခဲ့ပါတယ်။

တရုတ်ငှက်ပျောခြံကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။ တစ်သျှူးငှက်ပျောခြံသုံးပိုးသတ်ဆေးကြောင့် ဝိုင်းမော်အောင်မြေ ၂ ကျေးရွာမှာ ငါးအစုလိုက် အပြုံလိုက် သေဆုံးမှုတွေ ဖြစ်ခဲ့ပြီး ဝါရာယန်ကျေးရွာမှာလည်း အလားတူဖြစ်ပျက်မှုတွေ ရှိခဲ့ပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံနဲ့ ကချင်ပြည်နယ်အစိုးရအဖွဲ့ တို့ ဦးဆောင်ပြုလုပ်မယ့် နန်ကျင်စီးပွားရေးဇုန်ကိုလည်း ဒေသခံတွေက ကန့်ကွက်နေကြပါတယ်။

လူဝင်မှုကြီးကြပ်ရေးဌာနကတော့ တရားမဝင်တရုတ်နိုင်ငံသားအလုပ်သမားတွေကို ဖမ်းဆီးပြီး ပြည်နှင်ဒဏ်ပေးတာတွေ ပြုလုပ်ခဲ့ပါတယ်။

၂၀၁၉ ခုနှစ်အတွင်း အားကစားမှာတော့ MMA ထိုးသတ်ပွဲနဲ့ ကျိုရှင်းကာရာတေးပြိုင်ပွဲတွေက နာမည်ကြီးခဲ့ပါတယ်။ အောက်တိုဘာလ ဂျပန်မှာပြုလုပ်ခဲ့တဲ့ MMA light heavy weight ပြိုင်ပွဲမှာ အောင်လအင်ဆန်က ဘရေဒန်ဘေရာကို အနိုင်ယူခဲ့ပါတယ်။

တစ်ဖက်မှာလည်း စစ်ဘေးရှောင်စခန်းက လူငယ်တစ်ဦးအပါအဝင် ကချင်လူငယ်အဖွဲ့ဟာ စင်ကာပူ၊ ဂျပန်နိုင်ငံတွေမှာ ကျင်းပခဲ့တဲ့ ကျိုရှင်းကရာတေးပြိုင်ပွဲတွေမှာ ပထမဆုတွေ ဆွတ်ခူးရရှိခဲ့ပါတယ်။

နောက်ဆုံးမှာတော့ ၂၀၁၉ ဟာ ကချင်မျိုးနွယ်စုတွေကြား အမည်နာမနဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေ များစွာဖြစ်ပျက်ခဲ့လို့ ကချင်ပြည်နယ်နေ့ မနောပွဲကိုပင် ဖျက်သိမ်းလိုက်ရပါတယ်။

ဒါကြောင့် အခု ၂၀၂၀ မှာတော့ ဆွေးနွေးအဖြေရှာမှုနဲ့ စည်းလုံးစွာ နေထိုင်ဖို့ အကြံပြုရင်း ၂၀၁၉ သတင်းအကျဉ်းချုပ်ကို တင်ပြလိုက်ရပါတယ်။

Show More

Related Articles

Back to top button