သတင်း

ရှဒူးဇွပ် ကျေးရွာဈေး ကိုယ်ထူကိုယ်ထ ပြန်လည်ဆောက်လုပ်ရန် ဒေသခံများတောင်းဆိုထား

လီဒိုလမ်းမပေါ် ရှဒူးဇွပ်ကျေးရွာရှိ မီးလောင်သွားသည့် ဈေးကြီးအား ဒေသခံများကိုယ်တိုင် ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ဆောက်လုပ်ရန် ဖားကန့်မြို့နယ်သို့ စာတင်ထားကြောင်း သိရပါသည်။

စည်ပင်ဌာနမှ ပြန်လည်တည်ဆောက်ပေးလျှင် အနည်းဆုံး ၇ လခန့်ကြန့်ကြာနိုင်သဖြင့် ဒေသခံများကိုယ်တိုင် ဆောက်လုပ်ရန် တောင်းဆိုခြင်းဖြစ်ကြောင်း ဝရာဇွပ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးနော်ဒီး ပြောပါသည်။

“ အစကတော့ ကိုယ်ထူကိုယ်ထဈေးကို စည်ပင်သာယာရေးဌာနနေနဲ့ ဦးဆောင်ပြီးဆောက်ပေးဖို့တင်ပြထားတယ်။ ဒါပေမယ့် စည်ပင်သာယာရေးဌာနအနေနဲ့ဆောက်ရင် အနည်းဆုံး ၇ လလောက်တော့ကြာနိုင်တယ်။ အဲဒါကြောင့် ဒေသခံတွေအနေနဲ့ ကိုယ်တိုင်ဆောက်ရင် ၃လောက်ဆိုပြီးနိုင်တယ်ဆိုပြီး စည်ပင်သာယာကနေ ဆောက်ပေးတာကိုလက်မခံတော့ဘူး။ ကိုယ့်ကိုကိုယ်ပဲ ဆောက်ဖို့ စာတင်ထားတာ ၅ ရက်ရှိနေပြီ။ ခုချိန်ထိ ဘာအကြောင်းမှ မပြန်သေးဘူး။” ဟု အုပ်ချုပ်ရေးမှူး ဦးနော်ဒီး ဆိုပါသည်။

စည်ပင်သာယာရေးဌာနမှလည်း ရှဒိုးဇွပ်ကျေးရွာဈေး ပြန်လည်တည်ဆောက်ရန်အတွက် အသေးစိတ်အစီစဉ်ဆောင်ရွက်နေကြောင်း စည်ပင်ဝန်ကြီး ဦးနော်လီ ပြောပါသည်။

“ကျနော်တို့ စည်ပင်ဌာနအနေနဲ့တော့ ရေတွင်း၊ ရေစင်တွေဆောက်ပေးဖို့အတွက် သိန်း၂၅၀ကျော်ကုန်ကျမှာဖြစ်တယ်။ ပြီးတော့ ဈေးပြန်ဆောက်ရန် ဆောက်မယ့်ဈေး ဒီဇိုင်းဆွဲပေးတယ်။ ငွေရေးကြေးရေးကိုကျတော့ ဈေးဆောက်လုပ်ရေးကော်မတီက ကိုင်မှာဖြစ်တယ်။ ဆိုင်ခန်းတစ်ခန်းကို ၄သိန်းကုန်ကျမယ်။ ဒါပေမယ့် ကုမ္မဏီတစ်ခုက တစ်ခန်းကို ၁ သိန်းစီ စိုက်ပေးတဲ့အတွက် ဆိုင်ခန်းပိုင်ရှင်တွေအနေနဲ့ ၃သိန်းစိုက်ရမှဖြစ်တယ်။” ဟု ဝန်ကြီး ဦးနော်လီ က ဆိုသည်။

လက်ရှိသည် ဈေးမီးလောင်သွားသည့်အတွက် ဈေးသည်များအနေဖြင့် ၎င်းတို့အိမ်များ၌ရောင်းချကြပြီး အချို့ဈေးသည်များသည် ယခင်က ကုန်စိမ်းဈေးတန်းဟောင်းတွင် ရောင်းချနေကြကြောင်း သိရပါသည်။

ဆိုင်ခန်းပေါင်း ၁၄၀ ကျော်ရှိသည့် ရှဒူးဇွပ်ဈေးကြီးသည် ၂၀၁၉ ဒီဇင်ဘာ ၃၀ရက်နေ့ညတွင် မီးလောင်ခဲ့ခြင်းဖြစ်သည်။

Show More

Related Articles

Back to top button